Friday, September 2, 2016

ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၀)နှင့်(၁၁) အား စီရင်ချက် (အမိန့်) များချမှတ်


နေပြည်တော်   စက်တင်ဘာ  ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းက မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်အပေါ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ပေးပါရန်နှင့် ဒုတိယ မဲအများဆုံးရရှိသူ လျှောက်ထားသူသည်သာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာပေးပါရန် ၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၀/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ဆက်လက်ကြားနာစစ်ဆေးပြီး စက်တင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးကိုကိုနိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း၊ တရားစရိတ် ငွေကျပ် တစ်သိန်း တိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအား ပေးစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦးက မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်အပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ပေးရန်နှင့် ဒုတိယမဲ အများဆုံးရရှိသူ လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁၁/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ဆက်လက်ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးကျော်မြင့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း၊ တရားစရိတ် ငွေကျပ် တစ်သိန်း တိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအား ပေးစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment