Tuesday, August 23, 2016

2016 Asian Men's Club Volleyball Championship ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ


နေပြည်တော် ဩဂုတ် ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အာရှဘော်လီဘောအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၂၀၁၆ ခုနှစ်၊ အာရှအမျိုးသားကလပ် ဘော်လီဘောပြိုင်ပွဲ "SMM" 2016 Yangon Aerodrome Asian Men's Club Volleyball Championship ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် တာဝန်ရှိသူများ၊ အာရှဘော်လီဘော အဖွဲ့ချုပ်ဥက္ကဌနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်နိုင်ငံ (၁၄) နိုင်ငံမှအားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများကွင်းအတွင်း ဝင်ရောက်နေရာယူပြီးနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့်အမှာစကား ပြောကြားရာတွင် အိမ်ရှင် မြန်မာ၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ တိုင်ပေ၊ ဟောင်ကောင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အီရန်၊ အီရတ်၊ ယူအေအီး၊ ကာတာနှင့် ကာဇက်စတန်နိုင်ငံများမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အားကစားသမားများအား မိမိတို့နိုင်ငံမှ နွေးထွေးစွာကြိုဆိုပါကြောင်း၊ ယခုလိုအာရှအဆင့် ချန်ပီယံပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခဲ့သည့် အာရှဘော်လီဘော အဖွဲ့ချုပ်ကိုလည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြင့် ပြိုင်ပွဲဝင်အာရှနိုင်ငံအချင်းချင်း အပြန်အလှန်ရင်းနှီး ချစ်ကြည်မှု ပိုမိုရရှိစေသည့် သင်္ကေတတခုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲမှရရှိလာသည့် အတွေ့အကြုံကောင်းများမှ တဆင့် မိမိတို့နိုင်ငံ၏ ဘော်လီဘော အားကစားနည်းကိုလည်း များစွာမြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊  ယခုပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအောင်မြင်သည့် အသင်းများသည်  2016 Men's World Club Championshipကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်သည့် အတွက် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်ပြီး အားကစားသမား စိတ်ဓာတ်အပြည့်အဝထားကာ အရည်အချင်းရှိရှိနှင့် အတွေ့အကြုံကောင်းများ ရရှိအောင် ကြိုးစား ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဦးထွန်းမြင့်နိုင်က ပြိုင်ပွဲဝင် အသင်းများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်အသင်းများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် ဖွင့်ပွဲအခမ်းအနားအပြီး ပြိုင်ပွဲများကို စတင်ကျင်းပရာ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားကြပြီး မြန်မာအသင်းမှ (၃) ပွဲပြတ်ဖြင့် အနိုင်ရရှိသွားသည်။ ၎င်းပြိုင်ပွဲအား အိမ်ရှင်မြန်မာအပါအဝင် အာရှတိုက်မှ ပြိုင်ပွဲဝင်နိုင်ငံ (၁၄) နိုင်ငံမှ ချန်ပီယံကလပ်အသင်း (၁၄) သင်းဖြင့် ယနေ့မှစ၍ ဩဂုတ် (၃၁) ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ (B) ရုံတွင် နေ့လည် (၁၁) နာရီမှ စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် အားကစား ဝါသနာရှင်ပရိသတ်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရသည်။

No comments:

Post a Comment