Sunday, July 31, 2016

ပထမအကြိမ် နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီ စာအုပ် ဈေးရောင်းပွဲ တတိယနေ့ အောင်မြင်စွာ ကျင်းပပြီးစီး



သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ -ဇော်မင်းလတ်
ရန်ကုန် - ဇူလိုင် ၃၁
ပြန်ကြားရေး ဝန်ကြီးဌာနက ကြီးမှူး ကျင်းပသည့် ပထမအကြိမ် နိုင်ငံရေး စာပေစာတမ်း ဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲ တတိယနေ့ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ ဆက်လက် ကျင်းပသည်။













စာတမ်းဖတ်ပွဲ တတိယနေ့ နံနက်ပိုင်းတွင် သဘာပတိများ အဖြစ် ဦးအောင်ရှင် (မုံရွာအောင်ရှင်)၊ ဦးမြဟန် (မြဟန်)နှင့် ဦးအေးချို (ဦးအေးချို- မဟာဝိဇ္ဇာ)တို့က ဆောင်ရွက် ကြပြီး စာတမ်းရှင် ဦးမောင်မောင်ဦး (ဟိန်းလတ်)က "နိုင်ငံတကာ နိုင်ငံရေး ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ (ပြည်ပ)"၊ ဦးသန်းအုန်း (မောင်ဇေယျာ)က "မြန်မာ့နိုင်ငံရေး အတ္ထုပ္ပတ္တိစာပေ (၁၉၃၇-၁၉၈၇)"နှင့် ဦးရဲနိုင်အောင် (ကိုဝ)က "နိုင်ငံရေး ဘောဂဗေဒ စာပေများ၏ နိုင်ငံရေးအကျိုး သက်ရောက်မှု" စာတမ်းတို့ကို ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် သဘာပတိမျာ အဖြစ် ဒေါက်တာကျော်ဝင်း (ပါမောက္ခ-ငြိမ်း)၊ ဦးကျော်နိုင် (ထက်မြက်)နှင့် ဦးကိုကို (ကို-တက္ကသိုလ်)တို့က  ဆောင်ရွက်ကြပြီး စာတမ်းရှင် ဦးမော်လင်း (မော်လင်း)က "မြန်မာ့နိုင်ငံရေးနှင့် စာနယ်ဇင်းများ"၊ ဦးဇော်လင်း (လင်းအေး)က "မြန်မာနိုင်ငံ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံရေး စာပေ (၁၉၀၀-၁၉၄၀)" နှင့် ဦးကိုကိုလှိုင် (ကိုကိုလှိုင်)က "ခေတ်ပြိုင် နိုင်ငံတကာ နိုင်ငံရေး အတွေးအခေါ်များ" စာတမ်းများကို ဖတ်ကြားကြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များကို စာတမ်းရှင်များက ပြန်လည် ဖြေကြားကြကာ တတိယနေ့ စာတမ်းဖတ်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီးသည်။
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်နှင့် တာဝန်ရှိသူများက စာတမ်းရှင်များအား  ဉာဏ်ပူဇော်ခများကို ပေးအပ် ချီးမြှင့်ကြသည်။
ယင်းနောက် ပထမအကြိမ် နိုင်ငံရေး စာပေစာတမ်း ဖတ်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)က ကျေးဇူးတင် စကား ပြောကြားသည်။
မိုးရာသီ စာအုပ်ဈေးရောင်းပွဲ တတိယနေ့တွင် စာအုပ်တိုက်များမှ စာအုပ်ဆိုင် ၁၇၁ ဆိုင်ကို ဆက်လက် ဖွင့်လှစ် ရောင်းချပေးလျက် ရှိရာ စာပေပညာရှင်များ၊ စာပေဝါသနာရှင် ရဟန်းရှင်လူ ပြည်သူများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် ယနေ့ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည့်အပြင် လိုချင်သည့် စာအုပ်များကို တစ်နေရာထဲတွင် တစ်စု တစ်စည်းတည်း ဝယ်ယူနိုင်သည့် အတွက် ယခင်နေ့များထက်ပင် အထူးများပြားပြီး ပိုမို စည်ကားလျက် ရှိကြောင်း တွေ့ရသည်။
တတိယနေ့ စာတမ်းဖတ်ပွဲနှင့် စာအုပ် ဈေးရောင်း ပွဲတော်သို့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊   စာတမ်းရှင်များ၊ နိုင်ငံရေးနှင့် စာပေ နယ်ပယ်များမှ ပညာရှင်များ၊ စာပေ ဝါသနာရှင်များ၊ နိုင်ငံရေးနှင့် နိုင်ငံရေး စာပေ စိတ်ဝင်စားသူများ၊ ဖိတ်ကြား ထားသူများနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

No comments:

Post a Comment