Tuesday, August 23, 2016

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်း ၊ တံတားဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်

နေပြည်တော် သြဂုတ် ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် သြဂုတ် (၂၁) ရက် နံနက်ပိုင်းတွင် ကျောက်ဆည်-ရဲရွာ-ပြင်ဦးလွင်လမ်း (ပြင်ဦးလွင်-ရဲရွာအပိုင်း) အား လမ်းဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်မှ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့ (၄) မှ ဒုဌဝတီတံတား (ရဲရွာ-ကဗျူး) တည်ဆောက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက တံတားအချောသပ်လုပ်ငန်းများ လက်ရာသေသပ်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ တံတားပေါ်တွင် ကတ္တရာကွန်ကရစ် (AC) အမြန်ခင်းနိုင်ရေး ဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားသည်။

မိုင်တိုင်အမှတ် (၁၆/၁) နှင့် (၁၆/၂) ကြားရှိ အတက်အဆင်း မတ်စောက်သည့် နေရာတွင် ယာဉ်များအန္တရာယ်ကင်းစွာ သွားလာနိုင်ရန် မြေထိန်းနံရံနှင့် ကွန်ကရစ်ရေထုတ်မြောင်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူ များအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ကျောက်ဆည်မြို့တွင်း ဇော်ဂျီတံတား ကြံ့ခိုင်မှု အခြေအနေကိုလည်းကောင်း၊ မြင်းခြံ-မြစ်သား-ရေဝန်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ကွန်ကရစ် ရေထုတ်ပြွန်များ တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးသို့ ရောက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးနှင့်‌အဖွဲ့သည် လမ်းဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးတွင် ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်နှင့် မြင်းခြံခရိုင် တို့မှ အရာထမ်း၊ အမှုထမ်းများနှင့်‌ တွေ့ဆုံပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်သော လမ်း၊ တံတားများ တိုးတက်ကောင်းမွန်အောင် သေသေချာချာ စနစ်တကျဆောင်ရွက်ဖို့လိုကြောင်း၊ ပြည်သူများအတွက် ဦးစားပေးပြီး သွားလာရေး အဆင်ပြေစေရန် အထူးအလေးထားဆောင်ရွက်ဖို့လိုပါကြောင်း၊ မိမိတိုင်း၊ ခရိုင်း၊ မြို့နယ်အတွင်းရှိ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးသွားသော လမ်း၊ တံတားများကို လမ်းပန်းဆက်သွယ်မှု မပြတ်တောက်စေရေး အမြန်ဆုံးပြုပြင် ဆောင်ရွက်ပေးဖို့လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တင်ပြရန် ရှိက တင်ပြကြရန်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များမှ မိမိတို့ တာဝန်ယူ ဆောင်ရွက်သော လမ်း၊တံတားများအပြင် B.O.T စနစ်ဖြင့် ဆောင်ရွက်သော လမ်းများတိုးတက် ကောင်းမွန် အောင် ဆောင်ရွက်ရန်၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး ခရိုင်အင်ဂျင်နီယာများက မိမိ ခရိုင်၊ မြို့နယ်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဝန်ထမ်းဖွဲ့စည်းပုံနှင့် လုပ်ငန်းလိုအပ်ချက်အရ နေ့စားဝန်ထမ်းများ ခန့်ထားမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်‌ ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများ၏ လိုအပ်ချက်ကို မူဝါဒများနှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ မိမိလုပ်ငန်းတာဝန်များကို ကျေပွန် အောင် ကြိုးစားဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment