Tuesday, August 30, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ၊ ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့တွင် အရေးကြီးအဆိုတစ်ခု တင်သွင်း

နေပြည်တော် သြဂုတ် ၃၀
 ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက် ကျင်းပရာ ရခိုင်ပြည်နယ် ပေါက်တောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက အရေးကြီးအဆို တစ်ရပ် တင်သွင်းသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ သြဂုတ် (၂၄) ရက် သတင်းထုတ်ပြန် ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်တွင် နိုင်ငံခြား သားသုံးဦး ပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာပြဿ နာအဖြစ် ဖန်တီးပေးရာ ရောက်စေပါသဖြင့် အဆိုပါကော်မရှင်တွင် ပြည်တွင်းမှတတ်၊ သိ ပညာရှင်များ ဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း နိုင်ငံတော်အစိုးရသို့ တိုက်တွန်းသည့်  အရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက တင်သွင်းပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း ရွှေ က ထောက်ခံဆွေးနွေးသည်။ ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အဆိုကို ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ကြေညာသည်။
တွံတေးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေ စာချုပ် ချုပ် ဆိုထားခြင်း ရှိ မရှိ နှင့် ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိ မရှိ မေးခွန်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ (၆) ခုတွင် ပါဝင် အကောင် အထည်ဖော်လျက်ရှိပြီး ယင်းတို့မှာ အာဆီယံဒေသတွင်းလွတ်လပ်သော ကုန်သွယ်မှုဒေသ ၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ ၊ အာဆီယံ-ကိုရီးယား လွပ်လပ်သောကုန်သွယ်မှုဒေသ ၊ အာဆီယံ-ဂျပန် လွတ်လပ်သောကုန်သွယ်မှုဒေသ၊ အာဆီယံ - သြစတြေးလျ ၊ နယူးဇီလန် လွတ်လပ်သောကုန်သွယ်မှုဒေသ၊ အာဆီယံ -အိန္ဒိယ လွတ်လပ်သော ကုန်သွယ်မှုဒေသတို့ ဖြစ်ပါကြောင်း နှင့် မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရေးထိုးထားသည့် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူ စာချုပ် မရှိပါကြောင်း ၊ နိုင်ငံတကာရာဇ၀တ်ခုံရုံး၏ ကျောရိုးဖြစ်သည့် ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သင့် မသင့်ကို မိမိနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် အညီ လေ့လာသုံးသပ်ပြီးမှသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားသည်။
လေရှီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၏ အစိုးရ၀န်ကြီးဌာန များ၏ ဘတ်ဂျက်များ ခွဲဝေချထားရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အမှန်တကယ် ဒေသပေါက်ဈေးနှင့်အညီ တွက်ချက်ခွဲဝေချထားပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ဘတ်ဂျက်ကိုရေးဆွဲရာတွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကိုလည်းကောင်း ၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများကိုလည်းကောင်း မိမိတို့ အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းများအတွက် ငွေလုံးငွေရင်းအသုံးစရိတ်များနှင့် ပတ်သက်ပြီး ဒေသပေါက်ဈေး နှုန်းဖြင့် တွက်ချက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၏ အတည်ပြုချက်ဖြင့် ဘတ်ဂျက်ကို လျာထားရေးဆွဲကာ အဆိုပြုတင်ပြ နိုင်ပါကြောင်း၊ သက်ဆိုင်ရာ ကော်မတီများကစိစစ်သည့်အခါတွင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များက ထောက်ခံထားသည့် ဒေသန္တရဈေးနှုန်းများကို အသုံးပြု၍ စိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ၊ သို့ဖြစ်၍ ဘတ်ဂျက်ခွဲဝေချထားရာတွင် ဌာနအဖွဲ့အစည်းများသည် ဒေသဈေးနှုန်းများဖြင့် လျာထားတွက်ချက် တင်ပြလာပါက သက်ဆိုင်ရာ ကော်မတီများက စိစစ်ပြီး ခွဲဝေချထားပေးလျက်ရှိပါကြောင်းနှင့် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ ၊ အဖွဲ့အစည်းများ ၊ သက်ဆိုင် ရာကော်မတီများသို့လည်း ထပ်မံအတည်ပြု အကြောင်းကြား၍ ဆောင်ရွက်မည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေဘာသာပြန် ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းရာ ယင်းဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ကျိုင်းတုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန်က ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား ရှင်းလင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ယနေ့တွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသတွင်ပျက်စီးခဲ့သည့် ရှေးဟောင်း အမွေအနှစ်ဘုရား၊ စေတီ၊ပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာကိုပေးလှူရန် လွှတ်တော်၏ သဘောတူညီမှုကို ရယူပြီး စုပေါင်းလှူဒါန်း ငွေကျပ်သိန်း(၁၅၀)ကို ပေးလှူမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။ 

No comments:

Post a Comment