Friday, July 29, 2016

နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပြည်သူ့ဝန်ထမ်း လေ့ကျင့်ရေးကျောင်းများမှ ဘာသာရပ်ပို့ချမှုများကို လေ့လာသုံးသပ်ပြီး နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပူးပေါင်းကာ လက်ရှိအုပ်ချုပ်ရေး ယန္တရားအသစ်နှင့် အညီ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇူလိုင် ၂၉
ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်နေသည့် သင်တန်းများနှင့် ဘာသာရပ် ပို့ချမှုများအပေါ် ပြန်လည်သုံးသပ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မေ(၂) ရက်နှင့်(၃)ရက်တို့တွင် ကျင်းပခဲ့ကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ပြည်သူ့ ၀န်ထမ်းလေ့ကျင့်ရေးကျောင်းများမှ ဘာသာရပ်ပို့ချမှုများကို လေ့လာသုံးသပ်ပြီး UNDP ၊ EU(GOPA) ၊ World Bank ၊ KOICA ၊ APCICT ၊ Hanns Seidel Foundation စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ပညာရှင်များနှင့် ပူးပေါင်းကာ လက်ရှိအုပ်ချုပ်ရေး ယန္တရားအသစ်နှင့်အညီ သင်ရိုးညွှန်းတမ်းများ ပြင်ဆင်ရေးဆွဲဆောင်ရွက်လျက်ရှိပါ ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ယနေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင် မောင်ဦး၏ အောက်မြန်မာပြည် ဖောင်ကြီးဝန်ထမ်းတက္ကသိုလ်နှင့် အထက်မြန်မာပြည် ဇီးပင်ကြီးဝန်ထမ်းတက္ကသိုလ်တို့တွင် ပြဋ္ဌာန်းသင်ကြားလျက်ရှိသည့် သင်ရိုးညွှန်းတမ်း များအား အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေမှုရှိပြီး ဒီမိုကရေစီသဘော တရားများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့် ပြောင်းလဲအစားထိုး သင်ကြား ရန် အစီအစဉ် ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒေါက်တာဝင်းသိမ်းက ယင်းသို့ ရှင်းလင်း ပြောကြားခြင်းဖြစ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိ သည့် အုပ်ချုပ်ရေးယန္တရား စီမံခန့်ခွဲမှုပုံစံအသစ်ကို ကောင်းမွန်စွာ အကောင်အထည် ဖော်နိုင်ရေး ၊ အသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေမှုရှိပြီး ဒီမိုကရေစီ သဘောတရားများနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြင့် ပြောင်းလဲအစားထိုး သင်ကြားနိုင်ရေးအတွက် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် သက်ဆိုင်ရာသင်တန်း အသီးသီးအလိုက် ပို့ချနေသော သင်ရိုးညွှန်းတမ်းများကို သုံးသပ်ပြင်ဆင်ရေးဆွဲခြင်း လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ၊
ထို့ပြင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီဖွင့်လှစ်နိုင်ရေးအတွက် ဟန်းစ်ဆိုင်ဒယ် ဖောင်ဒေးရှင်း ၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA) ၊ ကမ္ဘာ့ဘဏ် ၊ ဂျပန်နိုင်ငံပြည်သူ့ရေးရာမူဝါဒဆိုင်ရာတက္ကသိုလ် စသည့် အဖွဲ့အစည်းများနှင့်လည်းကောင်း ၊ ပြည်သူ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ လုပ်ငန်းဆောင်ရွက်မှုအစီအစဉ်ရေးဆွဲခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်ကျင့်သိက္ခာ တန်းတူအခွင့်အရေးရရှိမှုနှင့် အရည်အချင်းအလိုက် ချီးမြှင့်မြှောက်စားမှုဆိုင်ရာ သဘောထားအမြင် စစ်တမ်းကောက်ယူခြင်း ဆိုင်ရာလုပ်ငန်းစဉ်များကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) နှင့်လည်းကောင်း ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်ပို့ချလျက်ရှိသော အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းနှင့် ၀န်ထမ်းအဖွဲ့ အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းများတွင် ပို့ချလျက်ရှိသော ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးဇယားများ ရေးဆွဲခြင်း ၊ ပြည်ပမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လာရောက်ပို့ချနိုင်ရေးအတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၊ ဥရောပသမဂ္ဂ မူဝါဒဆိုင်ရာအကြံပေးအဖွဲ့အစည်း EU(GOPA) ၊ ကမ္ဘာ့ဘဏ် စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လည်းကောင်း ပူးပေါင်းညှိနှိုင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲများကျင်းပခြင်း ၊ သင်တန်းပို့ချပေးခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါ ကြောင်းကိုလည်း ရှင်းလင်းပြောကြားသည်။
ဂန့်ဂေါ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသည့် မကွေးတိုင်းဒေသကြီး အနောက်ပိုင်းရှိ သစ်တောပြုန်းတီးမှုများနှင့် သဘာဝပတ်ဝန်း ကျင် ပျက်စီးမှုများအား ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လေးမျက်နှာမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဦးဇော်မင်းသိန်းက မိမိတို့နိုင်ငံသည် ရေခံမြေခံကောင်းပြီး ရာသီဥတုညီညွတ်ကာ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံတစ်ခုဖြစ်ပါကြောင်း ၊ ပထ၀ီအနေအထားအရလည်း ပင်လယ် ၊ တောင်တန်း ၊မြစ် ၊ ချောင်း ၊အင်း ၊အိုင် ၊ လွင်ပြင်စသည့် သဘာဝကပေး ထားသော တန်ဖိုးမဖြတ်နိုင်သည့် အရာများနှင့်လည်း ပြည့်စုံပါကြောင်း ၊ သစ်တော သစ်ပင် ၊ ရေချိုနှင့် ငါးသယံဇာတများ ၊ တွင်းထွက်သယံဇာတများလည်း အများအပြား ရှိပါကြောင်း ၊ ကျန်သည့် သယံဇာတများသည် ထုတ်ယူသုံးစွဲပြီးပါက ကုန်ဆုံး ပျောက်ကွယ်သွားတတ်သော်လည်း သစ်တောသစ်ပင်များသည် ခုတ်ယူသုံးစွဲပြီး ပြန်လည်စိုက်ပျိုးထူထောင်ပါက မူလအတိုင်း ပြန်လည်ရရှိနိုင်သည့် ထူးခြားသည့် အချက်ဖြစ်ပါကြောင်း ၊ လူသားများနှင့် သစ်ပင်များသည် အပြန်အလှန်အကျိုးပြုနေကြ ပါကြောင်း ၊ ယနေ့ မိမိတို့အသုံးပြုနေသည့် အရာဝတ္တုတော်တော်များများသည် သစ်တောသစ်ပင်မှ ရရှိသည့် အရာများပင် ဖြစ်ပါကြောင်း ။
မိမိတို့နိုင်ငံနည်းတူ ကမ္ဘာ့နိုင်ငံများစွာတွင်လည်း သစ်တောပြုန်းတီးမှုများသည် ကြောက်ခမန်းလိလိ မြင့်တက်လာနေကာ ကမ္ဘာမြေကြီးကို အန္တရာယ်များနှင့် ရင်ဆိုင်ရ စေပါကြောင်း ၊ ထို့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၉၇၄ ခုနှစ်မှ စတင်ကာ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ပြီး ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း (၄၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အထိုက်အ လျောက်သာ ကာကွယ်နိုင်ကြောင်းကို တွေ့ရှိရပါကြောင်း ၊ အိမ်နီးနားချင်း သီရိလင်္ကာ နိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် သစ်ပင်များကို လွယ်လင့်တကူ ခုတ်ခွင့် မပြုပါကြောင်း ၊ ကိုယ့်အပင် ကိုယ်ခုတ်မည်ဆိုပါက အစိုးရဌာနအဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက်ရမှသာလျှင် ခုတ်ခွင့်ပြုပါကြောင်း ၊ ဥပဒေအရ ထိရောက်တင်းကြပ်စွာ အရေးယူသကဲ့သို့ ပြည်သူများကိုလည်း သဘာ၀၀န်းကျင် ဂေဟစနစ်နှင့် ပတ်သက် သည့်ဗဟုသုတများကို စနစ်တကျဖြန့်ဝေအသိပေးထားသည်ကိုလည်း တွေ့ရှိရပါ ကြောင်းဖြင့် အဆိုရှင်၏ အဆိုအပေါ် ထောက်ခံဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျက မိမိတို့နိုင်ငံသည် သဘာဝသယံဇာတများဖြစ်သည့် မြေဆီသြဇာကြွယ်ဝသည့် မြေယာ ၊ သစ်မျိုးစုံနှင့် သစ်တောထွက်ပစ္စည်းများ ၊ ရေသယံဇာတ ၊ ဓာတ်သတ္တုသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ပေါကြွယ်ဝသည့် နိုင်ငံဖြစ်ပါကြောင်း ၊ သယံဇာတများ ပေါကြွယ် ၀ခြင်းသည် လူသားများ ရပ်တည်နေရသည့် သက်ရှိလောကအတွက် အစား အစာ ၊ ရေ ၊ စွမ်းအင်ဖူလုံမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းများ စသည့် အခြေခံလိုအပ်ချက်များကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါကြောင်း ၊ ဖော်ပြပါ သယံဇာတများတွင်ပါဝင်သည့် သစ်တောသယံဇာတသည် ရာသီဥတုပြောင်းလဲမှု ကြောင့်ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများ ၊ သဘာဝဘေးအန္တရာယ်များကို လျော့နည်းသွားစေသည့် ကြားခံများအဖြစ်လည်း ရပ်တည်ကာကွယ်ပေးလျက် ရှိသည်ကို တွေ့ရှိရပါကြောင်း ၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများဖြစ်သည့် တောရိုင်း တိရစ္ဆာန်နှင့် အပင်မျိုးစုံသည် လူသားများအပါအ၀င် သက်ရှိလောကအတွက် စားနပ်ရိက္ခာနှင့်လောင်စာ ၊ သစ် ၊၀ါး အစရှိသည့် ကုန်ကြမ်းပစ္စည်းများ ၊ အခြေခံဆေး ၀ါးများကို သဘာဝအလျောက်အခမဲ့ ထောက်ပံ့ပေးသည့် ၀န်ဆောင်မှုပေးသည့် သက်ရှိ ထောက်ပံ့ပေးသည့် ပစ္စည်းများဖြစ်ပါကြောင်း ၊ အဆိုပါဂေဟစနစ်များသည် သက်ရှိများ ရေရှည်ရပ်တည်နိုင်ရန်အတွက် အဓိက မရှိမဖြစ်လိုအပ်သည့် သဘာဝအထောက်အပံ့ များဖြစ်ပြီး လေနှင့်ရေကို သန့်စင်ပေးခြင်း ၊ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင် ခြင်း ၊ ရေလွှမ်းမိုးမှုကို လျော့နည်းစေခြင်း ၊ မုန်တိုင်းဒဏ်ကို ကာကွယ်ပေးခြင်း ၊ ရာသီ ဥတုကို ထိန်းညှိပေးခြင်း ၊ အနားယူအပန်းဖြေနိုင်ခြင်း ၊ သဘာဝအလှအပများ ပေးစွမ်း နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေတာဖြစ်ပါကြောင်းဖြင့် ထောက်ခံဆွေးနွေး သည်။
အဆိုရှင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၏ အဆိုတင်သွင်းမှုအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားရာတွင် မကွေးတိုင်းဒေသကြီးအတွင်း ဂန့်ဂေါ ၊ ပခုက္ကူ ၊ မကွေး ၊ မင်းဘူးနှင့် သရက်ခရိုင်တို့ ပါဝင်ကာ ဧရိယဧက (၁၁၀၇၅၄၀၅) ဧက ၊ ၁၇၃၀၅ ဒသမ ၃၂ စတုရန်းမိုင် ကျယ်ဝန်းပါကြောင်း ၊ သစ်တောဖုံးလွှမ်းမှုအနေဖြင့် ၅ ဒသမ ၀၇ သန်းဧကရှိပြီး တိုင်းဒေသကြီး ဧရိယာ၏ ၄၅ ဒသမ ၈၂ ရာခိုင်နှုန်း ရှိပါကြောင်း ၊ ၀န်ကြီးဌာနအနေဖြင့် သစ်တောပျက်စီးပြုန်းတီးမှု လျော့နည်းသက်သာ စေရေးနှင့် သစ်တောအတန်းအစား တိုးမြှင့်လာစေရန် ရည်ရွယ်လျက် ပုဂ္ဂလိကနှင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးလျက်ရှိရာ မကွေးတိုင်းဒေသကြီး အတွင်း နိုင်ငံပိုင်စိုက်ခင်းအဖြစ် ၁၉၈၁-၁၉၈၂ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ စီးပွားရေး ကျွန်းစိုက်ခင်းအပါအ၀င် သစ်မာ ၊ ကျေးရွာထင်းစိုက်ခင်း ၊ ရေဝေရေလဲ ၊ စက်မှုကုန်ကြမ်းစိုက်ခင်း ဧရိယာစုစုပေါင်း (၂၇၂၄၉၀) ဧကနှင့် ပုဂ္ဂလိကစိုက်ခင်းအဖြစ် ၂၀၀၇-၂၀၀၈ ခုနှစ်မှ ၂၀၁၅-၂၀၁၆ ခုနှစ်အထိ ကျွန်းနှင့်သစ်မာ စုစုပေါင်း (၁၂၅၉၄) ဧက အသီးသီး တည်ထောင်စိုက်ပျိုးပြီး ဖြစ်ပါကြောင်း ၊ ၂၀၁၆-၂၀၁၇ ခုနှစ်အတွက် နိုင်ငံပိုင်စိုက်ခင်းအဖြစ် ကျွန်း ၊ ရေဝေရေလဲ ၊ ကျေးရွာထင်းစိုက်ခင်း စုစုပေါင်း (၁၀၀၀) ဧကနှင့် ပုဂ္ဂလိကစိုက်ခင်းအဖြစ် စီးပွားရေးကျွန်းနှင့် သစ်မာစိုက်ခင်းစုစုပေါင်း (၁၅၅၇) ဧက တည်ထောင်စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားသည်။

ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းဖြေကြားချက်အပြီးတွင် အဆိုရှင် ဒေါ်ယဉ်မင်း လှိုင်က ၎င်း၏ အဆိုအား မှတ်တမ်းတင်စောင့်ကြည့်ပေးပါရန် လွှတ်တော်သို့ ပန်ကြား ရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောတူညီမှု ရယူပြီး အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် အတည်ပြုပေးသည်။

No comments:

Post a Comment