Wednesday, July 27, 2016

အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၂၆
မြန်မာနိုင်ငံသည် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့သို့ ၂၀၁၂ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပြီး ကမ္ဘာ့နိုင်ငံများ အတွင်း ရွှေ့ပြောင်း အလုပ်သမား များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ယင်းတို့၏ လူမှုစီးပွား ဘ၀များ တိုးမြှင့်ပေးနိုင် ရေးတို့ကို အထူး အလေးပေးဆွေးနွေး ဆောင်ရွက် လျက်ရှိ ပါကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ “မြန်မာရွှေ့ပြောင်း အလုပ်သမား များ ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာ များ၊ စိန်ခေါ်မှုများ ကို ပြည်ထောင်စု အစိုးရ အနေဖြင့် လုပ်ငန်းစဉ် များ ချမှတ်ကာ ဥပဒေနှင့်အညီ ကာကွယ် စောင့်ရှောက်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း ၍ ဖြေကြားခဲ့ သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမားများ တရားဝင်စေလွှတ်နိုင်ရန် မှတ်ပုံ တင်ခွင့်ပြုထားသည့် အေဂျင်စီပေါင်း ၂၄၃ ခုရှိပြီး မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းပေး ထားပါကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်ကြမည့် မြန်မာအလုပ် သမားများအား ပြည်ပသို့ မထွက်ခွာမီ သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံ၏ ဥပဒေ များ၊ ဓလေ့ထုံး တမ်းများနှင့် ဘာသာစကားစသည်တို့ကို အတန်အသင့်သိရှိထားရန် အတွက် အကြို သင်တန်း များပေးခြင်း၊ လိုအပ်သည့် မှာကြားမှု များ ပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး စည်းကမ်းလိုက်နာမှုမရှိ သည့် အေဂျင်စီများ ကိုလည်း ယင်းတို့ ၏ စည်းကမ်းဖောက်ဖျက်မှု အနည်းအများအလိုက် အလုပ်သမား စေလွှတ်ခြင်းကို ယာယီရပ်ဆိုင်ခြင်းမှ အပြီးပိတ်သိမ်းခြင်းအထိ အဆင့်ဆင့်အရေးယူမှုများကို ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ပနိုင်ငံများသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများနှင့် ပတ်သက် ၍ အလုပ်သမားနှင့် အလုပ်ရှင်အကြား နှစ်ဖက်သဘောတူစာချုပ်တွင် အလုပ်သမား၏ လုပ်ခလစာ၊ အချိန်ပိုလုပ်ခ၊ အလုပ် အမျိုးအစား၊ နေရာထိုင်ခင်း၊ အစားအသောက်၊ အလုပ်ချိန်၊ နားရက်၊ ဆေးဝါးကုသခွင့်နှင့် ခရီးသွား လာခွင့် စသည့် အချက်အလက် များပြည့်စုံစွာ ပါရှိသည့်အပြင် အသက်အာမခံ ကိစ္စရပ်များကိုလည်း စီစဉ်ပေးထား ပါကြောင်း၊ ထို့ပြင် မြန်မာအလုပ်သမား များအား သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း အကျိုးခံစားခွင့် ရရှိစေရန် စီစဉ်ပေးခြင်းတို့ကို ထည့်သွင်းချုပ်ဆို ဆောင်ရွက်လျက် ရှိကြောင်း။
ထို့ပြင် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေ လွှတ်သော အေဂျင်စီများ အတွက် ဆောင်ရွက် ရမည့် တာဝန် ၀တ္တရားများနှင့် လိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်းများကို လည်း ချမှတ်ပေးထားပြီးဖြစ်၍ အေးဂျင်စီများ အနေဖြင့် အလုပ်သမားများ စတင်စေ လွှတ်သည်မှစ၍ မြန်မာနိုင်ငံသို့ အလုပ် သမား ပြန်လည် ရောက်ရှိသည်အထိ တာဝန်ယူ ဆောင်ရွက် လုပ်ကိုင်စေပါကြောင်း။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ရွှေ့ပြောင်းအလုပ် သမား များ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့် တင်ခြင်းဆိုင်ရာ အာဆီယံ ကြေညာစာတမ်းတွင် ပါရှိသော ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာမူဝါဒများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ အာဆီယံနိုင်ငံများအနက် အလုပ်သမား စေလွှတ်သော နိုင်ငံများနှင့် လက်ခံသောနိုင်ငံများရှိ အစိုးရ၊ အလုပ်ရှင်အဖွဲ့အစည်း များ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်း များအကြား ရွှေ့ပြောင်းအလုပ် သမားများ ရင်ဆိုင် နေရသော အခက်အခဲ များ ဖြေလျော့နိုင်ရေး၊ ကောင်းမွန်လုံခြုံစိတ်ချ ရသော လုပ်ငန်းခွင်ဖြစ်စေရေး၊ ခွဲခြား ဆက်ဆံခံရမှု မရှိစေရေး၊ ခေါင်းပုံဖြတ် မခံရစေရေး တို့အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ညှိနှိုင်း ဆွေးနွေး မှုများပြုလုပ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိ ပါကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြော ကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဇော်မင်းလတ်၏ “၂၀၁၃ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေအရ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့သော အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီမှ ၂၀၁၅ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော နေရာဒေသနှင့် လုပ်ငန်းအမျိုး အစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ အလုပ်သမားများ အတွက် အနည်းဆုံးအခ ကြေးငွေ တစ်နာရီ ငွေကျပ် ၄၅၀ နှုန်းဖြင့် တစ်ရက် အလုပ်ချိန်(၈)နာရီအတွက် ငွေကျပ် (၃၆၀၀) သတ်မှတ်ချက် နှုန်းထား ကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အနည်းဆုံး အခကြေးငွေ နှုန်းထား တစ်ခုသတ်မှတ်ရာ၌ အဓိကအားဖြင့် အလုပ်သမားများ၏ လိုအပ်ချက် များကို ဖြေရှင်းနိုင်မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်သကဲ့သို့ အလုပ်ရှင် များက အမှန် တကယ်ပေးနိုင် မည့် ငွေကြေးပမာဏဖြစ်ရန် လိုအပ်ပါကြောင်း။
အနည်းဆုံးအခကြေးငွေနှုန်းထား သတ်မှတ်ရန်အတွက် မျက်မှောက် ကာလဖြစ် ပေါ်လျက်ရှိသည့် ကုန်ဈေးနှုန်း အခြေအနေများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေများ၊ အလုပ်ရှင် အလုပ်သမားအခြေအနေများ၊ အလုပ် အကိုင်အခွင့် အလမ်းအခြေအနေများ၊ ငွေကြေးတည်ငြိမ်မှုအခြေအနေများနှင့် နယ်မြေဒေသ အခြေ အနေများ အပေါ်မူတည်၍ ဘက်စုံထောင့်စုံမှ လေ့လာစောင့်ကြည့်ရန် လိုအပ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ ထုတ်ပြန်ခဲ့ သည့် အနည်းဆုံး အခကြေးငွေနှုန်းထားသည် ပထမဆုံးအကြိမ် ထုတ်ပြန် သတ်မှတ်ထားဖြစ်ကြောင်း၊ ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာ ပြည်ထောင်စု၊ တိုင်းဒေ ကြီးနှင့် ပြည်နယ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီများနှင့် ဆွေးနွေးညှိ နှိုင်းရန် လိုအပ်ပါသဖြင့် လတ်တလောတွင် ပြင်ဆင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေး ပါကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားခဲ့သည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီးက “နိုင်ငံ အတွင်း လာရောက် အလုပ်လုပ် ကိုင်နေကြသော နိုင်ငံခြားသား အလုပ်သမားများအား မည်သည့် ဥပဒေအထောက်အထား ကန့်သတ် ချက်များဖြင့် လုပ်ကိုင်ခွင့်ပြု ထားသည်ကို သိရှိလို ကြောင်းနှင့် ၎င်းအလုပ်သမားများထံမှ အခွန်အခ များ ကောက်ခံ ရယူခြင်း ရှိ /မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက မိမိတို့ ၀န်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားများ ၀င်ရောက်ခြင်း၊ ထွက် ခွာခြင်း၊ နေထိုင်ခွင့် ပြုခြင်းတို့ကို တည်ဆဲ ဥပဒေများဖြစ်သည့် ၁၉၄၇ ခုနှစ် လူဝင်မှုကြီးကြပ်ရေး (လတ်တ လောပြဋ္ဌာန်း ချက်များ)အက်ဥပဒေ၊ ၁၉၄၀ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးအက် ဥပဒေ၊ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေများ၊ ၁၉၅၁ ခုနှစ် ချုပ်နှောင်ခြင်း နည်းဥပဒေ၊ ၂၀၁၆ခုနှစ် ဇန်န၀ါရီ ၁၁ ရက်နေ့မှ စ၍ ပြောင်းလဲပြင် ဆင် အသုံးပြုလျက်ရှိသည့် ပြည်ဝင်ဗီဇာ (၁၂)မျိုး၊ ပြည်ပြန်ဝင်ခွင့်ဗီဇာ (၃)မျိုး၊ နှစ်နိုင်ငံသဘောတူစာချုပ်များနှင့်အညီ သတ်မှတ် အခငွေများ ကောက် ခံပြီး စနစ်တကျစိစစ်ခွင့်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်း ဖြေကြား သည်။

No comments:

Post a Comment