Tuesday, August 23, 2016

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမ မြောက်နေ့ကျင်းပ

နေပြည်တော် သြဂုတ် ၂၃
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဌမမြောက်နေ့ကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ ထားသည့် အာဆီယံဘက်စုံရင်းနှီး မြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ အဆိုပါစာချုပ်သည် အာဆီယံဘက်စုံ ရင်းနှီးမြှုပ်နှံမှုစာချုပ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ အခြေပြစာချုပ် သက်ဝင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးက ၄င်းတို့၏ သက်ဆိုင်ရာ ပြည်တွင်လုပ်ထုံးလုပ်နည်းများ ပြီးစီးပြီဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ အားလုံးက အတည်ပြု ကြောင်း အကြောင်းကြားစာပေးပို့ပြီး အာဆီယံအတွင်း ရေးမှူးချုပ်ရုံးက အတည်ပြုကြောင်း တင်သွင်းစာကို လက်ခံရရှိ သည့်နေ့မှစ၍ အတည်ပြုမည်ဖြစ်ကြောင်း၊ အာဆီယံအတွင်းရေးမှူးချုပ်သည်  အတည်ပြုကြောင်း အကြောင်းကြားစာ ရရှိပါက အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးသို့ အတည်ပြုပေးမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး ၀န်ကြီးဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက လက်မှတ်ရေးထိုးရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စာချုပ်၌အခြား အာဆီယံ နိုင်ငံများနည်းတူ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအပ်ပါကြောင်း ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ အစီရင်ခံ စာပါမူနှင့်အခြေခံ သဘောအကြောင်းအရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တွင် ပါဝင်သည့် စိစစ်လျှော့ချသည့် သုံးငွေများအပေါ် တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်း ဆွေးနွေးခြင်း ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေး ခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ စသည့်ဗဟိုအဖွဲ့အစည်းများ၏ သုံးငွေများနှင့်စပ်လျဉ်း၍ မူလအဆိုပြု ပြဋ္ဌာန်းချက်အတိုင်း လွှတ်တော်ကအတည်ပြု ပေးနိုင်ရန် အဆိုတင်သွင်းရာ လွှတ်တော်ကကန့်ကွက်သူမရှိသဖြင့် အဆိုအတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ပြည်ထောင်စုဝန်ကြီးဌာနများ၏ သုံးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ပြည်ထဲရေးဝန်ကြီးဌာန၏ သာမန်သုံးငွေ (ဦးစီးဌာန) ကျပ်သန်း ၂၅၇၃၇၀ ဒသမ ၅၄၁ သန်းမှ  ကျပ် ၁၀၁၉ သန်း လျှော့၍ခွင့်ပြုပေးရန် အဆိုတင်သွင်းရာ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုး က ၂၀၁၆ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ စိစစ်လျှော့ချသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ သာမန် အသုံးစရိတ် ၁၀၁၉ ကျပ်သန်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကို ခံယူမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒကို စက်ခလုတ်နှိပ် အသုံးပြုရယူရာ ထောက်ခံမဲ(၅၈၀)မဲ ကန့်ကွက်မဲ (၂)မဲ၊ ကြားနေမဲ(၄)မဲဖြင့် အဆိုအတည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ၀န်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ (ဦးစီးဌာန) ကျပ် သန်းပေါင်း ၈၀၄၁၃ ဒသမ ၃၈၇ သန်းမှ ကျပ် ၉၂၄၃ သန်းကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်နှင့်အညီ လျှော့၍ခွင့်ပြုပေးနိုင်ရန် အဆိုတင်သွင်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာအတိုင်း သုံးစွဲသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒကို စက်ခလုတ်နှိပ် အသုံးပြု၍ရယူရာ ထောက်ခံမဲ(၅၇၆)မဲ ကန့်ကွက်မဲ (၁)မဲ၊ ကြားနေမဲ(၄)မဲဖြင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်နှင့်အညီ လျှော့၍ခွင့်ပြုကြောင်း ကြေညာသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်းသုံးငွေ (ဦးစီးဌာန) ကျပ်သန်း ၄၆၇၃၅၄ ဒသမ ၅၁၃ သန်းမှ ကျပ်သန်း ၈၀၁၀၈ ဒသမ ၅လျှော့၍ခွင့်ပြုရန် အဆိုပြုချက်အား လွှတ်တော်က အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စိစစ်လျှော့ချ မှုနှင့်စပ်လျဉ်း၍ ကန့်ကွက်ရန်မရှိကြောင်း၊ စိစစ်လျှော့ချငွေကို သဘောတူပါကြောင်း ပြန်လည်ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒကို စက်ခလုတ်နှိပ် အသုံးပြု၍ရယူရာ ထောက်ခံမဲ(၅၁၇)မဲ ကန့်ကွက်မဲ(၃)မဲ၊ ကြားနေမဲ(၂)မဲဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ငွေလုံးငွေရင်း သုံးငွေ (ဦးစီးဌာန) ကျပ်သန်း ၄၆၇၃၅၄ ဒသမ ၅၁၃ သန်းမှ ကျပ်သန်း ၈၀၁၀၈ ဒသမ ၅သန်းကို လျှော့၍ခွင့်ပြုကြောင်းအတည်ပြု ကြေညာသည်။
