Sunday, July 31, 2016

ကမ္ဘောဒီးယား- လာအို- မြန်မာ- ဗီယက်နမ် လေးနိုင်ငံ ခရီးစဉ် ဒေသတစ်ခု ကွန်ဖရင့်သို့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြား



ရန်ကုန် ၊ ဇူလိုင် ၃၁
ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာနှင့် ဗီယက်နမ် (CLMV) လေးနိုင်ငံ ခရီးစဉ်ဒေသတစ်ခု (Four Countries - One Destination) ကွန်ဖရင့်ကို လေးနိုင်ငံ ခရီးသွားလုပ်ငန်း ချိတ်ဆက် ဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ပေါင်းစည်း ဆောင်ရွက်ခြင်း (Connecting Tourism and Expanding Cooperation in Banking Sector)” ခေါင်းစဉ်ဖြင့်  ရန်ကုန်မြို့ Melia Yangon Hotel ၌ ယနေ့ ဆက်လက် ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။


















ရှေးဦးစွာ ဗီယက်နမ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးဘဏ် (BIDV) ရန်ကုန်ရုံးခွဲ ဖွင့်ပွဲကို ကျင်းပရာ BIDV ဥက္ကဋ္ဌ Mr. TRAN BAC HA ၊ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Mr. PHAM THANH DUNG  တို့က အမှာစကား ပြောကြားကြပြီး  မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က BIDV ရန်ကုန် ဘဏ်ခွဲမှ အမှုဆောင် အရာရှိချုပ် Mr.Chan Duc Tu ကို ကနဦးဘဏ် ဖွင့်လှစ်ခွင့် လိုင်စင် ပေးအပ်ကာ အမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဗီယက်နမ် နိုင်ငံ ဒုတိယ၀န်ကြီးချုပ်  H.E.Mr. Vu Duc Dam ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် နှင့်  BIDV ဥက္ကဋ္ဌတို့က  BIDV ရန်ကုန်ရုံးခွဲဖွင့်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍        ဒုတိယသမ္မတ နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်တို့က BIDV ရန်ကုန်ရုံးခွဲ ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကြသည်။ ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် BIDV ရန်ကုန်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အတွက် အမေရိကန်ဒေါ်လာ ၁၃၅၀၀၀ တန်ဖိုးရှိ လူနာတင်ယာဉ် တစ်စီး၊ ကွန်ပျူတာများကို ပေးအပ် လှူဒါန်းသည်။            
ထို့နောက် Melia Yangon Hotel ဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အဖွင့် အမှာစကား ပြောကြားပြီး Hoang Anh Gia Lia (HAGL) Corporation CEO Mr.Vo Truong Son နှင့် Melia Hotel International မှ ဒုတိယဥက္ကဋ္ဌ Mr. Bernardo Cabot တို့က နှုတ်ခွန်းဆက် စကားပြောကြား ကြသည်။                     
ထို့နောက် ဒုတိယသမ္မတ၊ ဗီယက်နမ်နိုင်ငံ ဒုတိယ ၀န်ကြီးချုပ်၊ ဟိုတယ်နှင့် ခရီး သွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးနှင့် တာဝန်ရှိသူတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။           
Melia Yangon Hotel သည် ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းပေါ်တွင် တည်ရှိပြီး အသစ် ဖွင့်လှစ်လိုက်သည့် ဈေးဝယ်စင်တာ  မြန်မာပလာဇာနှင့် ