Monday, August 29, 2016

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ တက်ရောက်အားပေး


နေပြည်တော် သြဂုတ်၂၉
မြန်မာ-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် နိုင်ငံတကာမှ ဂီတ ပညာရှင် ၉၅ ဦး ပါဝင်သော The Thailand Philharmonic Orchestra(TPO) ဂီတ ဖျော်ဖြေပွဲကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ကြည့်ရှု အားပေးသည်။


ဖျော်ဖြေပွဲသို့ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု ၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် ဖိတ်ကြား ထားသူများ၊ ၀န်ကြီးဌာန အသီးသီးမှ ၀န်ထမ်းများ တက်ရောက်ကြည့်ရှုကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ သံအမတ်ကြီးနှင့် ဂီတပညာရှင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ထို့နောက် ဂီတအဖွဲ့မှ မြန်မာနိုင်ငံတော်သီချင်းဖြင့် ဂုဏ်ပြုတီးခတ်၍ အခမ်းအနား စတင်ဖွင့်လှစ်ကာ မန်းတောင်ရိပ်ခိုသီချင်းနှင့် ထိုင်းရိုးရာဂီတသံစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဂီတပညာရှင်များအား ဂုဏ်ပြုပန်းစည်းပေးအပ်သည်။

အဆိုပါ TPO နယ်လှည့်ဖျော်ဖြေပွဲကြီးသည် ဘန်ကောက်မြို့ Mahidol ဂီတ တက္ကသိုလ်၊ ထိုင်းသံရုံး၊ မြန်မာ၊ ဂျာမန်သံရုံးနှင့် Goethe-Institute ဂျာမန်ယဉ်ကျေးမှု ဌာနတို့ ပူးပေါင်းတင်ဆက်သည့်ပွဲဖြစ်ပြီး ချစ်ကြည် ရင်းနှီးမှု အထိမ်းအမှတ်အပြင် ထိုင်းဘုရင်မင်းမြတ် ဘူမိဘောအဒူယာဒက်   ထီးနန်းရခြင်း အထိမ်း အမှတ်နှင့် သြဂုတ် ၁၂ ရက်တွင် ကျရောက်သော ထိုင်းဘုရင်မကြီး သီရိခေတ် မွေးနေ့အထိမ်း အမှတ် ပွဲတော်အဖြစ် ကျင်းပခြင်း ဖြစ်သည်။ 

No comments:

Post a Comment