Tuesday, January 24, 2017

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်န၀ါရီ ၂၄
မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင် အစည်းအဝေး (၃/၂၀၁၇) ကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ကော်မရှင်အဖွဲ့၏ ကြိုးပမ်းအားထုတ် မှုကြောင့် အသေးစိတ်အစီရင်ခံစာ (မူကြမ်း) ကို စုစည်းရေးသားပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာ၌ မိမိတို့ကော်မတီက အဓိကဖော်ထုတ်စိစစ်ရမည့် လုပ်ငန်းကိစ္စရပ် (၈)ခုကို ခြုံငုံရေးသားထားသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယနေ့အစည်း အဝေးတွင် အစီရင်ခံစာပါ အချက်များနှင့်စပ်လျဉ်း၍ အသေးစိတ် ဖြည့်စွက်သင့်သည်များကို ဆက်လက်ဆွေးနွေးသွားရန် ဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်သည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မောင်တောဒေသလုံခြုံရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာ ပျံ့နှံ့တည်တံ့ရေးတို့အတွက် ဘက်လိုက်မှုမရှိဘဲ၊ လွတ်လပ် စွာ သုံးသပ်အကြံပြုရမည် ဖြစ်ပါကြောင်း။
အစီရင်ခံစာကို အကောင်းဆုံး၊ အပြည့်စုံဆုံး၊ ပြုစုတင်ပြသွားမည်ဖြစ်ပါကြောင်း၊ အစီရင်ခံစာ၌ အကြံပြုချက်များနှင့် စပ်လျဉ်း၍ အမြန်ဆုံးထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်ကိစ္စများကို အလေးထားဆက်လက် အကောင်အထည်ဖော်သွားရန် ညှိနှိုင်းတိုက်တွန်း သွားမည်ဖြစ်ပါကြောင်း၊ လုပ်သင့် လုပ်ထိုက်သည်များကို မြန်မြန် ထက်ထက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှသာ အလားတူ ဖြစ်စဉ်မျိုးမဖြစ်ပွားအောင် ကာကွယ်တားဆီး သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျင်းပပြီးစီးခဲ့သည့် ကော်မရှင်၏ (၂/၂၀၁၇) အစည်းအဝေးမှတ်တမ်းအား အတည်ပြုပြီး ကော်မရှင် အတွင်းရေးမှူး ဦးဇော်မြင့်ဖေက အစီရင်ခံစာ(မူကြမ်း) ရေးသားပြုစု ထားရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ခေါင်းစဉ်အလိုက် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်ကြည်၊ ဦးထွန်းမြတ်၊ ဒေါက်တာလှမောင်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါက်တာအောင်ထွန်းသက်၊ ဦးညွန့်ဆွေ၊ ဦးစောသလေးစော၊ ဒေါ်ကျိန်ငိုက်မန်၊ ရဲချုပ်ဇော်ဝင်း၊ ဦးအောင်နိုင်နှင့် ဦးသာဉာဏ်တို့က အစီရင်ခံစာ(မူကြမ်း)နှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ကော်မရှင်အဖွဲ့ဝင်များ၏ အကြံပြုတင်ပြချက်များအပေါ် ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment