Tuesday, August 23, 2016

ရေဘေးသင့်ပြည်သူများအတွက် ဌာနအဖွဲ့အစည်းများမှ အလှူငွေများပေးအပ်

နေပြည်တော် သြဂုတ် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား  ယနေ့မွန်းလွဲ (၃) နာရီတွင် Four Paws Interna tional  အဖွဲ့အစည်းမှ Director of Relief Unit ,Mr. Jackson Zee ဦးဆောင်သည့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာ၌ မင်္ဂလာမြန်မာအဖွဲ့အစည်းနှင့် Four Paws International, Australia အဖွဲ့အစည်းတို့ ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ သြဂုတ်လအတွင်း ရေဘေးသင့် မြို့နယ်ပေါင်း (၁၂) မြို့နယ်ရှိ ရွာပေါင်း (၇၈)ရွာ၌ ကျွဲ၊ နွား ကောင်ရေ ၁၀,၀၀၀ ခန့်ကို တိရိစ္ဆာန်အစားအစာများ ဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေး အစီအစဉ်များ တွင် ကျွဲ၊ နွား စသည့် တိရိစ္ဆာန်များ ရွှေ့ပြောင်းနေရာချထားရေး၊ အစားအစာများ ယာယီစီမံပေးရေး၊ သေဆုံး ပျက်စီးမှုများ လျော့ချနိုင်ရေးတို့တွင် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ အဆိုပါ ကျွဲ၊ နွား တို့နှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ အထောက်အကူများနှင့် သင်တန်းများဖွင့်လှစ်သင်ကြား ပေးနိုင်ရေးကိစ္စများ၊ လုပ်ငန်းစီမံချက်ရေးဆွဲ၍ ဆောင်ရွက်နိုင်ရေး ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် ဦးအောင်သန့်၊ ဒုတိယဉက္ကဌ ၊ ချယ်ရီမေတ္တာဖောင်ဒေးရှင်းမှ အလှူငွေကျပ်သိန်း (၁၅၀)  အားလည်းကောင်း၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ ၀န်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ် (၁၄၈၀၇၀၀၀) အား ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်မှ လည်းကောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ်သိန်း (၅၀) အားဦးခင်မောင်ဖြူ၊ ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးမှလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

No comments:

Post a Comment