Monday, January 16, 2017

မြန်မာ့ဆင်များထိန်းသိမ်းရေးလုပ်ငန်းစီမံချက် ရေးဆွဲခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society - WCS) တို့ပူးပေါင်း၍ မြန်မာ့ဆင်များ ကာကွယ်ထိန်းသိမ်းရေး စီမံချက် (မူကြမ်း) အား ပြန်လည်ဆန်းစစ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Myanmar Elephant Conservation Action Plan –MECAP Review Workshop) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင်Grand Amara ဟိုတယ်၊ နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  လက်ရှိအချိန်တွင် တောဆင်ရိုင်းများကို တရားမဝင်သတ်ဖြတ်နေမှု၊ လူနှင့်ဆင်ပဋိပက္ခ ဖြစ်ပွားမှု ကို ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးတွေ့မြင်သိရှိနေရကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရများမှလည်း တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရကြောင်း လူနှင့်ဆင်ပဋိပက္ခ ဖြစ်ပွားမှုများအား ပြည်ထောင်စု ဝန်ကြီးဌာနများနှင့် ပူးပေါင်းဖြေရှင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်တောဦးစီးဌာန အနေဖြင့်လည်း ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနှင့်အတူ ပူးပေါင်း၍အရေးကြီး ကိစ္စတစ်ရပ်အနေဖြင့် ဆောင်ရွက်နေသည် မှာအားလုံးအသိဖြစ်ကြောင်း၊ နိုင်ငံလူဦးရေ တိုးပွားလာခြင်းနှင့်အတူ အခြားမြေအသုံးချမှု များပြားလာခြင်းကြောင့် တောဆင်ရိုင်းများ၏ နေရင်းဒေသနှင့် ဆင်ကျက်စားနယ်မြေများ ကျဉ်းမြောင်းပျက်စီးလာခြင်းများမှာ တောဆင်ရိုင်း ကောင်ရေ ကျဆင်းလာမှုကို အဓိကဖြစ်ပေါ်စေခဲ့သည့်အပြင် တရားမဝင်သတ်ဖြတ်မှုများနှင့် သစ်ထုတ်လုပ်ငန်းများ အတွက် ဆင်ဖမ်းဆီးခဲ့မှုများ အပါအဝင် အခြားအကြောင်းရင်းခံများစွာမှလည်း သဘာဝတောအတွင်း တောဆင်ရိုင်း ကောင်ရေ လျော့နည်းကျဆင်းလာခဲ့၍  မြန်မာ့ဆင်မျိုးစိတ်များ ရေရှည်ရှင်သန်ထိန်းသိမ်းရေးအတွက် သိပ္ပံနည်းကျ သုတေသန လေ့လာဆန်းစစ်မှုများအခြေခံ၍ မြန်မာနိုင်ငံ၏ ပထမဆုံးဆင်ထိန်းသိမ်းရေး စီမံချက်ကို ပူးပေါင်းရေးဆွဲခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် တောဆင်ရိုင်းနှင့် အိမ်မွေးဆင်ကောင်ရေအများဆုံး ကျန်ရှိသည့်နိုင်ငံဖြစ်ပြီး ဆင်မျိုးစိတ်များနှင့်၎င်းတို့၏ ဂေဟစနစ်များရေရှည်တည်တံ့စေရေး ရည်ရွယ်၍ ဆင်အထူးပြု ထိန်းသိမ်းကာကွယ်ထားသည့် သဘာဝနယ်မြေ (၆) ခုအား တည်ထောင်ထားရှိကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့်  နှင့် ၃၀၀၀ ခန့်အကြားကျန်ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပြီး ယခုဆင်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် အတည်ပြုပြီး လက်တွေ့အကောင်အထည်ဖော်ရာတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုနှင့်အတူ သိပ္ပံနည်းကျ စာရင်းကောက်ယူမည်ဖြစ်ကြောင်း၊ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှလည်း မြန်မာ့ဆင်မျိုး စိတ်များဖြစ်သည့် တောဆင်ရိုင်းများ၏ စားကျက်မြေများ၊ အိမ်မွေးဆင်များ ထိန်းသိမ်းရေးလုပ်ငန်း စဉ်များကိုသာမက သတ်ဖြတ်ခံရမှုများမှ ထိရောက်စွာ ကာကွယ်တားဆီးရေး လုပ်ငန်းများနှင့် အချိန်ကာလအလိုက် ဆောင်ရွက်ရန်လုပ်ငန်းများကို ပြည့်စုံစွာ ထည့်သွင်း ရေးဆွဲမှသာ အနာဂတ်ဆင်မျိုးစိတ် ထိန်းသိမ်းရေး လုပ်ငန်းအတွက်အမှန်တကယ် ထိရောက်ပြီး လက်တွေ့အသုံးချနိုင် မည့် စီမံချက်အဖြစ်အောင်မြင်စွာ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် လုပ်ငန်းစီမံချက် (မူကြမ်း) အား နိုင်ငံတော်အစိုးရ အဖွဲ့သို့တင်ပြပြီး အတည်ပြုချက်ရယူ၍ အချိန်ကာလအလိုက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြား ခဲ့သည်။
ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ ဆင်ထိန်းသိမ်းရေး စီမံချက်များအကြောင်းကို WCS မှ Asian Elephant Coordinator Mr.Simon Hedges မှ ရှင်းလင်းတင်ပြသည်။ အဆိုပါ အလုပ်ရုံဆွေး နွေးပွဲကို ဇန်နဝါရီ ၁၆ ရက်မှ ၁၈ ရက်အထိ ကျင်းပ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment