Tuesday, January 24, 2017

မောင်တောဒေသရှိ ၀ါးပိတ်ကျေးရွာကို စံပြကျေးရွာအဖြစ် တည်ဆောက်ရန် ဆောင်ရွက်လျှက်ရှိ

နေပြည်တော် ဇန်န၀ါရီ ၂၄
ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ်များတွင် မီးလောင်ကျွမ်းခဲ့သည့် ၀ါးပိတ်ကျေးရွာကို စံပြကျေးရွာအဖြစ် စနစ်တကျ ထူထောင်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိသည်။

``မီးလောင်ခဲ့တဲ့ ၀ါးပိတ်ကျေးရွာကို မောင်တောဒေသမှာ စံပြကျေးရွာအဖြစ်စနစ်တကျ ပြန်လည်ထူထောင်သွားမယ်၊ စံပြ ကျေးရွာအဖြစ်တည်ဆောက်ဖို့ အခုလောလောဆယ် မြေနေရာရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတွေပူးပေါင်း ဆောင်ရွက်ဖို့ ဖိတ်ခေါ်ပါတယ်´´ဟု မောင်တောမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် ကျီးကန်းပြင် အခြေခံပညာအထက်တန်း ကျောင်းခွဲ၌ကျင်းပသည့် မောင်တော မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များနှင့် ကျီးကန်းပြင်နှင့် ၀ါးပိတ်ကျေးရွာများမှ ဒေသခံပြည်သူများ တွေ့ဆုံပွဲတွင် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖဒေသခံပြည်သူများသည် စံပြကျေးရွာ တည်ဆောက်ရန်လျာထားသည့် ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ ကျီးကန်းပြင် - ဇင်ဘိုင်ညာသွား ကားလမ်းဘေး ၀ဲ/ယာနှင့် နွားရုံတောင်ကျေးရွာအုပ်စုရှိ ကျီးကန်းပြင် - ကြိမ်ချောင်းသွား ကားလမ်းဘေး ၀ဲ/ယာ များသို့ သွားရောက်ကြည့်ရှုလေ့လာ ခဲ့ကြသည်။
``ကျွန်တော်တို့ကျေးရွာကို စံပြကျေးရွာအဖြစ်ပြန်လည် ထူထောင်ပေးမယ်ဆိုလို့ ၀မ်းသာရပါတယ်၊ စံပြကျေးရွာဖြစ်ဖို့ ကျွန်တော်တို့ပါဝင်ကူညီ သွားမှာပါ၊ ကျွန်တော်တို့ ကိုယ့်အိမ်နဲ့ကိုယ် နေချင်ပါတယ်။´´ ၀ါးပိတ်ကျေးရွာသား မာမွတ် အာမိန်က ပြောသည်။

ကျီးကန်းပြင်အလယ်ရွာသား မာမွတ်နာဆဲက ``စံပြကျေးရွာထူထောင်ရန်ကို ကန့်ကွက်ဖို့မရှိပါဘူး၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်ပေးစေလိုပါတယ်။ အားလုံးဝိုင်းဝန်းကူညီသွားမှာပါ´´ ဟု ပြောကြားသည်။  

No comments:

Post a Comment