Thursday, July 28, 2016

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ ဆက်လက် ကျင်းပ


မိုင်ဂျာယန် ဇူလိုင် ၂၈
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်လျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း များ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီ ခွဲ တွင်  ဆက်လက် ကျင်းပသည်။
ယနေ့အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး(CNF)၏ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်း က အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်သည်။
ယနေ့ပြုလုပ်သည့်အစည်းအဝေးတွင်   ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ ကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများတင်သွင်းခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့သည်။
 အလှည့်ကျသဘာပတိ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက "မနက်ဖြန်ကျရင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မူဘောင် သုံးသပ်ချက် (Political Framework Review) အတွက် ဆွေးနွေးဖို့ရှိတယ်။ ဆပ်ကော်မတီ နှစ်ခုလုပ် ထားပါတယ်။ ဆပ်ကော်မတီ တစ်မှာကတော့ ကျွန်တော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ပါပါတယ်။ ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ Review လုပ်ထားတာကို မူကြမ်းအဖြစ် တင်သွင်း မယ်။ အဲ့ဒီအပေါ်မှာ အားလုံးရဲ့ ခံယူချက် လိုလားချက်ကို ကျွန်တော်တို့ ဆောင်ရွက် နိုင်ဖို့ ကြိုးစား သွားပါမှာဖြစ်ပါတယ်။ အားလုံးပေါင်းလိုက်ရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကို တက်ရောက် နိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုတော့ရှိလိမ့်မယ်လို့ မြင်ပါတယ်" ဟု သြဂုတ်လဆန်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရန်အတွက် ပြုလုပ်မည့် နိုင်ရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် သုံးသပ်ချက်နှင့်ပတ်သက်၍  ပြောသည်။
ဆွေးနွေးလျက်ရှိသည့် အကြောင်းအရာများအားလုံး ဘုံသဘောတူညီများချမှတ်နိုင်ရန်အတွက် အစည်း အဝေးကို မူလက  ဇူလိုင် ၂၆ မှ ၂၉ ရက်အထိ လေးရက်တာ ကျင်းပရန် သက်မှတ်ထားသော်လည်း ဇူလိုင် ၃၀ အထိ ရက်တိုးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း ရဲခေါင်ညွန့်၊ ဓါတ်ပုံ - ဖိုးထောင်

No comments:

Post a Comment