Monday, January 16, 2017

မြန်မာ့ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၁/၂၀၁၇) အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ၁/၂၀၁၇ ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ(၁) ၌ ကျင်းပပြုလုပ်ရာ မြန်မာ့အထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးမှုတွင် အထူးစီးပွားရေး ဇုန်များ၏ အခန်းကဏ္ဍသည် အလွန်အရေး ပါသည့်အတွက် လက်ရှိဆောင်ရွက်ဆဲ အထူး စီးပွားရေးဇုန်များအား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန်များ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ အကြား ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်လာစေသည့် စီးပွားရေးအခြေအနေ ကောင်းများရရှိစေရေး နိုင်ငံတော် အတွက် အဘက်ဘက်မှ စွမ်းရည် ပြည့်ဝသော လူငယ်မျိုးဆက်သစ်များ ပေါ်ထွန်းလာ နိုင်ရေးတို့အတွက် နိုင်ငံတကာများနှင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို အကောင်အထည်ဖော်ပြီး ပြည်သူများသိရှိအောင် ပွင့်လင်း မြင်သာမှုရှိစေရေးတို့အား အလေးထားဆောင်ရွက်ရမှာ ဖြစ်ကြောင်း။
မြန်မာ နိုင်ငံအနေဖြင့် အထူးစီးပွားရေးဇုန်ကြီး (၃) ခုကို ဆောင်ရွက်လျက်ရှိပြီး ရှေ့ဆက်၍ စီးပွားရေးဇုန် သစ်များနှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို  ထပ်မံတိုးချဲ့ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် နိုင်ငံ၏ လက်ရှိလိုအပ်ချက်အရ  စီးပွားရေးအမြန်ဆုံး တိုးတက်အောင် အများပြည်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ၊ ပြည်ပရင်းနှီး မြှုပ်နှံသူများနှင့် ညှိနှိုင်းချုပ်ဆိုမည့် စာချုပ်များအတွက် ဥပဒေ ကျွမ်းကျင်သူပညာရှင်များ ပါဝင်ညှိနှိုင်း ဆောင်ရွက်ကြရန်လိုကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အထူးစီးပွားရေးဇုန်များ ဥပဒေနှင့်အညီ လိုက်နာသွားရမှာ ဖြစ်သလို ဒေသခံပြည်သူလူထု၏ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတို့ အပေါ် တွင်လည်း ထည့်သွင်းစဉ်းစားပေးကြရန် လိုအပ်ကြောင်း၊ မိမိတို့ ဗဟိုလုပ်ငန်းအဖွဲ့ အနေဖြင့် အစိုးရအဖွဲ့နှင့် ဗဟိုအဖွဲ့ တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသလို အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီများသည်လည်း အထက်အဖွဲ့အစည်း အဆင့်ဆင့်၏ လမ်းညွှန်ကြီးကြပ်မှုများနှင့်အညီ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အမျိုးသားအကျိုးစီးပွားများကို ဦးတည်ဆောင်ရွက်သွားကြရန်  လိုအပ်ကြောင်း၊ အထူးစီးပွားရေးဇုန်များ၏ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံနှင့် အလားအလာများကို အများပြည်သူ ထင်သာမြင်သာရှိအောင် ဆောင်ရွက် လာခြင်းအားဖြင့် ရင်းနှီးမြှုပ်နှံလိုသူများကို ဆွဲဆောင်နိုင်မှာ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသော ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်း အတွင်းဝန်များ၊ အထူးစီးပွားရေးဇုန် များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များ ဆွေးနွေး တင်ပြကြရာ ဆွေးနွေးချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာ များနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)  

No comments:

Post a Comment