ယင်းနောက်  ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကို ပြင်ဆင် သည့်ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ ဥပဒေဆိုင်ရာပြင်ဆင်ချက်များအပေါ် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်က အတည်ပြုပေးနိုင်ရန်  အဆိုတင်သွင်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးမောင်မောင်ဝင်းက ၀န်ကြီးဌာန အနေဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်အပေါ် ကန့်ကွက်ရန်မရှိကြောင်း၊ ဤကိစ္စအတွက် အစိုးရကသုံးစွဲရန် ရှိလာသည့်အခါ လွှတ်တော် အစည်းအဝေးကျင်းပသည့်အချိန်နှင့် လွှတ်တော်၏ အတည်ပြုချက် ရရှိရန်စောင့်ဆိုင်း၍ သုံးစွဲရသည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်မှုအပေါ် ထည့်သွင်းစဉ်းစားသင့်ပါကြောင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ကို နာခံမည်ဖြစ်ကြောင်း ရှင်းလင်းသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် ထားသည့်အတိုင်း ပြင်ဆင်သွားမည်ဖြစ် ကြောင်းကြေညာသည်။
ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၆ခုနှစ်ပါ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (မူကြမ်း) တစ်ရပ်လုံးအား ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် အဆိုတင်သွင်းရာ လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှပေးပို့သော နျူကလီးယားလက်နက်စမ်းသပ် ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက် ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၇) ဦးက ဆွေးနွေးကြသည်။
စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က မြန်မာနိုင်ငံသည် နျူကလီးယား လက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို ၁၉၉၆ ခုနှစ် နိုဝင်ဘာ (၂၅) ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး စာချုပ်သို့အတည်ပြု ၀င်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရပါကြောင်း၊ နျူကလီးယားလက်နက် ပြန့်ပွားမှုကို ကာကွယ် တားဆီးရေးအတွက် အထိရောက်ဆုံးနည်းလမ်းမှာ နျူကလီးယား လက်နက်များရရှိရေးကြိုးပမ်းရာတွင် ဆောင်ရွက်ရ သည့် နျူကလီးယားလက်နက် စမ်းသပ် ဖောက်ခွဲမှုအား တားဆီးပိတ်ပင်ခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းစာချုပ်သို့ မြန်မာ နိုင်ငံမှ အတည်ပြုဝင်ရောက်နိုင်ရေးကို ထောက်ခံကြောင်း ဆွေးနွေးသည်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက နျူကလီးယားလက်နက်များ၏ ချိန်းခြောက်မှုအန္တရာယ်ကို တစ်ကမ္ဘာလုံးခံစားနေကြရပါကြောင်း၊ ပြင်းထန်သည့်စမ်းသပ် ဖောက်ခွဲမှုများ၊ ပြင်းထန်သည့် ပေါက်ကွဲမှုများကြောင့် ကမ္ဘာ့ပတ်ဝန်းကျင်ဂေဟစနစ်များ ပျက်စီးရပြီး ကမ္ဘာကြီးပိုမိုပူနွေးလာကာ သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များ ဖြစ်ပွားလာသည်ကိုတွေ့ရပါကြောင်း၊ နျူကလီးယား ဆိုင်ရာနည်းပညာကို အကျိုးပြုသည့်ကဏ္ဍနှင့် ငြိမ်းချမ်းစွာအသုံးပြုသည့်ကဏ္ဍများ၌ လူသားတို့အတွက် တန်ဖိုးရှိစွာအသုံးချနေကြသည်ကိုလည်း တွေ့ရပါကြောင်း၊ နျူကလီးယား လက်နက်စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် မြန်မာနိုင်ငံက စာချုပ်၌အတည်ပြု ပါဝင်ခြင်းဖြင့် နျူကလီးယား လက်နက် ဖျက်သိမ်းရေးနှင့် ပတ်သက်သည့် ဆန့်ကျင်ရေး ကြိုးပမ်းမှုများတွင် အထောက် အကူဖြစ်စေသည့်အပြင်  မြန်မာနိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်မှုမရှိသကဲ့သို့  နျူကလီးယား လက်နက်ပိုင်ဆိုင်ရန် ဆန္ဒလည်းမရှိပါကြောင်း၊ စာချုပ်သို့ပါဝင်လာသည့် နိုင်ငံအရေအတွက် တိုးပွားလာသည်နှင့်အမျှ နျူကလီးယားလက်နက် ရရှိရန် ကြိုးပမ်းအားထုတ်မှုများကို အတားအဆီး ဖြစ်စေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယား လက်နက်ဆန့်ကျင်သည့် နိုင်ငံများနည်းတူ နျူကလီးယား လက်နက်ဆန့်ကျင်ရေးနှင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့်နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားလာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အနေဖြင့် ယင်းစာချုပ်၌ အတည်ပြုပါဝင်သင့်ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

No comments:

Post a Comment