Wednesday, July 27, 2016

မကြာမီပြီးမြောက်အောင်မြင်တော့မည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(သို့)၂၁ရာစုပင်လုံ


သန်းဖြိုးနိုင်(ကညင်ကျိုး)
မေ ၁ ရက်မှစတင်ခဲ့သည့် အစိုးရသစ်၏ ပြည်သူ့အတွက် ပထမရက် ၁ဝဝ စီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းများသည် ယခုဆိုလျှင် ရက်ပေါင်း ၉ဝ အတွင်းသို့ ရောက်ရှိလာခဲ့ပြီ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်ပါ သည်။

ထိုပြီးဆုံးခဲ့သည့် ရက်ပေါင်း ၉ဝ ခန့်အတွင်းတွင် အစိုးရသစ် အနေဖြင့် အောင်မြင်အောင်၊ ခရီးပေါက်အောင် ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းများ စွာအထဲမှ အဓိကကျသည့် အရာကို လက်ညှိုးထိုးပြပါ ဆိုလျှင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကျင်းပနိုင်ရေး အတွက် အကြိုပြင်ဆင်ခြင်းလုပ်ငန်းများ အတော်ခရီးပေါက်နေသည့်ကိစ္စကိုသာ အထူးရွေးချယ်ပြီး ပြရမည် ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement NCA) လက်မှတ်ရေးထိုးထားပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာမက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံနိုင်ခဲ့ခြင်းအဆင့်ထိ ပြုလုပ်နိုင်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ပေသည်။
၎င်းအပြင် ထိုသို့တိုးတက်ရရှိလာသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအပေါ် အခြေခံကာ တပ်မတော် ခေါင်းဆောင်ကြီးများနှင့် ယခင်ကထက် ပိုမိုရင်းနှီးမှု၊ ယုံကြည်မှုရယူကာ နွေးထွေးသည့် ဆက်ဆံရေးကိစ္စကို တိုးမြှင့်ဆောင်ရွက် လာနိုင်ခြင်းတို့ကိုလည်း ထင်ထင် ရှားရှားတွေ့မြင်ကြရမည် ဖြစ်ပါသည်။
ထိုအချင်းအရာ မှန်ကန်ကြောင်းကိုလည်း လွန်ခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သည့် အာဇာနည်နေ့ အခမ်း အနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်ရောက် ခဲ့ခြင်း၊ ဝါဆိုသင်္ကန်းအတူ ကပ်လှူ ခဲ့ကြခြင်းနှင့် တပ်မတော်မှ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ၎င်းတို့၏ သဘောထားရပ်တည်ချက်များကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်းတို့က သက်သေခံလျက်ရှိခဲ့ကြပါသည်။
အမှန်ဆိုရလျှင် အစိုးရသစ်ဖော်ဆောင်ခဲ့သည့် ပြည်သူ့အတွက် ပထမ ရက်၁ဝဝမပြည့်မီကာလအတွင်းမှာပင် ကျွန်ုပ်တို့နိုင်ငံ၏ ရှေ့အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်သည့် ငြိမ်းချမ်းရေးအတွက် ဆောင်ရွက် ချက်များမှာ သိသိသာသာတိုးတက်မှု ရှိလာ ခဲ့သည်ကို အထင်အရှား တွေ့ရှိကြရမည် လည်းဖြစ်ပါသည်။ ကျွန်ုပ်တို့ ပြည်သူများအနေ ဖြင့် အစိုးရတစ်ရပ်၏ ဆောင်ရွက်ချက်များ အပေါ် ရှုမြင်သုံးသပ်ကြရာတွင်လည်း မကောင်းလျှင် မကောင်းဘူး ဟု ဝေဖန်ထောက်ပြ ပြောဆိုခဲ့ကြ သည့်နည်းတူ ကောင်းမွန်သည့် အချက်များ ကိုလည်း ကောင်းမွန် သည်။
တိုးတက်လာသည့်အချက်များကို လည်း အမှန်တကယ် တိုးတက်လာသည်ဟု ပြောတတ်ကြရန်လိုလာပါသည်။ ထိုမှသာလျှင် တရားနည်းလမ်းကျရာ ရောက်မည်ဖြစ် ပါသည်။
ထို့ကြောင့်ပင် ကျွန်ုပ်အနေဖြင့်လည်း အစိုးရသစ်အနေဖြင့် တပ်မတော်နှင့် လက်တွဲပြီး ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံအတွက် အခြေတည်ကာ စတင်ဆောင်ရွက်ခဲ့သည်မှစ၍ ယနေ့ကာလအထိ ဖြစ်ထွန်း တိုးတက်လာသည့် အခြေအနေများကို ပကတိအရှိကိုအရှိအတိုင်း အဆင့် လိုက်တင်ပြသွားမည် ဖြစ်ပါ သည်။
ငြိမ်းချမ်းရေးအတွက် အခြေခံကြသည့်ပထမသော့ချက်
(၂၁) ရာစုပင်လုံဟု ခေါ်ဆိုနေကြသည့် လာမည့်သြဂုတ် လ နောက်ဆုံးပတ် အတွင်း ကျင်းပရန်လျာ ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး အတွက် အဓိကအခြေခံရမည့်အချက်မှာ ယခင်အစိုးရ လက်ထက်က စတင်သန္ဓေတည် ဆောင်ရွက်ခဲ့ သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် (Nationwide Ceasefire Agreement NCA)ပင်ဖြစ်ပါသည်။ ထိုအချက်နှင့်ပတ်သက်၍လည်း လွန်ခဲ့တဲ့ ဇူလိုင်လ၂ဝ ရက်နေ့က ရန်ကုန်တွင်ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ''ငြိမ်းချမ်းရေးရဲ့ ပင်မလမ်းကြောင်း က NCA ပါ။ လမ်းကြောင်းက ပေါ်နေပါပြီ၊ မကြာမီပြု လုပ်တော့မည့် (၂၁) ရာစုပင်လုံညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပါဝင်ခြင်း၊ မပါဝင်ခြင်းနဲ့ သက်ဆိုင်နေပါတယ်'' ဟုပြောဆိုခဲ့သည်ကိုလည်း မှတ်သားမိခဲ့ရပါသည်။ ထို့ကြောင့်လည်း ထိုအချက် သည်ပင်လျှင်ငြိမ်းချမ်းရေးအတွက် အဓိက သော့ချက်ဖြစ်နေခဲ့ သည်ကို တွေ့ရှိကြရမည်သာ
ဖြစ်ပါသည်။ ထိုသဘောတူညီချက် အပေါ်တွင်သာ မူတည်ပြီး ယခုဆက်လက် ဆောင်ရွက်နေကြရခြင်းပင် ဖြစ်ပါသည်။
၂၁ရာစုပင်လုံအတွက် အစိုးရသစ်၏ ပထမခြေလှမ်း
၂ဝ၁၆ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် နိုင်ငံတော်တာဝန်ကို စတင်လွှဲပြောင်းရယူခဲ့သည့် အစိုးရသစ်အနေဖြင့် ၎င်းတို့၏ကနဦးအစ ခြေလှမ်းတစ်ရပ်ကို ပြီးခဲ့သည့် မေလ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort မှ စတင်ခဲ့သည်ဟု ပြောရမည် ဖြစ်ပါသည်။
၎င်းနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ပူးတွဲကော်မတီတစ်ရပ်ကို ပြင်ဆင်ဖွဲ့စည်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ပြန်လည်သတ်မှတ်ရန် အစည်းအဝေးတစ်ရပ် စတင်ကျင်းပနိုင်ခဲ့ကြ ပါသည်။
ထိုအစည်းအဝေးတွင် (၂၁) ရာစု ပင်လုံညီလာခံကို ယခင်အစိုးရလက်ထက် ဖော်ဆောင်ပေးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)အပေါ်အခြေခံ၍ တပ်မတော်နှင့် လက်တွဲပြီး အောင်မြင်အောင် ပူးပေါင်းဖော်ဆောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပြန်လည် အသစ်ဖွဲ့စည်းမည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ အခန်းကဏ္ဍသည် ဆက်လက် ရှင်သန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ကိုလည်း လေ့လာမိခဲ့ရပါသည်။
အစိုးရသစ်၏ ဒုတိယခြေလှမ်း
ထို့နောက်တွင် ငြိမ်းချမ်းရေးအတွက် ဒုတိယခြေလှမ်းအဖြစ် ဇွန်လ ၂၈ ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ထပ်မံကျင်းပခဲ့ပါ သည်။ ထိုအစည်းအဝေး ကျင်းပရခြင်းမှာ ယခင် တစ်လအကြာ မေလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ''ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ'' အတွက် အထောက်အကူ ဖြစ်စေရန် ဒုတိယခြေလှမ်း အဖြစ် ဆက်လက် ကျင်းပကြကြောင်း ကိုပါ တွေ့ရှိရ နိုင်မည် ဖြစ်ပါသည်။ ထိုအစည်း အဝေးကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ဝင် များဖြစ်ကြသော စိုင်းဘောင်ခေး၊ ခွန်ဥက္ကာ၊ ပူးဇင်ကျုံး၊ ခိုင်စိုးနိုင်အောင်၊ ဒေါက်တာ နော်ကပေါ်ထူး၊ ဦးသံခဲနှင့် စောမိုရှေးတို့ အစုံအလင် တက်ရောက်လာပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ၎င်းတို့၏ မူဝါဒများ ကို ရှင်းလင်းတင်ပြခဲ့ကြကြောင်းကိုလည်း တွေ့ရှိရပါသည်။
ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဝင်များ က ဃြဗလက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ဆွေးနွေးညှိနှိုင်းနေမှုအခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပနိုင်ရေး အကြိုဆောင်ရွက်နေမှု အခြေအနေများ၊ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ပါ အကောင်အထည်ဖော်ရမည့်အချက်များနှင့် ချိတ်ဆက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသွားခဲ့ကြသည်ကို သိရှိကြပြီးဖြစ်ကြပေမည်။
တတိယခြေလှမ်းအဖြစ် ငြိမ်းချမ်းရေးကော်မရှင်ဖွဲ့စည်းခြင်း
ထို့နောက်တွင်မူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများကို တာဝန် ယူဆောင်ရွက်နိုင်ရန် နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနက ချမှတ်ပေးသော လုပ်ငန်း တာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ကော်မရှင် ကို ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ ပါသည်။
ငြိမ်းချမ်းရေးကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးခင်ဇော်ဦး၊ အဖွဲ့ဝင်များ အဖြစ် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဦးနိုင်ငံလင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးတို့ပါဝင်ပြီး ဦးအောင်ကြည် ခေါင်းဆောင်သည့် အကြံပေးအဖွဲ့ဝင် သုံးဦးနှင့် ဦးအေးလွင် ခေါင်းဆောင်သည့် အထောက် အကူပြုအဖွဲ့ဝင် ခုနစ်ဦးတို့လည်း ထူးထူးခြားခြား ပါဝင်ဖွဲ့စည်းထား ခဲ့ကြောင်း တွေ့ရှိခဲ့ရ ပါသည်။
UNFC ဖြင့်တွေ့ဆုံခြင်းသည် စတုတ္ထခြေလှမ်းဖြစ်သည်
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအတွက် စတုတ္ထခြေလှမ်းဟုသာ အမည်နာမ တပ်ထား သော်လည်း အမှန် တွင်မူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိက ပါဝင်ကြမည့် တိုင်းရင်းသားခေါင်းဆောင်များနှင့် ပထမဆုံးတွေ့ဆုံမှု ခရီးအစလည်း ဖြစ်ခဲ့ပါ သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဇူလိုင်လ ၁၇ ရက်နေ့တွင် NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်း သားလက် နက်ကိုင် (၉) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီ ညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)အဖွဲ့မှ ခေါင်းဆောင် များဖြင့် ရန်ကုန်မြို့ရှိ NRPC ရုံးတွင် အစည်း အဝေးဆွေး နွေးပွဲပုံစံမျိုးမဟုတ်ဘဲ မိသားစု တွေ့ဆုံပွဲမျိုး တွေ့ဆုံခဲ့ကြသည်ကိုလည်း သိရှိကြရပြီး ဖြစ်ပါမည်။
UNFC ကျော်ဖြတ်ကြရမည့်ပဉ္စမအဆင့် မိုင်ဂျာယန်ခရီး
ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြင့် တွေ့ဆုံခဲ့သည့် NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်း သားလက်နက်ကိုင်(၉)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)အဖွဲ့မှ ခေါင်းဆောင်များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ အကြိုပြင် ဆင်ရေးလုပ်ငန်းများတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်တိုးပါဝင်နိုင်ရေးအတွက် ကချင်ပြည်နယ်အတွင်းရှိ မိုင်ဂျာယန်ဒေသ တွင် မျက်နှာစုံညီ အစည်းအဝေးတစ်ရပ်ကို ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းကိုလည်း အားလုံး သိပြီးကြမည် ဖြစ်ပေမည်။
မိုင်ဂျာယန်အတွက် တပ်မတော်၏သဘောထားကြေညာချက်(ဆဋ္ဌမအဆင့်)
ထိုအဆင့်ကို အောင်မြင်စွာကျော်လွှားနိုင်ရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ လုံခြုံမှုရှိစွာ စိတ်အေး လက်အေး ဆွေးနွေးနိုင် ကြစေရေးအတွက်လည်း ဇူလိုင်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြု လုပ်ခဲ့သည့် တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ''တပ်မတော်အနေဖြင့် ၂၁ရာစု ပင်လုံညီလာခံကိုရော၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ အကောင်းဆုံး ပူးပေါင်း ဆောင်ရွက် သွားမှာဖြစ် ကြောင်း၊ နိုင်ငံတော်အစိုးရရဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေတဲ့ မိုင်ဂျာယန်အစည်းအဝေးကို တပ်မတော် အနေဖြင့် ကန့်ကွက်ရန်မရှိပါ ကြောင်း၊ ထိုအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တပ်မတော် အနေဖြင့် လုံခြုံရေးလမ်းကြောင်း ဖွင့်ပေးမည်ဖြစ်ကြောင်းနှင့် ထိုအစည်းအဝေးသို့ သတင်း မီဒီယာသမားများကို သွားရောက် ခွင့်ပြုမှာဖြစ်ကြောင်း'' ပြောကြားသွားခဲ့တာကို တွေ့ရှိ လေ့လာမိကြရမည် ထင်ပါသည်။ ထိုအချက် သည်ပင်လျှင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နောက်ထပ်ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်စေမည့် အခွင့်အလမ်းကောင်းများ ဖြစ်စေခဲ့ပါသည်။ တပ်မတော်၏သဘောထားကို လည်း ပွင့်ပွင့်လင်းလင်းသိရှိခွင့် ရရှိခဲ့ကြ ပါသည်။
သတ္တမအဆင့် (ငြိမ်းချမ်းရေးကော်မရှင်၏ထုတ်ပြန်ကြေညာချက်)
ရှေ့လာမည့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဓိကကျသည့် မိုင်ဂျာယန်အစည်းအဝေး မစတင်မီ သုံးရက်အလို ဇူလိုင်လ ၂၃ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
ထိုကြေညာချက်တွင် ''NCA ကိုအခြေခံ၍ ပေါ်ပေါက်လာသည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ-(၂၁)ရာစု ပင်လုံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုံညီ စွာတက်ရောက်နိုင်စေမည့် ရလဒ် ကောင်း များ ဆောင်ကြဉ်းနိုင်မည် ဟုမျှော်လင့်ပါကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့်(Nationwide Ceasefire Agreement NCA)ကို အခြေခံ၍ အကောင် အထည်ဖော်ဆောင်ရွက်မည့် ပြည်ထောင်စုငြိမ်း ချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံကို ၂ဝ၁၆ ခုနှစ် သြဂုတ်လစတုတ္ထပတ်နောက်ဆုံးထား၍ ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂ဝ၁၆ ခုနှစ် ဇူလိုင်၂၆ ရက်မှ ၂၉ ရက်အထိကချင်ပြည် နယ် မိုင်ဂျာယန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတစ်ရပ် ကျင်းပပြု လုပ်ရန်ရှိသည်ဟု သိရှိရပါကြောင်း၊ ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ မိုင်ဂျာယန်သို့ သွားရောက်ရေး အစီအစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထာက်ပံ့မှုများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနထံတင်ပြ၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ မကြာမီကျင်းပတော့မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစု ပင်လုံတွင် ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးကိုမျှော်ရည်၍ ငြိမ်းချမ်းရေးကော်မရှင်သည် အကြိုပြင်ဆင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊
ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ရေးလုပ်ငန်းစဉ်၌ (Nationwide Ceasefire Agreement NCA) လက်မှတ်ရေးထိုးထား ပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များ သာမက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင် နိုင်ရေး အတွက်လည်း ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA တွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသေးသည့် အချက်များကိုလည်း ဆွေးနွေး ညှိနှိုင်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သို့ပါ၍ မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ အကြိုပြင် ဆင်ရေးလုပ်ငန်းများတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ထပ်တိုးပါဝင်နိုင်ရေး ကို အောင်မြင်စွာ ဆွေးနွေး ညှိနှိုင်းနိုင်ပြီး NCA ကို အခြေခံ၍ ပေါ်ပေါက် လာသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံသို့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အစည်းများအားလုံး စုံညီစွာတက်ရောက်နိုင်စေ မည့်ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော်လင့် ပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။
တစ်ဆင့်တက်ကြိုးပမ်းမှုတစ်ရပ်
ထိုသို့သော ငြိမ်းချမ်းရေးအတွက် ကြိုးစားပမ်းစား တိုင်းရင်းသားခေါင်းဆောင်များ ဆောင်ရွက်နေသည့် သတင်းများ အကြားတွင် နောက်ဆုံးပေါ်ထွက်လာသည့် သတင်းတစ်ရပ်ကလည်း ကျွန်ုပ်တို့အတွက် အထူး အားတက်ဖွယ်ရာဖြစ်ခဲ့ရပါသည်။ ထိုအချက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် 'ဝ'၊ မိုင်းလား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သီးသန့် တွေ့ဆုံမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့်သတင်း ဖြစ်ပါသည်။
ယင်း လက်နက်ကိုင်ခေါင်းဆောင် များကို ဒေါ်အောင်ဆန်းစုကြည် ဘက်မှ ပြည်တွင်းသို့ လာရောက်တွေ့ဆုံရန် ဖိတ်ကြား ထားခြင်းဖြစ်ပြီး တွေ့ဆုံနိုင်မည့် နေ့ရက်ကို (၂၁) ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက ညှိနှိုင်းနေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့ပါသည်။ ယင်းတွေ့ဆုံမှုတွင် (၂၁) ရာစုပင်လုံ ညီလာခံကျင်းပမည့် ကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဟုလည်း သိရှိခဲ့ရပါသည်။
ထိုသို့မတွေ့ဆုံမီ ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ကလည်း ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက 'ဝ' ဒေသ၊ မိုင်းလားသို့ သွားရောက်ပြီး 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA) နှင့် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) တို့ကို တွေ့ဆုံခဲ့သည့်သတင်းကိုလည်း ဖတ်ခဲ့ရပါသေးသည်။
သို့သော်လည်း ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ သတင်းအသေးစိတ်ကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။ ဇူလိုင်လ ၂၆ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ် မိုင်ဂျားယန်တွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်မည့် ညီလာခံတစ်ခု ကျင်းပမည်ဖြစ်သော်လည်း 'ဝ' နှင့် မိုင်းလားအဖွဲ့များအနေနှင့် တက်ရောက်ခြင်း ရှိ၊ မရှိကို မသိရသေးပေ။
မကြာမီပြီးမြောက်အောင်မြင်တော့မည့် (၂၁) ရာစုပင်လုံ အချုပ်အားဖြင့်ဆိုရလျှင် ယခုအစိုးရသစ်လက် ထက်တွင် ၎င်းတို့၏ တစိုက်မတ်မတ်မူဝါဒ အရ ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးတွင် ပြောဆိုခဲ့ကြသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယနေ့အချိန်တွင် ထိထိရောက်ရောက် အပူတပြင်း ဆောင်ရွက် လျက်ရှိနေ သည်ကို တွေ့ရှိရနိုင်မည်ဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၊ မတိုးတက်ခြင်း၏ အဓိက အကြောင်းအရင်း တစ်ခုမှာ ထိုငြိမ်းချမ်းခြင်းရှိခြင်း၊ မရှိခြင်းဟူသည့် အချက်အပေါ်တွင်သာ တည်မှီနေလေသည်ဖြစ်ရာ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယအဖြစ် သတ်မှတ်ကာ မဖြစ်မနေ မလျှော့သော ဇွဲလုံ့လထားပြီး ဆောင်ရွက်ကြရမည်သာ ဖြစ်ပါသည်။
သည့်အတွက်ပင်လျှင် ယနေ့အချိန်အခါတွင် အစိုးရသစ်အနေဖြင့်လည်း အင်တိုက်အားတိုက် ဆောင်ရွက်နေ ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး တာထွက်ကောင်းနေ ကြောင်းကို မကွယ်မဝှက် တွေ့ရှိကြရ မည်လည်း ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးများအားလုံး အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရပြီး ငြိမ်းချမ်းရေး ရပါက တောင်တန်း ပြည်မ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ကာ ယခင်ထက် ပိုမိုချစ်ကြည်စည်းလုံးစေလာနိုင်မည်လည်း ဖြစ်ပါသည်။
ကျွန်ုပ်တို့နိုင်ငံအတွက် အပူတပြင်း လိုအပ်နေသည့် အရာမှာလည်း ထိုငြိမ်းချမ်းရေး ပင် ဖြစ်ပါသည်။
တိုင်းရင်းသားများအများစု နေထိုင်ကြသည့် တောင်တန်းဒေသများ မဖွံ့ဖြိုး မတိုးတက်ဘဲ နောက်ကျ ကျန်နေခဲ့ရသည့် အခြေခံအကြောင်းတရားမှာလည်း သည်ကိစ္စဖြစ်သည်မှာ ယုံမှားသံသယ မရှိလောက်ပေ။
အမှန်ဆိုရလျှင် ဤအချက်မှာ အစိုးရသစ်ကာလအစ အကောင်အထည်ဖော်နေ သည့် အခြားအရာရာသော ကိစ္စများထက် ပြည်သူအများစုက အလေးထားပြီး တိုင်းရင်းသားများအကြား နှစ်ရှည်လများ မျှော်လင့်စောင့် စားနေခဲ့ကြရသည့် အိပ်မက်ရှည်ကြီးတစ်ခုဆိုလျှင်လည်း မှားနိုင်မည်မထင်ပါ။
တစ်ဖက်ကကြည့်လျှင်လည်း အစိုးရ သစ်၏ အတိတ်အချိန်အခါဆီက အမှန်တကယ် အောင်မြင်အောင် အကောင်အထည်ဖော်ရန် ဆန္ဒပြင်းပြနေသည့်အပေါ် ၎င်းတို့အခါခါမက်ခဲ့သည့် အိပ်မက်တစ်ခုဟုဆို သည်က ပိုမှန်မည်ထင်ပါသည်။ ယခုလက်ရှိမှာတော့ အစိုးရနှင့်ပြည်သူများအကြား နှစ်ဦးနှစ်ဖက် အခါခါမက်ခဲ့ကြသည့် မပီပြင်ဝိုးတဝါး ထိုအိပ်မက်များမှာ အမှန်တကယ် ဖြစ်ထွန်းပေါ်ပေါက်ရန် လမ်းစကို စမြင်နေကြရပြီဖြစ်သလို ပါဝင်သင့်သူများပါဝင်လာလျက် လမ်းသစ်ကိုလည်း စတင်ထွင်လျှောက်နေကြပြီလည်း ဖြစ်ပါသည်။
သည့်အတွက် နိဂုံးချုပ်ဆိုရလျှင် ယနေ့ချိန်အခါတွင် အစိုးရသစ်နှင့် တပ်မတော်ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် အပူတပြင်းဖော်ဆောင်နေသည့် ၂၁ ရာစု ပင်လုံဟု ခေါ်ဆိုကြသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ဖြစ်မြောက်ရန်မှာလည်း တစ်လကျော်ကျော်သာလိုပါ တော့သည်။

သို့ဖြစ်၍ နိုင်ငံသားအားလုံးအတွက်၊ နိုင်ငံတော်၏ရှေ့ရေးအတွက်၊ အနာဂတ်လူငယ်များအတွက် ထိုသို့ ကြီးမြတ် သည့် လုပ်ငန်း စဉ်ကြီး ဆောင်ရွက်နေကြ သည့် ဤအချိန်အခါအတွင်းတွင် ကျွန်ုပ်တို့ပြည်သူ များ၊ တိုင်းရင်းသား နိုင်ငံသားများအားလုံးကလည်း ထိုအရာအပေါ် စိတ်ပါဝင်စားစွာဖြင့် စောင့်ကြည့်လေ့လာခြင်း၊ အားပေး အားမြှောက်ပြုခြင်း၊ မိမိတို့တတ်နိုင်သည့်ဘက်မှ ပါဝင်ကူညီခြင်းများ ဆောင်ရွက်ကြရမည်မှာ အမှန် ပင်ဖြစ် ပါကြောင်း ဖြစ်ထွန်းပေါ်ပေါက်နေသည့် အခြေအနေမှန်များကို အဆင့်လိုက်ရေးသား၍ တိုက်တွန်း လိုက် ရပါသည်။

No comments:

Post a Comment