Wednesday, July 27, 2016

မျော်လင့်မိသည့်အရာ


မူမူ
ခေတ်များပြောင်းလဲကာ အချိန်ကာလတို့ ရွေ့လျားချိန်ဝယ် ကျွန်မတို့ကိုင်ဆောင် သုံးစွဲနေသောငွေကြေးတို့၏ ပြောင်းလဲမှုကိုလည်း အမှတ်ရမိကြမည်ထင်သည်။ ကျွန်မတို့ငယ်စဉ်က တစ်ပြားစေ့ကိုမြင်ဖူးပြီး မသုံးစွဲခဲ့ရပါ။

တစ်ပြားတန်ပစ္စည်းဟူ၍ မရှိတော့သည့်အတွက်ပင်။ ကျွန်မတို့သုံးရသည်က ငါးပြားစေ့မှစကာ ဆယ်ပြားစေ့၊ ၂၅ ပြားစေ့(တစ်မတ်)၊ ပြား ၅ဝစေ့(ငါးမူး)၊ တစ်ကျပ်စေ့နှင့် ငွေစက္ကူ များဖြစ်သည်။
တစ်ပွဲလျှင် ၁၅ ပြားပေးရသော အသုပ်စုံတစ်ပွဲဝယ်စားပါက ဗိုက်ပြည့်အောင် စားရသည်။ မူလတန်းတက်စဉ်က မုန့်ဖိုးမ ရခဲ့သော်လည်း ကျောင်းမတက်မီ အမေဝယ်ကျွေး သောမုန့်မှာ ဂျုံယိုဖြစ်သည်။ ဂျုံစေ့ကို မုန့်လုပ် ထန်းလျက် ဟုခေါ်သည့် အရောင်မချွတ်ဘဲ သဘာဝအရောင် ထန်းလျက်ခဲ မည်းမည်းကြီး များသုံးကာ ကျိုထား သော ထန်းလျက် ရည်ဖြင့် နူးမြည့်နေအောင် ယိုထိုးထားခြင်းဖြစ် သည်။ ထိုယိုကို ချုံပင်ဖြစ်အောင် ပေါများစွာ ပေါက်နေသည့် ဗုဒ္ဓံသရဏံပင် မှ အရွက် အား ရေစင်အောင်ဆေးပြီး ပိုင်းဖြတ်ထားသည့် ဖက်တွင်ထည့် လျက် ရောင်းခြင်းဖြစ် သည်။ ၅ ပြားဖိုးဝယ်ပါက အာသာပြေရုံ မက ဝမ်းဝပါသည်။
မုန့်ကျွဲသည်း၊ မုန့်ဦးနှောက်နှင့် မြန်မာမုန့်မျိုးစုံကို ဟိုတစ်ခုသည် တစ်ခုထည့်ပေးပြီး လက်ခြစ်အုန်းသီးဖတ် များများထည့်ကာ ရောင်းသည့် ၁ဝ ပြားတန်မုန့်စုံဝယ်စားပါက မနက်စာသာမက နေ့လယ်ထမင်းစားပြီး အချိုတည်းကာ စားနိုင်ပါသေးသည်။ တယ်လီဖုန်း ရှားပါးချိန်ဖြစ်သောကြောင့် ဆက်သွယ်ရေး ရုံးမှတပ် ဆင် ထားသော ၅ဝ ပြားတန် အဝါ ရောင်ကြေးပြားစေ့ထည့်ကာ ဖုန်းဆက်ခဲ့သည့်ခေတ် ကိုလည်းမီခဲ့သည်။ ဈေးတက် သွားသည့်အခါ တစ်ကျပ်စေ့ထည့်မှ ပြောနိုင်ပြီး ယခုအချိန်တွင်မူ ထိုဖုန်းကို မမြင်တွေ့ရတော့ပါ။
မုန့်ဖိုးငွေ တစ်ကျပ်တန်တစ်ရွက်စ၍ ရသည့်နေ့တွင် ငွေစက္ကူ၌ရိုက်နှိပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ဖင်ပြန် ခေါင်းပြန်ကြည့်ကာ အပျော်ကြီးပျော်ခဲ့သော ကျွန်မ၏ ငယ်ဘဝသည် ပြန်တွေးမိသော် ပြုံးမိပေသည်။ ထိုမှတစ်ဖန် ၅ ကျပ်တန်၊ ၁ဝ တန်စသည် ဖြင့်တိုး၍ရခဲ့ပြီး ထိုငွေစက္ကူတိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ တည်ကြည် ရဲရင့်သည့်ပုံကို ယခုတိုင်မေ့မရပါ။
တက္ကသိုလ်စတက်သည့် ၁၉၈၇ ခုနှစ်မှစကာ ကြီး ကျယ်သော နိုင်ငံရေးပြောင်းလဲမှု တွင် ကိုယ်တိုင်ပါဝင်ရင်း ငွေစက္ကူ အချို့အား နိုင်ငံတော်မှ သုံးခွင့်မပြုကြောင်း ကြေညာသည်ကိုကြားခဲ့ပြီးနောက် တဖြည်းဖြည်းနှင့် ဗိုလ်ချုပ် အောင်ဆန်းပုံ ရိုက်နှိပ်ထားသော ငွေစက္ကူ တို့ ပျောက်ကွယ်ခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများစု၌ သုံးစွဲသောငွေစက္ကူများပေါ်တွင် သူတို့နိုင်ငံ ၏ လေးစားချစ်ခင်သူတို့ပုံကိုသာ ရိုက်နှိပ် သုံးစွဲကြပါသည်။ ကျွန်မတို့နိုင်ငံနှင့် အနီးဆုံးဖြစ်သော ထိုင်းနိုင်ငံတွင် ငွေစက္ကူနှင့်ပတ်သက်ပြီး ကြီးလေးသော အမိန့်ကို ထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံ၏ ငွေစက္ကူတွင် သူတို့နိုင်ငံ၏ ဘုရင်မင်းမြတ်ပုံကို ချစ်ခင်မြတ်နိုးစွာ ရိုက်နှိပ်ထားသည်။ ထိုငွေစက္ကူကို မနင်းရန်အတွက် ဥပဒေထုတ်ပြန်ထားပြီး နိုင်ငံသူ နိုင်ငံသား များကလည်း မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ မနင်းမိအောင် သတိထားကြကြောင်းကို ကြားသိရ သည်မှာ လေးစားအတုယူဖွယ်ဖြစ်သည်။
ဒီမိုကရေစီစနစ် ထွန်းကားသော ဗြိတိန်နိုင်ငံတွင်လည်း သူတို့နိုင်ငံ၏ ဘုရင်မကြီး ရုပ်ပုံပါသော တံဆိပ်ခေါင်းကို ပြောင်းပြန် ကပ်မိပါက ဘုရင်မကြီး၏ ဂုဏ်သိက္ခာအား ထိပါးစော်ကားသည်ဟုယူဆကာ အလွန်ကြီးလေးသော ရာဇဝတ် မှုဟု သတ်မှတ်ထားကြောင်းကို သိရသည့်အခါ ထိုနိုင်ငံ၏ ကြီးမြတ်သော ရိုသေလေးစားမှုအား အံ့သြမိပြန် သည်။ ထိုကဲ့သို့ပင် အချို့သောနိုင်ငံများတွင်လည်း သူတို့ချစ်မြတ်နိုးသည့် နိုင်ငံ့ခေါင်းဆောင် များအား အလေးဂရုပြုကြကြောင်းကို ကြားရလေတိုင်း ကျွန်မသည်လည်း မိမိနိုင်ငံ၏ ငွေစက္ကူများပေါ်၌ အာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ပုံကို ပြန်လည် မြင်တွေ့လိုလှပါပြီ။
Anyway (မည်သို့ဖြစ်စေ)ဟူသော ဘဝလမ်းညွှန်ဒဿနစာစုလေးမှ စာပုဒ်ကလေးကို သတိရမိသည်။ နှစ်ပေါင်း များစွာ သင်တည်ဆောက်ခဲ့သော အရာသည် နေ့ချင်းညချင်း ဖြိုလှဲဖျက်ဆီးခြင်းခံရလိမ့်မည်။ မည်သို့ဖြစ်စေ တည်ဆောက်စရာရှိတာ ဆက်၍တည် ဆောက်ပါ။ ကမ္ဘာလောကအတွက် အကောင်းဆုံးကို သင်ပေး လျက်လည်း သင့်အား ခါးသည်းနာကျည်းဖွယ် တုံ့ပြန်ကောင်းတုံ့ပြန်လိမ့်မည်။ မည်သို့ဖြစ်စေ သင့်မှာရှိ သည့် အကောင်း ဆုံး ကိုသာ ပေးမြဲသင်ပေးပါ ဟူသတည်း။ ထိုအတိုင်းပင် ကျွန်မတို့သည် မည်သို့ဖြစ်စေ အခက် အခဲများ ကြားမှ ကြိုးစားရုန်းထွက်နိုင်ခဲ့ကြပါပြီ။ အခြားသော ရလိုမှုတို့ကိုလည်း တရားသောနည်းဖြင့် ဆက်၍ ကြိုးစား ရယူကြပါဦးမည်။

ထိုအထဲတွင် ငွေစက္ကူများပေါ်၌ ရိုက်နှိပ်ထားသော ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီး၏ပုံသည်လည်း ငွေစက္ကူပေါ်တွင်မရိုက်နှိပ်ရသေးသည့်တိုင် ကျွန်မတို့၏ မျက်ဝန်းအကြည် လွှာဝယ် စွဲထင် လျက် ရှိနေပြီး ထိုပုံရိပ် သည် ကား ကျွန်မတို့အသက်ရှိနေသမျှကာလပတ်လုံး ပျက်ပြယ်မသွားနိုင်သည့်၊ သူတစ်ပါး လာရောက်ဖျက်ဆီး၍မရသည့် စစ်မှန်သောပုံရိပ်အဖြစ် ပိုင်ဆိုင်နေမည်သာဖြစ်ပါတော့သည်။

No comments:

Post a Comment