Friday, September 2, 2016

ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမှတ်စဉ် (၁/၂၀၁၆) အစည်းအဝေးကျင်းပ


နေပြည်တော် စက်တင်ဘာ ၂

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၁၆) ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန၌  ကျင်းပရာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ တက်ရောက်အဖွင့် အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲချုပ် ဇော်ဝင်းက မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးသည်။            

ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ဝင်းသိန်းက အမျိုးသားအဆင့် အန္တရာယ်အကဲဖြတ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သတင်းပို့ချက် များအား Online Reporting  စနစ်နှင့် Website တည်ထောင်ရန် စီမံဆောင်ရွက် ထားမှု၊ FATF  ၏ Public Statement မှ လွတ်မြောက်မှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အမှု စစ်ဆေးမှု၊ ၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စစ်ဆေးမည့် APG၏ အပြန်အလှန် အကဲဖြတ်ရေးအဖွဲ့မှ စစ်ဆေးခံနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက ဖြည့်စွက်ဆွေးနွေးကြသည်။


အစည်းအဝေးသို့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ အဖွဲ့ဝင် (၁၄) ဦး၊ ငွေကြေး ဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အဖွဲ့မှ (၆) ဦး၊ အထူးဖိတ်ကြားထားသူ (၈) ဦး၊ စုစုပေါင်း (၂၈) ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment