Sunday, July 31, 2016

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးပြီးဆုံး ဖြည့်စွက်ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများ ရယူစုစည်းနိုင်ခဲ့

သတင်း - ရဲခေါင်ညွန့်
ဓာတ်ပုံ - ဖိုးထောင်
မိုင်ဂျာယန် ဇူလိုင် ၃ဝ
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ဇူလိုင် ၂၆ ရက်မှ ၃ဝ ရက် အထိ ငါးရက်တာပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် အဓိကရည်ရွယ်ချက်နှစ်ခုဖြစ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံကျင်းပရေးအတွက် အကြိုညှိနှိုင်းခြင်းနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက်များ ရယူရေးတို့ကို အခြေခံ၍ အပြန်အလှန် ဆွေးနွေးချက်များ၊ ဖြည့်စွက်ချက်များ၊ ပြင်ဆင်ချက်များဖြင့် ဘုံသဘောထားများကို ရယူစုစည်းနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ ပဉ္စမနေ့အစည်းအဝေးကို နံနက် ၈ နာရီခွဲတွင် စတင်ကျင်းပခဲ့ပြီး သဘာပတိအဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လက တာဝန်ယူဆောင်ရွက်ခဲ့သည်။
ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် အလုပ်အဖွဲ့ အသီးသီးမှ ထပ်မံပြင်ဆင်ရေးသားထားသည့် စာတမ်းများအား တင်သွင်းဆွေးနွေးခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်စပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ်များ ရေးဆွဲခြင်း၊ အစည်းအဝေး ထုတ်ပြန်ကြေညာချက်အား ဖတ်ကြားအတည်ပြုခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ယနေ့အစည်းအဝေးကို ည ၇ နာရီတွင် ရုပ်သိမ်း ခဲ့ပြီး အစည်းအဝေး ကျင်းပရေးကော်မတီဥက္ကဋ္ဌ ခူဦးရယ်က ကျေးဇူးတင် စကားပြောကြား၍ သဘာပတိက အခမ်း အနား ပိတ်သိမ်းသည့် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ အခမ်းအနားအပြီးတွင် အစည်းအဝေးကျင်းပရေး ကော်မတီဥက္ကဋ္ဌ ခူဦးရယ်ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သည်။

No comments:

Post a Comment