Sunday, July 31, 2016

နယ်စပ်ရေးရာပြည်ထောင်စုဝန်ကြီး ထိုင်းကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဇူလိုင် ၃ဝ
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်အား ထိုင်းနိုင်ငံ တရားရေးဝန်ကြီး H.E. Gen. Paiboon Koomchaya ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၈ ရက် မွန်းလွဲ ၃ နာရီ တွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်မှု ဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်လုံခြုံရေး ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသရှိ ပြည်သူများအတွက် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းစဉ်ကို ဆက်လက်ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂ဝ၁၂ ခုနှစ် မှ ၂ဝ၁၈ ခုနှစ်အထိ စီမံကိန်းရန်ပုံငွေ ဘတ်သန်း ၃၅ဝ ဖြင့် ထိုင်းနိုင်ငံမှ မယ်ဖာ့လုံ ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ တာချီလိတ်နှင့် မိုင်းဆတ်ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နှစ်နိုင်ငံ နယ်စပ် ဒေသများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်နိုင်ရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ ပူးပေါင်း၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ သာမက ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက် ရေး၊ နယ်စပ်ဒေသများ တွင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်နှင့် ဘိန်းစိုက်ပျိုးမှု စွန့်လွှတ်တောင်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သာမက အဆိုပါလုပ်ငန်းစဉ်များတွင် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက် မှု၊ ထောက်ပံ့ကူညီမှုများ ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံဒေသတွင်း နိုင်ငံအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ထို့အပြင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် ဇူလိုင် ၂၅ ရက်မှ ၂၇ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၅ ရက်က နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း (မအူပင်) တွင် ကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတော်မှ ရာနှုန်းပြည့် အထောက် အပံ့များဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက်ပေးနေမှုများကို သိရှိနားလည်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက် ထမ်းဆောင်နိုင်မည့် နိုင်ငံ့သားကောင်း သမီးကောင်း ရတနာများဖြစ်အောင် ပညာကို အားကြိုးမာန်တက် လေ့လာသင်ယူရန် မှာကြားခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများအား ကျောင်းအသုံးအဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီး ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် ၂၆ ရက်တွင် ပုသိမ်မြို့နယ်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်းသို့ သွားရောက်ကာ ထောက်ပံ့ငွေများပေးအပ်ပြီး သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများနှင့် ကျောင်းဝင်းအတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ပုသိမ်မြို့နယ် ကမ်းနီဖျားကျေးရွာ ကိုယ်ထူကိုယ်ထ မီးလင်းရေးလုပ်ငန်းအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထည့်ဝင်လှူဒါန်း ငွေကျပ်သိန်း ၄ဝ အား ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပုသိမ်မြို့မှ ဟိုင်းကြီးကျွန်းမြို့သို့ သွားရောက်ပြီး မော်တင်-ဇီးချိုင်လမ်းပေါ်ရှိ ဇီးချိုင်ကျေးရွာ အဝင်ချောင်းကူး သံပေါင်ကွန်ကရစ် တံတားအား နယ်စပ်ရေးရာဝန်ကြီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင် တည်ဆောက်နေမှုနှင့် ဟိုင်းကြီးကျွန်းမြို့နယ် ခမောက်မှော်-ကံချိုင်း-မော်တင်စွန်း ကတ္တရာလမ်း လေးမိုင် ဖောက်လုပ်ပြီးစီးမှုနှင့် အမှတ်(၁) ရပ်ကွက်နှင့် အမှတ် (၂) ရပ်ကွက် ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ပျက်စီးယိုယွင်းနေသည့် တံတားအားအသစ် တည်ဆောက်နိုင်ရန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment