Wednesday, August 24, 2016

ရေနှင့် ဆက်နွယ်သည့် မူဝါဒများ၊ ဥပဒေနှင့် နည်းဥပဒေများကို ခေတ်ကာလ နှင့်အညီ ပြန်လည် သုံးသပ် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်



နေပြည်တော် သြဂုတ် ၂၄
ရေဆိုင်ရာ စီမံခန့်ခွဲမှုများကို စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိလျှင် ရေရှည်တွင် ရေကြီး ရေလျှံမှုများနှင့် ရေရှားပါးမှုများကြောင့် စီးပွားရေးဖွံ့ဖြိုးမှုဆုတ်ယုတ်ခြင်း၊ လူမှုရေး မတည်မငြိမ်ဖြစ်ခြင်း၊ ရောဂါထူပြောခြင်းနှင့်  အာဟာရချို့တဲ့ခြင်းစသည့် အကြပ်အတည်းများသို့ ဦးတည်သွားနိုင်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသည်။

နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီတွင် ကျင်းပ သည့် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ အစည်းအဝေး ၁/၂၀၁၆ တွင် ဒုတိယသမ္မတ က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယသမ္မတက ရာသီဥတုပြောင်းလဲမှု Climate Change ဖြစ်စဉ်များကြောင့် ကမ္ဘာတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်တက်ခြင်း၊ အအေးလွန်ကဲခြင်း စသည်တို့ကို ပိုမိုတွေ့ကြုံ ခံစားနေကြ ရပါကြောင်း၊ ထို့အတူ ရေကြီး ရေလျှံမှု၊ ရေရှားပါးမှုစသည့် ပြဿနာများကိုလည်း နှစ်စဉ် တွေ့ကြုံနေရကြောင်း၊ ရေသည် သက်ရှိများ အသက်ရှင်နေထိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် လူသားတို့၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုများ တည်တံ့နိုင်ရေးတို့ အတွက် အခြေခံအကျဆုံးသော သဘာဝအရင်း အမြစ်တစ်ခု ဖြစ်ပါကြောင်း။
မိမိတို့အမျိုးသား အဆင့် ရေအရင်းအမြစ် ကော်မတီအနေဖြင့် ဝန်ကြီးဌာနများ အလိုက် ဆောင်ရွက်ကြရသည့် လုပ်ငန်းများ ပိုမိုထိရောက်မှု ရှိစေရန် ညှိနှိုင်းဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊  လူတစ်ဦးချင်း ရေရရှိသုံးစွဲနိုင်မှုများ လျော့ကျလာနိုင်မှု၊ မြစ်ချောင်း များအပါအဝင် မြေပေါ်မြေအောက် ရေအရင်းအမြစ်များ ရေအရည်အသွေး ကျဆင်းလာမှု၊ ရေလမ်းကြောင်းများပြောင်းလဲပြီး မြို့ရွာများရေတိုက် စားခံနေရမှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် ရေနှင့် ဆက်နွယ်သည့် သဘာဝဘေးအန္တရာယ်များ ပိုမို တွေ့ကြုံခံစားလာရမှုများကို စုပေါင်းအားဖြင့် အချိန်မီကာကွယ် တားဆီးနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း ပြောကြားသည်။
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံ ခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းများတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အဆင့်များ၊ မြစ်ဝှမ်းဒေသများ၊ အများပိုင်၊ ပုဂ္ဂလိကပိုင်ကဏ္ဍများ၊ ဆက်နွယ် သက်ဆိုင်သူများ ပါဝင်သည့်  ဖွဲ့စည်းမှုဆိုင်ရာမူဘောင် Institutional Framework လိုအပ်မည်ဖြစ် ပါကြောင်း၊
စီမံခန့်ခွဲရေး အဖွဲ့များသည် ရေနှင့်ကဏ္ဍအလိုက် ရေလိုအပ်ချက်များအတွက် ညှိနှိုင်းရေးမှူးများအဖြစ် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ စီမံခန့်ခွဲသူများ အနေဖြင့် ရေအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်မှု (Development)၊ စီမံခန့်ခွဲမှု (Management)နှင့် စောင့်ကြည့် အကဲဖြတ်မှု (Monitoring and Evaluation) တို့ကို ညှိနှိုင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊
နိုင်ငံသားအားလုံး ပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု “All Inclusive development” အတွက် မှန်ကန်သည့် ရေအရင်းအမြစ် စီမံခန့်ခွဲမှု မရှိမဖြစ် လိုအပ်ပါကြောင်း၊ ရေးဆွဲ ပြဌာန်းထားသည့် အမျိုးသားအဆင့် ရေမူဝါဒ (National Water Policy)၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် (IWRM System) များကို အခြေခံ၍ အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ဖော်ဆောင် သွားရမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။
ဒုတိယသမ္မတက အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ လုပ်ငန်း တာဝန်များ၊ ပြည်သူများ အတွက် အမြန် အကျိုးရှိစေမည့် လုပ်ငန်းများနှင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်မည့် အခြေခံ အဆောက်အဦများကို အချိန်တိုအတွင်း ထိရောက် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး အတွက် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က  ရေအရင်းအမြစ် ထိန်းသိမ်းရေး ဆိုင်ရာများနှင့်  ရေအသုံးချရေး ဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ကော်မတီ အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ကော်မတီဖွဲ့စည်းမှု၊ ကော်မတီ၏ တာဝန် ၀တ္တရားများ၊ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ရေအရင်းမြစ် ကော်မတီဝင် ၀န်ကြီးဌာနနှင့် အဖွဲ့အစည်းအများမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေး ကော်မတီများမှ တာဝန်ရှိသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ် ၀န်ကြီးများက ရေနှင့် ဆက်နွယ်သည့် စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးကြပြီး အစည်း အဝေးသို့ တက်ရောက် လာကြသည့် ရေဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက အကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြံပြု ဆွေးနွေးချက်များသည် ဆက်လက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရွေးချယ် ချမှတ်ရာတွင် များစွာ အထောက်အကူ ပြုပါကြောင်း။
ရေကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရန် ယခုအချိန်မှစတင်၍ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ အလားတူ တွေ့ကြုံနေရသည့် အခက်အခဲ ပြဿနာများကို ရေတို၊ ရေရှည် ကာကွယ် ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment