Friday, September 2, 2016

စုံညီခုံရုံးက ရွေးကောက်ပွဲ အယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား စက်တင်ဘာ ၁၉ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်မည်


နေပြည်တော် စက်တင်ဘာ  ၂

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ)က ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး {လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)}


အပေါ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးလာမာလေးအား ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက် ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဇောင်းခေါင်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက်တွင် အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၂/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

 ယင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၂/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က  စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် {တိုင်းလိုင်း(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးရေးပါတီ] အပေါ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင်  ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက် ထားခံရသူ ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခံရခြင်း သည် ပျက်ပြယ်ခြင်းမရှိ အတည် ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုး၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဝေဖြိုးမှ ကျေနပ်မှု မရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၉၉ အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၃/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။


၎င်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၃/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်(သောကြာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ  ရုံးတော် သဟာယ၏ ဥပဒေ အကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (တနင်္လာ နေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment