Friday, January 20, 2017

စာပေဖတ်ရှုလေ့လာတတ်သည့်အလေ့အထရရှိစေရေး ပျော်ဘွယ်မြို့၊ လက်ပံတောကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်


ပျော်ဘွယ် ဇန်နဝါရီ ၂၀
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူလေးများ ပြင်ပဗဟုသုတရရှိစေမည့်စာပေများအား ဖတ်ရှုလေ့လာတတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ဇန်နဝါရီလ(၂၀)ရက်၊ နံနက်(၁၀)နာရီက ဘတ္တကျေးရွာအုပ်စု၊ လက်ပံတောကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စောင်နှင့်စာအုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဆရာကြီး ဦးဟန်သာက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပြခန်းတွင်ပြသထားသည့် အကြောင်းအရာများကို လေ့လာမှတ်သားနိုင်ရေးတို့ကို ဆွေးနွေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဖုန်းနိုင် က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ၊ ပြင်ပဗဟုသုတရရှိစေမည့်စာပေများအား ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအကြောင်းတို့ကို ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နိုင်ငံတော်အစိုးရ၏ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှတ်တမ်းများ၊ နေ့ကြီးရက်ကြီးများ အလိုက်သမိုင်းမှတ်တမ်းများ၊ ကျန်းမာရေးဆိုင်ရာဗဟုသုတများ၊ အထွေထွေဗဟုသုတများကို နံရံကပ်စာစောင် ပြုလုပ်ပြသခဲ့ပြီး စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုစေခဲ့ကြောင်း သတင်းရရှိသည်။

ပျော်ဘွယ် (ပြန်/ဆက်)

No comments:

Post a Comment