Tuesday, January 17, 2017

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ကျပ်သိန်း ၃ဝဝဝဝ လှူဒါန်း

ရန်ကုန် ဇန်နဝါရီ ၁၆
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ငြိမ်းချမ်းရေး ရန်ပုံငွေ (NRPC-Peace Fund)ကို မြန်မာ့ စီးပွားရေးဘဏ် နေပြည်တော် ဘဏ်ခွဲ ငွေစုဘဏ်စာရင်းအမှတ် SF 004048 တွင် ဖွင့်လှစ်ထားရှိကြောင်း ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က နိုင်ငံပိုင်သတင်းစာများတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီး အလှူငွေများလက်ခံလျက်ရှိရာ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် အလှူငွေကျပ် သိန်းပေါင်း သုံးသောင်းကို ယနေ့တွင် ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ အောင်မြင်စေရေးအတွက် ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM)သည် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ခေတ်မီနိုင်ငံတော်သစ်ထူထောင်ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိကကျသဖြင့် အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ ပူးပေါင်းမှုစွမ်းအားဖြင့် တစ်ပြည်လုံး အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး အမြန်ဆုံး ပေါ်ထွန်းလာရေးအတွက် ငြိမ်းချမ်းရေးကို လိုလိုလားလား မျှော်လင့်နေမိပါကြောင်း တစ်နိုင်ငံလုံး အေးချမ်းသာယာမှ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်း (BFM)သည် နိုင်ငံတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ရှေ့ဆုံးမှတက်ကြွစွာ လူအား၊ ငွေအားဖြင့် ပံ့ပိုးကူညီပါဝင် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတွင်းသဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့အစည်း ၁၄ ခုသို့ အလှူငွေကျပ်သိန်း ၁ဝဝဝ စီဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၄ဝဝဝ လှူဒါန်းခဲ့ခြင်း၊ ၂ဝ၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တို့တွင် မီးလောင်မှုများဖြစ်ပွား ခဲ့ရာ ဖောင်ဒေးရှင်းအဖွဲ့ဝင် ကမ္ဘောဇဘဏ်ဝန်ထမ်း များက အချိန်နှင့်တစ်ပြေးညီ မီးဘေးသင့်ဒေသများသို့ သွားရောက်ကူညီဆောင်ရွက် လှူဒါန်းပေးခြင်းတို့ကို ဆောင်ရွက် ပေးခဲ့သည်။
ထို့အပြင် နိုင်ငံနှင့်အဝှမ်း သောက်သုံးရေရှားပါးခက်ခဲသော ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရန် စက်ရေတွင်းများတူးဖော်ပေးခြင်း၊ အိမ်တိုင်ရာရောက် ရေသွယ်တန်းပေးခြင်း၊ ရေဘောက်ဆာကားများ လှူဒါန်းပေးခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများ၊ စစ်ရှောင်ပြည်သူများ အအေးလွန်ကဲမှုဒဏ်မှ ကာကွယ်နိုင်ရန် အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ခေါင်းစွပ်ပါအနွေးထည် ၂ဝ၅ဝဝဝ ကို ပြည်ပမှမှာယူ လှူဒါန်းခဲ့ခြင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို ခွဲစိတ်ကုသပေးခြင်း၊ မသန်စွမ်းသူများ၏ ဘဝတိုးတက်မြင့်မားရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည့်အပြင် အခြေခံလူတန်းစားဘဝ မြင့်မားစေရေး၊ ဆင်းရဲမှုလျှော့ချရေးနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်း (Micro Finance) ကို ဆောင်ရွက်ပေး ခဲ့သည်။
ဖောင်ဒေးရှင်းအဖွဲ့ဝင်များဖြစ်ကြသော တစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် လီမိတက်မှ ဝန်ထမ်းများကလည်း အခါအားလျော်စွာ သွေးလိုအပ်လျက် ရှိသော နေရာများသို့ သွေးလှူဒါန်းပေးခဲ့ကြပြီး ပြည်ပနိုင်ငံများတွင် နေရပ်ပြန်ရန် အခက်အခဲရှိနေသော မြန်မာလုပ်သားဒုက္ခသည်များအား အမိမြန်မာနိုင်ငံသို့ အခမဲ့ အကြိမ်ကြိမ်ပြန်လည်ခေါ်ဆောင် ပေးခဲ့သည်။

ဒေါ်နန်းလိုင်းခမ်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ် အလင်းတန်းမြန်မာဖောင်ဒေးရှင်းသည် စတင် ဖွဲ့စည်းသည့် ၂ဝဝ၇ ခုနှစ်မှစ၍ ယနေ့အချိန်အထိ နိုင်ငံတော်နှင့် ပြည်သူအတွက် စုစုပေါင်းကျပ်ငွေ ၁၁၄ ဘီလီယံကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment