Tuesday, January 17, 2017

မဏ္ဍိုင်(၄)ရပ် မြင့်မြတ်တာဝန်

ဦးဟန်ညွန့်(ဥပဒေ)
လောကပါလတရားများ
''နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေရမည်'' ဟူသည့် အခြေခံဥပဒေများ၏ အဓိက မူဝါဒသဘောကို တက္ကသိုလ်ဥပဒေကျောင်းသားဘဝကပင် ရင်ခုန်စွဲလမ်း အမြဲတမ်း အလွတ်ကျက်ခဲ့သည့် စာပိုဒ်ဖြစ်ခဲ့ပါပေသည်။ တစ်ဆက်တည်း ခေါင်းထဲစွဲနေခဲ့သည့် မဏ္ဍိုင် (၃)ရပ်ကလည်း ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ဖြစ်သည့်အတွက် နေ့စဉ်ရက်ဆက် အသက်ခန္ဓာပမာ ကျင့်သုံးရွက်ဆောင်ခွင့်ရခဲ့သည့် ဥပဒေဝန်ထမ်းတစ်ဦး ဖြစ်နေခဲ့သောကြောင့် ထဲထဲဝင်ဝင် ခုံမင်နှစ်သက် ထမ်းရွက်ခွင့်ရခဲ့ပြန်ပါသည်။ မဏ္ဍိုင် (၃) ရပ်အပြင် စတုတ္ထမဏ္ဍိုင်ဟု ကမ္ပည်းတင်သည့် ''သတင်းမီဒီယာ'' ကဏ္ဍကိုပါ တာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်ဖို့ သမိုင်း လက်ဆင့်ကမ်း အမွေရခဲ့ပြန်ပေသောကြောင့် ''မဏ္ဍိုင်(၄)ရပ် မြင့်မြတ်တာဝန်'' ဟု မော်ကွန်းတင်ရမည်သာ ဖြစ်ပါပေသည်။

ပြန်ကြားရေးဝန်ကြီးရုံး
၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ နေပြည်တော် ပြန်ကြားရေးဝန်ကြီးရုံးတွင် မိတ်ဆွေအပေါင်း နှစ်ထောင်းအားရ ဆုံတွေ့ခဲ့ကြသည်။ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်၍ သတင်း၊ မီဒီယာသမား များ စုံလင်စွာ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိလူကြီးမင်းများပါ မဏ္ဍိုင်(၃)ရပ်နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာ တို့အကြား ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်၊ ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက်အလက် များပေးပို့နိုင် ရန်ရည်ရွယ်ချက်များ အခြေခံ၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ခြင်းပါ။
အလေ့အထစွဲမြဲသွားဖို့
''အရင်ကတည်းက ကျွန်တော်တို့ဌာနအနေနဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို မီဒီယာတွေနဲ့ ချိတ်ဆက်ပြီး ကွန်ရက်တစ်ခုကို ဆောင်ရွက်ထားပါတယ်။ ပြောရေးဆိုခွင့်ရှိသူတွေကို မီဒီယာတွေနဲ့ ဆက်ဆံရေးအတွက် သင်တန်းပေးတယ်။ ပြောရေးဆိုခွင့်ရှိသူတွေနဲ့ မီဒီယာတွေ ကို တွေ့ဆုံပွဲတွေ ဆောင်ရွက်ပေးတာရှိတယ်။ အဲဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆက်စပ်မှုရှိသွားအောင် အခြေခံအဖြစ် ဆောင်ရွက်ပေး ထားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းက မီဒီယာသမားတွေက ပြောရေး ဆိုခွင့်ရှိသူတွေလို့ သတ်မှတ်ထားတဲ့သူတွေကို ဆက်သွယ်မေးမြန်း ခြင်းအားဖြင့် သူတို့ရဲ့အလုပ်ကို ပီပီပြင်ပြင်လုပ်ဖြစ်သွားအောင် သတင်း မီဒီယာသမားတွေဘက်က ကူညီပေးရာလည်း ရောက်တယ်။ သတင်းမီဒီယာ သမားတွေအနေနဲ့ ပြောရေးဆိုခွင့်ရှိသူတို့နဲ့ ဆက်ဆံရေးရှိနေတော့ သတင်းရတာပေါ့။ အရင်တုန်းက ပြောရေးဆိုခွင့်ရှိသူတွေနဲ့ ခန့်ခဲ့ပေမယ့် နောက်ပိုင်းသိပ်ပီပြင်မှုမရှိတော့ အခုဒါကိုပဲ ပြန်တည်ဆောက်တဲ့ သဘောပါ။ သူတို့ကို သင်တန်းပေးတဲ့နေရာမှာ သတင်းမီဒီယာကောင်စီက တာဝန်ရှိသူတွေရော၊ နိုင်ငံတကာက ကျွမ်းကျင် ပညာရှင်တွေနဲ့ပါ လေ့ကျင့်ခန်းတွေလုပ်တယ်။ သတင်းမီဒီယာသမားတွေကလည်း သတင်းရရှိမှုအတွက် ကြိုးစားယူရမှာ ဖြစ်သလို တာဝန်ရှိသူတွေကလည်း ကိုယ်ပေးလိုက်တဲ့ သတင်းအချက်အလက်က တစ်စုံတစ်ရာများ ထိခိုက်မလား စဉ်းစားရတာရှိတယ်။ သတင်းအချက်အလက်တွေကို ဖြန့်ဝေပေးခြင်း ဆိုတာကိုလည်း ကိုယ့်တာဝန်ဆိုတာ သူတို့တွေလက်ခံနိုင်ဖို့နဲ့ အလေ့အထ စွဲမြဲသွားဖို့လည်း လိုတယ်။ ဒါဟာလည်း လုပ်ရင်းကိုင်ရင်း အလေ့အကျင့် ဖြစ်အောင် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က သတင်းထောက်များ၏အမေးကို အေးဆေးတည်ငြိမ်စွာ ဖြေသည်။
သတင်းမီဒီယာ၏ သဘောတရား
သတင်းမီဒီယာ၏ သဘောတရားဆိုတာဘာလဲ။
(၁) အမှီအခိုကင်းခြင်း၊ (၂) မည်သူတစ်ဦးတစ်ယောက်ကိုမျှ မိမိကျေးဇူးအတွက် အသုံးချခံမဖြစ်ရ၊ (၃) ပြည်သူတို့၏ ကိုယ်စား၊ အစိုးရ အဖွဲ့ ဘယ်လိုပြောင်းပြောင်း၊ သတင်းမီဒီယာ၏ ရပ်တည်ချက် မပြောင်းပါ၊ (၄) ကျွမ်းကျင်မှုရှိတဲ့ မီဒီယာ၊ ကျင့်ဝတ်လိုက်နာတဲ့ မီဒီယာ၊ (၅) သတင်း အချက်အလက်ရပိုင်ခွင့်ရှိတဲ့ မီဒီယာ၊ သတင်းမြန်ဖို့၊ မှန်ဖို့၊ ပြည့်စုံဖို့ အဓိက ပါဟု သတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက တင်ပြသည်။
အုပ်ချုပ်ရေးဘက်ကအမြင်
''သတင်းထောက်တွေက သတင်းရဖို့၊ သတင်းယူဖို့ပဲ သိတယ်။ ဌာနတွေကို ဆက်ဆံတာ ရိုင်းတယ်။ ဝတ်စားဆင်ယင်မှု ကအစ မယဉ်ကျေးဘူး။ တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်တယ်။ ဒီသတင်းမပေးရင်ဘဲ ဘာဖြစ်တော့ မလိုလို။ ဆရာတို့လူတွေကို ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုဝတ်စား ဆိုတာတွေ သင်တန်းပေးပါဦး''ဟု ပွင့်လင်းစွာဆိုသည်။
''တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ သူက ကျွန်တော် သတင်းထောက်ပါလို့ တယ်လီဖုန်းထဲက ပြောတာကို ယုံကြည်ပြီး ရုံးဌာနသတင်းတွေကို အလွယ် တကူပေးရမှာလား ဆရာရယ်''ဟု ဓမ္မဓိဋ္ဌာန်ကျသည့် မေးခွန်းကိုလည်း မေးမြန်းပါသည်။
တရားစီရင်ရေးဘက်ကအမြင်
''တရားရုံးတွေမှာ ပြည်ထောင်စုအဆင့်ကစပြီး မြို့နယ်အသင်းအထိ သတင်းပြန်ကြားရေးအရာရှိတွေ ခန့်ထားပြီးသားပါ။ တရားရုံးဆိုတော့ အကန့်အသတ်တော့ ရှိစမြဲပါ။ လိုအပ်တာထက် လွန်ကဲပြီး လိုက်လျောဖို့တော့ မဖြစ်နိုင်ပါ။ တရားရုံးဆိုတာ Open court ဖြစ်ပါတယ်။ လူတိုင်း နားထောင်ခွင့်ရပါတယ်။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် သွားမှာပါ''ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ထွန်းက ပြောသည်။
ထိုနေ့က တက်ရောက်လာသော သတင်းမီဒီယာသမား တော်တော်များများ က ''တရားရုံးတွေမှာ သတင်းယူရတာ အခက်ဆုံးပဲ။ ပြီးတော့ စစ်မက်ဖြစ်ပွားရာ ဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာနေရာဒေသတို့၌ သတင်းရယူမှု အခက်အခဲတွေ ရှိနေဆဲပါ။ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေကလည်း သတင်းမီဒီယာဥပဒေ ပြဋ္ဌာန်းချက် တွေကို ဖတ်ရှုလေ့လာမှု အားနည်းတယ်လို့ ထင်ပါတယ်''ဟု ပွင့်လင်းစွာထောက်ပြသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ ကလည်း သတိပြုဆောင်ရွက်မည်ဟု ယုံကြည်ကြသည်။
ဥပဒေပြုရေးကဏ္ဍ
ဥပဒေပြုရေးကဏ္ဍနှင့် စပ်လျဉ်း၍ ဖိတ်ကြားထားသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများက ဆိုင်ရာကဏ္ဍ အလိုက် ဖြေရှင်းတင်ပြကြသည်။ ဆက်လက်ဆောင်ရွက်စရာများကိုလည်း မှတ်သားဆောင်ရွက် မည် ဖြစ်ကြောင်း ဆွေးနွေးကြသည်။ ဥပဒေပြုရေးကဏ္ဍသည် လွန်စွာကျယ်ပြောလှပေသည်။ ဤကဏ္ဍနှင့် ဆက်စပ်၍ ''ဥပဒေပြဋ္ဌာန်း ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးရှိသည့် ဥပဒေဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းစေရန် တည်ဆဲဥပဒေများကို ပြန်လည် သုံးသပ်ခြင်း၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်းတို့ ပြုလုပ်ရန်လိုကြောင်း၊ ထို့အပြင် ပြည်သူများလေးစား လိုက်နာနိုင်သည့် ဥပဒေဖြစ်ရန်လည်း အထူးလိုအပ်ပါကြောင်း၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မည်ဆိုပါက သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ယုံကြည်မှု ရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအတွက်၊ အနာဂတ်မျိုးဆက်များအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန် ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း...'' စသည်ဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ခရီးစဉ်၌ ပြောကြားခဲ့သော အမှာစကားကိုလည်း မှတ်သားသတိထားခဲ့မိသည်။
(၉-၁-၂ဝ၁၇ မြန်မာ့အလင်းသတင်းစာ)
ပြည်သူကရွေးကောက်
မဏ္ဍိုင်သုံးရပ်မှ ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူက ရွေးကောက်တင်မြှောက်ခံထားသည့် ပုဂ္ဂိုလ်များ၊ ပြည်သူကိုယ်စားပြု ထားသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် ပြည်သူကို မိမိတို့က ဘာတွေတာဝန်ယူဆောင်ရွက်နေသလဲဆိုတာ အစီရင်ခံရန် လိုအပ်မည်ဖြစ်ကြောင်း၊ မေးမြန်းမှုများကိုလည်း ဖြေကြားရန်လိုအပ်မည် ဖြစ်ကြောင်း၊ ပြည်သူတို့နှင့် မိမိတို့အကြား ကြားခံပစ္စည်း မီဒီယာများသည် ပြည်သူနှင့်ပေါင်းကူးပေးသည့် တံတားများပမာဖြစ်ကြောင်းလည်း ထိုနေ့က (အလုပ်ရုံ ဆွေးနွေးပွဲက) အသိပေးထောက်ပြခဲ့ပေသည်။
သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်
သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်များကို ထပ်တလဲလဲသတိရ၊ လက်တွေ့ဘဝတွင်လည်း သုံးစွဲနိုင်ကြစေရန် ထပ်မံတင်ပြရလျှင်-
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်းလွတ်လပ်စွာ ရေးသားထုတ်ဝေဖြန့်ချိခွင့် ရှိသည့် သတင်းမီဒီယာလုပ်ငန်းများ ဖြစ်ပေါ်စေရန်၊
(ခ) သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန်၊
(ဂ) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိစေရန်၊
(ဃ) သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်၊ ကျင့်ဝတ်၊ စည်းကမ်းနှင့် ကျင့်စဉ်များကိုဆိုင်ရာလုပ်ငန်း၊ အဖွဲ့အစည်း များအတွင်း သတ်မှတ်ရေးဆွဲရန်၊
(င) နိုင်ငံသားတိုင်း၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးရန်၊
(စ) သတင်းမီဒီယာတစ်ခုခုတွင် ရေးသားဖော်ပြထုတ်လွှင့်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တစ်စုံတစ်ယောက်၏ တိုင်ကြား ချက်၊ အငြင်းပွားချက်များကို နှစ်ဖက်ညှိနှိုင်းဖြေရှင်းသော နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းစေရန်တို့ဖြစ်ပါကြောင်း သတင်း မီဒီယာလောကသားများ၊ မဏ္ဍိုင် (၄)ရပ်မှ လုပ်ဖော်ကိုင်ဖက် ရဲဘော်အပေါင်းအား ထပ်လောင်း တင်ပြပါရစေ။
သတင်းသိပိုင်ခွင့်
''သတင်းသိပိုင်ခွင့်'' ဆိုသော စကားရပ်သည် အခွင့်ထူးခံမဟုတ်ရပါ။ နိုင်ငံသားတိုင်း၏ အခွင့်အရေးပါ။ တစ်ဖက်နှင့် တစ်ဖက် နားလည်မှုပေးကြပါ။ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ကြပါ။ သတင်းမီဒီယာ သမားများဘက်ကလည်း ရပိုင်ခွင့်ထက် ကျင့်ဝတ်များကို မမေ့ကြစေလိုပါ။ သတင်းမှားများ မပြုကြပါနှင့်။ သတင်းမှန်များသာ တင်ပြကြပါ။ သတင်းနှင့် အတင်းခွဲခြားတတ်ကြပါစေ။ ပြည်သူတွေကို အထင်မသေးမိကြ ပါစေနှင့်။ မှားယွင်းသတင်း၊ မတိကျ မမှန်ကန်သောသတင်းရေးမိ၊ ဖော်ပြမိလျှင် အချိန်မီပြင်ကြပါ။ အမှားကိုဝန်ခံကြပါ။ လိမ္မာပါးနပ်ကြပါစေ။ ယဉ်ကျေး သိမ်မွေ့ရည်မွန်သောသူများ ဖြစ်ကြပါစေ။ ဝတ်စားဆင်ယင်မှုမှအစ ပြည်သူ့ဘဝထဲက ပြည်သူ့သားသမီးများ ပီသကြပါစေ။ နေ့စဉ်ထုတ် သတင်းစာတွေမှာ သတင်းလိမ်၊ သတင်းမှားများကို သတင်းမှန်လို ယုန်ထင်ကြောင်ထင်ဖြစ်အောင်၊ ကမ္ဘာမှာ မြန်မာမျက်နှာငယ်အောင်၊ သိက္ခာကျအောင် မတော်မတရား သတင်းဖြန့်ကားနေကြသည့် အကြောင်း တွေ မြင်နေကြားနေရသည်။
ကျင့်ဝတ်လိုက်နာဖို့
သတင်းမီဒီယာဥပဒေ ပုဒ်မ (၉)တွင် နည်းပညာတစ်ခုခုသုံးပြီး မလျော်ကန်တာ မလုပ်ဖို့ (သူတစ်ပါးတိုင်းပြည်ကဖြစ်တဲ့ အဖြစ်အပျက် ဓာတ်ပုံကို မြန်မာပြည်မှာဖြစ်တဲ့ဓာတ်ပုံပမာ မပြောင်းလဲဖို့)၊ သတင်းဆောင်းပါးတွေမှာ မလျော်တဲ့အာဘော် မပါဖို့၊ အများပြည်သူ၏ အကျိုးစီးပွား၊ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်မစော်ကားဖို့၊ လူ့အခွင့်အရေးထိခိုက်စေသော အရေးအသားမျိုး ရှောင်ကြဉ်ဖို့၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးကို အကြောင်းပြုပြီး ပဋိပက္ခလှုံ့ဆော်ရေးသားမှု ရှောင်ကြဉ်ဖို့တွေ မမေ့စေနှင့်ဟု ထပ်မံရေုးဖို့လို ပါသေးသလား။ စဉ်းစားစေချင်သည်။ ဤသို့ဆိုလျှင်...။
ရလဒ် ၁၆ ချက်ဖြင့်

မဏ္ဍိုင် (၄) ချက် အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ် ၁၆ ချက်ကို ရင်ဝယ်ပိုက်လျက် နေပြည်တော်မှ တိုင်းဒေသကြီးနှင့် ပြည်နယ်များအထိ မဏ္ဍိုင် (၄) ရပ် မြင့်မြတ်တာဝန်ကို ဆက်လက်သယ်ဆောင်ပွားများသွား မည်ဖြစ်ပါကြောင်း...။ ။

No comments:

Post a Comment