Monday, January 16, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နန်းယွန်းမြို့ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

လဟယ် ဇန်န၀ါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး လဟယ်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် လဟယ်မြို့ စာရာမေရိရိပ်သာ၌ လဟယ်မြို့ပေါ်ရှိ ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရဆရာများ ၊ သင်းအုပ်ဆရာများနှင့် တွေ့ဆုံသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇန်ီးနှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် လဟယ်မြို့မှ နန်းယွန်းမြို့သို့ ရောက်ရှိကြရာ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မြင့်စိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်လှ၊ မြို့မိမြိုဖများ၊ ရိုးရာယဉ်ကျေးမှု အဖွဲ့ဝင်များ၊ နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် နန်းယွန်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှုခံယူ နေကြသူများ အား အားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် နန်းယွန်းမြို့နယ် စုပေါင်းရုံး၌ ရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံ ပြည်သူများ၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်လှနှင့် မြို့နယ်နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးရွှေလန်းတို့က ဒေသဖွံဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက ဒေသလိုအပ်ချက်များအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ဆောင်ရွက်ပေးနိုင်သည်များကို အလေးအနက်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြပြီး ချက်ခြင်းခွင့်ပြုနိုင်သည်များကို ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတော်တစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ရေအားလျှပ်စစ် ထုတ်ယူရေးဆိုင်ရာ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စားနပ်ရိက္ခာ ထောက်ပံ့ရေးနှင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ကာလမှ မွေးဖွားပြီး ကလေး ၂ နှစ်သားအရွယ်အထိ အာဟာရ ထောက်ပံ့ရေးဆိုင်ရာ များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက  ကျောင်းအဆင့် တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လူနာတင်ယာဉ်ထောက်ပံ့ရေး၊ ကာကွယ်ဆေးထိုးနှံရေး၊ ငှက်ဖျားရောဂါပပျောက်ရေးနှင့် ကျန်းမာရေးအသိပညာပေးရေး အခြေအနေများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး  ဦးဝင်းခိုင်က ခန္တီး- လဟယ် - နန်းယွန်း လမ်းမကြီး အဆင့်မြင့်တင်ပြုပြင်ရေးနှင့် တံတားတည်ဆောက် ပေးမည့်အခြေအနေများကိုလည်းကောင်း  ရှင်းလင်းပြောကြားကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်လှတို့ထံ ဒေသဖွံ့ဖြိုးရေးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရဟတ်ယာဉ်များဖြင့် နန်းယွန်းမြို့မှ ခန္တီးမြို့သို့ရောက်ရှိကြပြီး ထိုမှတဆင့် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။

(သတင်းစဉ်)

No comments:

Post a Comment