Friday, July 29, 2016

UNESCO ၏အစီအစဉ်ဖြင့် ကျင်းပသည့် “Experts Consultation Meeting on Bagan World Heritage Outstanding Universal Value (OUV)” နှင့် “Experts Meeting on the Strategic Action Plans for the Management of Bagan” အစည်းအဝေးကျင်းပ

မန္တလေးဇူလိုင် (၂၉)
UNESCO ၏ အစီအစဉ်ဖြင့် ဇူလိုင်(၂၆)ရက်မှ (၂၉)ရက်နေ့အထိ မန္တလေးမြို့ ဟိုတယ်မန္တလေး၌ ကျင်းပပြုလုပ်သောExperts Consultation Meeting on Bagan World Heritage Outstanding Universal Value (OUV)” နှင့် “Experts Meeting on the Strategic Action Plans for the Management of Bagan” အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် ယနေ့နံနက်ပိုင်းတွင် တက်ရောက်၍ အမှာစကား ပြောကြားကြသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားရာတွင် ယခု အစည်းအဝေးသည် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် အဖြစ် တင်သွင်းနိုင်ရေး ကြိုးပမ်းရာတွင် လိုအပ်သည့် ကမ္ဘာလုံးဆိုင်ရာ စံတန်ဖိုး သတ်မှတ် ချက်များနှင့်ကိုက်ညီမှုရှိ / မရှိ၊ မည်သည့် စံတန်ဖိုးသတ်မှတ်ချက်များနှင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ် အဖြစ်သို့ တင်သွင်းရန် နိုင်ငံတကာမှပညာရှင်များ၊ ပြည်တွင်းမှ ပညာရှင်များနှင့် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းရာတွင် ရှေးဟောင်း အဆောက်အအုံများကို ထိန်းသိမ်းရန်အတွက် လိုအပ်ချက်များပေါ် မူတည်၍ ဇုန်နယ်နိမိတ်ဖြစ်သည့် Boundary များကိုပြန်လည် သတ်မှတ်ပေးရေး၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပုဂံဒေသ၏ တန်ဖိုးကြီးမားသည့် ရှေးဟောင်းအမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ဟန်ချက်ညီစွာ ညှိနှိုင်းဆောင်ရွက်သွားနိုင်ရေး၊ ဘက်စုံလွှမ်းခြုံ သော စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များကို ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီး ဌာန တစ်ခုတည်း သာမက အခြားဆက်စပ် ဝန်ကြီးဌာနများ၊ ယူနက်စကိုမှ ကူညီထောက်ပံ့ ပေးသော နိုင်ငံတကာ ပညာရှင်များနှင့် အတူဒေသခံများက လည်းပူးပေါင်းပါဝင် ဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အစည်းအဝေး တက်ရောက်လာသူ အားလုံးက ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန်အတွက် လုပ်ငန်း များကိုဆောင်ရွက်သည့် အချိန်တွင် ဟန်ချက်ညီညီ ထိထိမိမိနှင့် အမြန်ဆုံးပြီးမြောက် အောင်မြင် စေရန် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ အားလုံးဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက် ပေးကြစေလို ကြောင်းပြောကြားသည်။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အမှာစကား ပြောကြားရာတွင် ပုဂံဘုရားများပေါ်တွင် Sunset ကြည့်ရှုသည့် ကိစ္စကို အလေးထား ဆောင်ရွက်သင့်ပါကြောင်း၊ ပုဂံဒေသသည် မိုးနည်းသည့် ဒေသဖြစ်သည့်အတွက် ရှေးဟောင်းအဆောက်အအုံများယနေ့ထိ ရေရှည် တည်တံ့နေပါကြောင်း၊ မိုးများသည့်အချိန်တွင် အတွင်းကအုတ်များပြိုကျပျက်စီးနိုင်ပါကြောင်း၊ အခကြေးငွေဖြင့် မီးပုံပျံပေါ်မှ ဓာတ်ပုံရိုက်ခြင်းနှင့် Sunset ကြည့်ခြင်းကိစ္စကို ယဉ်ကျေးမှုအမွေအနှစ်များ မထိခိုက် စေဘဲဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးစေလိုပါကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ အစည်းအဝေး တက်ရောက်လာသူများက ပုဂံဒေသယဉ်ကျေးမှု နယ်နိမိတ် ပြန်လည် သတ်မှတ်ရေးတွင် ဒေသခံပြည်သူများနှင့် အဆင်ပြေစွာ ပူးပေါင်းလုပ်ဆောင်နိုင်ရေး များအား လက်ရှိအခြေအနေနှင့် ဆက်လက်လုပ်ဆောင်ရမည့် အချက်အလက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment