Saturday, July 30, 2016

ဒုတိယအကြိမ် နေပြည်တော်သို့ လေ့လာရေးခရီးလာရောက်ခဲ့ကြသော ကချင်၊ ကယား၊ မွန်နှင့် ရခိုင်တိုင်းရင်းသား အဖွဲ့များအား နှုတ်ဆက်ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုများအတွက် အခြေခံလိုအပ်ချက်များအား အချိန်တိုအတွင်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် ပထမရက်(၁၀၀) စီမံကိန်းအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မိမိတို့ ဝန်ကြီးဌာန အနေဖြင့် လုပ်ငန်းစဉ် (၉) ရပ်ချမှတ်၍  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး
အဆိုပါလုပ်ငန်းစဉ်များအနက်မှ နယ်စပ်ဒေသများမှ တိုင်းရင်းသားလေ့လာရေး အဖွဲ့ဝင်များကို အလှည့်ကျစနစ်ဖြင့် ဖိတ်ကြားခေါ်ယူပြီး နေပြည်တော်နှင့် ပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း ယမန်နေ့ ညနေ (၆)နာရီတွင်  နယ်စပ် ရေးရာဝန်ကြီး ဌာန၏ စုပေါင်းခန်းမ၌ ကျင်းပသည့် ဒုတိယအကြိမ် နေပြည်တော်သို့ လေ့လာရေးခရီး လာရောက်ခဲ့ ကြသော ကချင်၊ ကယား၊ မွန်နှင့် ရခိုင် တိုင်းရင်းသားအဖွဲ့များအား နှုတ်ဆက်တွေ့ဆုံခြင်းအခမ်းအနား၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယင်းသို့ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များမှာ တိုင်းရင်းသား အချင်းချင်း ရင်းနှီးချစ်ကြည်စွာ အတူယှဉ်တွဲနေထိုင်ရင်း တစ်ဦး၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို တစ်ဦးက လေ့လာသိရှိ ဖလှယ်ခွင့်ရရှိစေရန်၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုများကို မျက်ဝါးထင်ထင် လေ့လာ တွေ့ရှိပြီး လေ့လာရေးခရီးစဉ် ကရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ ရပ်ရွာဒေသဖွံ့ဖြိုးရေးအတွက် ထိရောက်စွာ ပြန်လည်အသုံးချနိုင်ရန်၊ မိမိတို့ တိုင်းရင်းသားအားလုံးသည် ရှေးနှစ်ပေါင်းများစွာကပင် ပြည်ထောင်စုကြီးအတွင်း အေးအတူပူအမျှ မှီတင်းနေထိုင် လျက်ရှိကြသည့် တစ်အူတုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမများ ဖြစ်ကြသည်ဟူသော ကောင်းမွန်မှန်ကန်သော ခံယူချက်ဖြင့် ပြည်ထောင်စုစိတ်ဓာတ်၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး စိတ်ဓာတ်များ ရှင်သန်ခိုင်မာလာ စေရန်ပင် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ နိုင်ငံသူနိုင်ငံသားများနှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်မြင့်မားရေးဟူသော ရည်မှန်းချက်များ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ယနေ့နိုင်ငံတော်အတွက် အလိုအပ်ဆုံး အရာမှာ ပြည်တွင်းငြိမ်းချမ်းရေးပင် ဖြစ်ပါကြောင်း' နောင်မျိုးဆက်သစ်များအတွက် ထားခဲ့ရမည့် အကောင်းဆုံးအမွေအနှစ်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါ ကြောင်း၊ မိမိနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး မရှိလျှင် ဖွံ့ဖြိုးတိုးတက်မှုကို မရရှိနိုင်ပါကြောင်း၊ ထို့ပြင် စည်းလုံးညီညွှတ်မှုရှိမှသာ ငြိမ်းချမ်းနိုင်မည် ဖြစ်သည့်အတွက် ညီညွှတ်ရေးကို အခြေခံသည့် ငြိမ်းချမ်းရေးကို ဖန်တီးဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးမှ တစ်ဆင့် မိမိတို့လိုလားသည့် ချမ်းသာကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံကို ထူထောင်နိုင်မည်  ဖြစ်ပါကြောင်း၊ နောင်မျိုးဆက်သစ်များကို တစ်ဆင့်ပြီး တစ်ဆင့် ကောင်းမွန်သည့် အမွေအနှစ်နှင့်အတူ တာဝန်များကိုလည်း လက်ဆင့်ကမ်းပေးသွားရမည် ဖြစ်ပါ ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကချင်၊ ကယား၊ မွန်နှင့် ရခိုင် တိုင်းရင်းသားအဖွဲ့များအား အမှတ်တရ လက်ဆောင်ပစ္စည်းများအားပေးအပ်ပြီး တိုင်းရင်းသား/တိုင်းရင်းသူကိုယ်စား ရခိုင်တိုင်းရင်းသူ တစ်ဦးမှ တိုင်းရင်းသားအဖွဲ့များကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ဂုဏ်ပြုညစာအား အတူတကွသုံး ဆောင်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် တိုင်းရင်းသားအဖွဲ့များနှင့်အတူ အမှတ်တရ စုပေါင်းဓါတ်ပုံများ ရိုက်ကူးကြပြီး လေ့လာရေးခရီး ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် တိုင်းရင်းသား/ တိုင်းရင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ယနေ့နံနက်ပိုင်းတွင် လေ့လာရေးခရီးစဉ် ပြီးဆုံး၍ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာမည့် တိုင်းရင်းသား လေ့လာရေးအဖွဲ့များအား နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်မှ လေ့လာရေးခရီးစဉ်မှတ်တမ်းဓါတ်ပုံ Album များနှင့် ဗွီဒီယိုခွေများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment