Monday, January 16, 2017

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သယံဇာတအရင်းအမြစ်များရေရှည်တည်တံ့ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးမှုရည်မှန်းချက်ပြည့်မီစေရေး ကွင်းဆင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ လေ့ကျင့်ရေးသစ်တော(၅၀၀)ဧကသို့ ရောက်ရှိရာ ကျောင်းအုပ် ကြီးနှင့် တာဝန်ရှိသူများက လေ့ကျင့်ရေး သစ်တောအတွင်း ကျောင်းသားများ စာတွေ့၊ လက်တွေ့သင်ကြားပြသပို့ချမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

၎င်းနောက် ပြင်ဦးလွင်မြို့၊ ထင်းကြိုးဝိုင်းအတွင်းစမ်းသပ်စိုက်ပျိုးထားသည့် ကြီးမြန်သစ်မျိုး ဖြစ်သော Albizia (သစ်မကျီး) စမ်းသပ်စိုက်ခင်းအားကြည့်ရှု့စစ်ဆေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့၊ ကျီးကိုင်ကျေးရွာ ဒေသခံပြည်သူများက ထိန်းသိမ်းထားသည့် ရေထိန်းတောနှင့် ရေကန်အား ကြည့်ရှုစစ်ဆေး၍ သစ်တောထိန်းသိမ်းရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် ရင်းနှီး ပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းနောက် ပြင်ဦးလွင်မြို့၊ ပုဂ္ဂလိကကော်ဖီစိုက်ခင်းများအား သဘာဝတောများတွင်လည်းကောင်း၊ ခါတော်မှီ၊ မက္ကဒေးမီးယား အပင်များနှင့်လည်းကောင်း  တွဲဘက်၍ စမ်းသပ် စိုက်ပျိုးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ မန္တလေးကော်ဖီဂရု ကုမ္ပဏီလီမိတက်၏ ကော်ဖီထုတ်လုပ်မှု အဆင့်ဆင့်နှင့် ပြည်ပတင်ပို့ရန်အတွက် စံသတ်မှတ် အဆင့်အတန်းခွဲခြား ဆောင်ရွက်မှုတို့ကို လေ့လာကြည့်ရှုသည်။
ဆက်လက်၍ ဇီးပင်ကြိုးဝိုင်းအတွင်း ၁၉၈၄ ခုနှစ် စိုက်ပျိုးတည်ထောင်ခဲ့သည့် ကျွန်း၊ ထင်းရှုးရောနှောစိုက်ခင်း (၅၅၀) ဧကနှင့်   ဘန့်ဘွေးကျေးရွာ၊ သစ်တော ဦးစီးဌာန၊အမြဲတမ်းပျိုး ဥယျာဉ်ရှိ လိပ်ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိရာ Wildlife Conservation Society (WCS) မှ လိပ်ကျွမ်းကျင်ပညာရှင် ဒေါက်တာကလျာ က စခန်းသို့ ကြည့်ရှုစစ်ဆေးသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တော ကျောင်းသို့ ရောက်ရှိ၍ ဆရာများ၊ ကျောင်းသားများနှင့် ဝန်ထမ်းများ အား ကျွန်းရတနာခန်း၌ တွေ့ဆုံ အမှာစကားပြောကြားသည်။ ၎င်းနောက် ကျောင်းဝင်းအတွင်းနှင့် သစ်တောကျောင်းပြတိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ၎င်းနောက် အစည်းအဝေး ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာများ၊ ဦးစီးရုံးချုပ်မှ အရာရှိကြီးများအား တွေ့ဆုံကာ သစ်တောကျောင်း (၂)နှစ်သင်တန်းနှင့် ဒီပလိုမာ သင်တန်း ဖွင့်လှစ်ရေးတို့နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၅ ရက်တွင် ကျောက်ဆည်မြို့၊ သံတော်မြတ် ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံသို့ သွားရောက်၍ ကုန်ကြမ်း ထုံးကျောက်ထုတ်လုပ်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ စဥ့်ကိုင်မြို့နယ်ရှိ ကံကောင်းခြင်း ရတနာထုတ်လုပ်မှုလုပ်ငန်းကုမ္ပဏီလီမိတက်၏ သစ်အချောထည်စက်ရုံသို့ ရောက်ရှိရာ ဒါရိုက်တာ ဦးနိုင်နိုင်လင်းက စက်ရုံလည်ပတ်ဆောင်ရွက်မှု၊ ကုန်ကြမ်း သစ်လုံးရရှိမှု၊ သစ်တောစိုက်ခင်း တည်ထောင်ဆောင်ရွက်မှု၊ အထပ်သားများအား ပြည်တွင်း၊ ပြည်ပ ဈေးကွက်သို့ တင်ပို့ဆောင်ရွက်မှု၊ ဝန်ထမ်းသက်သာ ချောင်ချိရေး ဆောင်ရွက်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စက်ရုံအတွင်း အထပ်သားထုတ်လုပ်မှုအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment