Wednesday, July 27, 2016

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၇၀၀)ဘီလီယံခန့် ထုတ်ချေးရန်လျာထား


နေပြည်တော် ဇူလိုင် ၂၇
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ပြီးခဲ့သည့် (၁၀)နှစ်တာကာလကို ပြန်လည်သုံးသပ်ကြည့်ပါက ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အထိ အသားတင်အမြတ်စုစုပေါင်း ကျပ်(၅၄ ဒသမ ၇၄)ဘီလီယံရရှိခဲ့ပြီး နိုင်ငံတော် သို့ ထည့်ဝင်ငွေအနေဖြင့် စုစုပေါင်းကျပ် (၄၁ ဒသမ ၀၅၄) ဘီလီယံ ထည့်သွင်းနိုင်ခဲ့ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။


ယနေ့နံနက်ပိုင်းတွင် ကျင်းသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံ မှန်အစည်းအဝေး တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး“မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၏ အရှုံးအမြတ်၊ ဘဏ္ဍာ ရေးဆိုင်ရာ နှစ်ချုပ်အစီရင်ခံစာ ထုတ်ပြန်ပေးနိုင်ခြင်းရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နှစ်ကုန်ဆုံးတိုင်း နှစ်ချုပ်စာရင်းရေးဆွဲပြီး စာရင်းစစ်ချုပ်၏ သုံးသပ်တင်ပြ ချက်နှင့်အတူ ဘဏ်၏အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းများ ပူးတွဲလျက် ၀န်ကြီး ဌာနသို့ တင်ပြရပါကြောင်း၊ ၀န်ကြီးဌာနမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ ထပ်မံတင်ပြရပြီး ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးဖြင့် စိစစ်အတည်ပြုကာ  အဆိုပါနှစ် ချုပ်အစီရင်ခံစာများကို ဘဏ်(ရုံးချုပ်)ဌာန အသီးသီးသို့ပေးပို့၍ ထုတ်ပြန်ကြေညာပါကြောင်း။
ပြီးခဲ့သည့် (၁၀)နှစ်တာကာလ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ကြည့်လျင် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် (၄၄ ဒသမ ၈၇)ဘီလီယံကို ချေးခဲ့ရာမှ ချေးငွေ ပမာဏ တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် (၁၁၆၇ ဒသမ ၄၈)ဘီလီယံအထိ ထုတ်ချေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေး နှစ်တွင်မူ ချေးငွေ ကျပ် (၁၀၉၁ ဒသမ ၄၀) ဘီလီယံ ထုတ်ချေးခဲ့ပြီး ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်(၁၇၀၀)ဘီလီယံခန့် ထုတ်ချေးရန်လျာထားပါကြောင်း၊ သီးနှံအလိုက်ချေးငွေများကို ကြည့်ပါက စပါးချေးငွေသည် စုစုပေါင်းချေးငွေ၏ (၉၁)ရာခိုင်နှုန်းနီးပါးရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြေကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် လချုပ်၊ နှစ်ချုပ်များကို စနစ်တကျပြုစုရေးဆွဲပြီး မြို့နယ်ဘဏ်ခွဲ၊ ပြည်နယ်နှင့် တိုင်းဒေ သကြီးဘဏ်ခွဲများမှသည် ဘဏ်ရုံးချုပ်တိုင်အောင် စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အဖွဲ့ များက စစ်ဆေးအတည်ပြုထားပြီးဖြစ်၍ ဘဏ်၏နှစ်ချုပ်အစီရင်ခံစာများကို အများပြည် သူ သိရှိနိုင်ရန်အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ်ခွဲများမှတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ “တရားရုံးများ တွင် အမှုပြီးပြတ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဆွေးမြည့်ပျက်စီးမှုမရှိခင် နိုင်ငံဘဏ္ဍာ ဖြည့်တင်းနိုင်ရေးအတွက် လေလံတင်ရောင်းချခြင်း သို့မဟုတ် မော်တော်ယာဉ် လိုအပ်သောဌာနများသို့ လွှဲပြောင်း အသုံးပြုခွင့်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် တရားရုံးများ၌ အမှုပြီးပြတ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းထား သော မော်တော်ယာဉ် များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လမ်းညွှန်ချက်အတိုင်း Open Tender စနစ်ဖြင့်ရောင်းချပြီး ရောင်းချမရသော မော်တော်ယာဉ်များကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေး အပ်ကာ နိုင်ငံပိုင်စာရင်းရေးသွင်းနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ထို့ပြင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သော တရားရုံး အသီးသီးမှ ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များကို ကွင်းဆင်းစစ်ဆေးပြီး ပြုပြင်သုံးစွဲနိုင်သည့်အဆင့် မော်တော် ယာဉ်များကို သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မော်တော်ယာဉ်လိုအပ်သော ဌာနများသို့ ခွဲဝေပေး လျက်ရှိပြီး ပြုပြင်သုံးစွဲရန် မသင့်အဆင့် မော်တော်ယာဉ်များကို သံရည်ကျိုဖျက်ဆီးနိုင် ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ယူပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။
အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဖမ်းဆီး ရမိပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ပြုပြင်သုံးစွဲနိုင်သည့်အဆင့် မော်တော် ယာဉ်များကို အစိုးရအဖွဲ့အစည်းများနှင့် ဌာနများသို့ ဌာနဆိုင်ရာမော်တော်ယာဉ်များ အဖြစ် ခွဲဝေပေးလျက်ရှိပြီး ပြုပြင်သုံးစွဲရန် မသင့်အဆင့် မော်တော် ယာဉ်များကို လုပ် ထုံးလုပ်နည်းများနှင့်အညီ သံရည်ကျိုဖျက်ဆီးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း ဒုတိယ၀န်ကြီးက ရှင်းလင်းဖြေကြားသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှန်(၄)မှ ဦးထိန်ဝင်းက “ပြည်တွင်းအခွန် များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက အကြောင်းအမျိုးမျိုးကြောင့် လာရောက် ထုတ်ယူခြင်းမရှိသည့် ထီဆုငွေများအား နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းမပြုဘဲ ထီထိုးကံစမ်းသူ ပြည်သူများကိုပင် ပြန်လည်၍ ဆုမဲများအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ /မရှိ သိရှိလိုကြောင်း”မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက အောင်ဘာလေသိန်းဆုဌာနခွဲ အနေဖြင့် လစဉ်အောင်ဘာလေထီ ပေါက်မဲ များကို ပြည်သူလူထု အချိန်မီသိရှိနိုင်ရန် ထီပေါက်စဉ် များကို အောင်ဘာလေထီ ၀က်ဘ်ဆိုဒ်မှ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါ ကြောင်း။
ထီဆုငွေများကို ထီပေါက်စဉ်ကြေညာပြီးနောက် တစ်နှစ်တာကာလအတွင်း လာရောက်ထုတ်ယူရန် သတ်မှတ်ထား ပါကြောင်း၊ အဆိုပါကာလအတွင်း လာရောက် ထုတ်ယူခြင်းမပြုပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ကြောင်းကို ထီလက်မှတ် ၏နောက်ကျောတွင် ဖော်ပြထားပြီးဖြစ်သကဲ့သို့ ထုတ်ပေးရန် သတ်မှတ်ကာလအတွင်း အချိန်စေ့ရောက်ခါနီးတွင်လည်း နိုင်ငံပိုင်သတင်းစာများနှင့် အောင်ဘာလေထီ ၀က်ဘ်ဆိုဒ် တို့မှ ထုတ်ပြန်အသိပေးလျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီပေါက်သူ ပြည်သူများ၏ ရပိုင်ခွင့်ဖြစ်သော ထီဆုငွေများမှ အကြောင်းအမျိုးမျိုးကြောင့် ထုတ်ယူ ခြင်းမရှိသည့် ဘဏ္ဍာသိမ်းရငွေများအပေါ် အစိုးရအနေဖြင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေမှ တစ်ဆင့် နိုင်ငံတော်၏လုံခြုံရေး၊ ဒေသများဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာ ရေးနှင့် လူမှုရေးကဏ္ဍများတွင် ၅၁သန်းကျော်သော ပြည်သူများအတွက် အချိုးကျပြန် လည်ခွဲဝေသုံးစွဲလျက်ရှိကြောင်း။
 နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းသော ထီဆုငွေများကို သတ်မှတ်ချက် များနှင့်အညီ အောင်ဘာလေ ထီလုပ်ငန်းနှင့် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးလုပ်ငန်း များ ဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲသွားရန် အစိုးရအောင်ဘာလေထီဥပဒေ(မူကြမ်း) တွင် ပြဋ္ဌာန်းသွားရန်ဆောင်ရွက် လျက်ရှိပါကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ပြည်သူများ တရားမ၀င်ထီထိုးခြင်းကို စိတ်ဝင် စားမှုလျော့နည်းရေး၊ ဆုကြေးငွေ ပိုမိုရရှိနိုင်ရေး၊ လူမှုစီးပွားဘ၀ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရေး၊ လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ပြည်တွင်းအခွန် များဦးစီးဌာနမှ (၅၀၀)ကျပ်တန် အောင်ဘာလေထီ ထုတ်ဝေရောင်းချ ရန် စီစဉ်လျက်ရှိကြောင်း၊ အဆိုပါအောင်ဘာလေထီတွင် အထူးဆုကြီးအဖြစ် ကျပ်သိန်း (၁၀၀၀၀)၊ ဒုတိယ ဆုအဖြစ် ကျပ်သိန်း(၅၀၀၀)၊ တတိယဆုအဖြစ် ကျပ်သိန်း (၁၀၀၀) နှင့် အခြားဆုမဲများ ကို ဝေေ၀ဆာဆာ တိုးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်း။

ထီလက်မှတ်များအား မြို့နယ်အခွန်ရုံးများတွင် လက်လီဖြန့်ဖြူးရောင်းချရန် အစီအစဉ်မရှိပါကြောင်း၊ လက်ကားဝယ်ယူ ရောင်းချလိုပါက သတ်မှတ်ညွှန်ကြားချက် များနှင့်အညီ ၀ယ်ယူခွင့်ရရှိရေး တင်ပြ လျှောက်ထား နိုင်ပါကြောင်း၊ ထို့ပြင် ထီဈေးနှုန်း မြင့်မားနေခြင်းကို ထိန်းညှိနိုင်ရန်နှင့် ထီစောင်ရေလိုသ လောက် ကံစမ်းနိုင်ရန်အတွက် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် e-lottery စနစ်ဖြင့် (၅၀၀)ကျပ်တန် ထီများတိုး ချဲ့ ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။

No comments:

Post a Comment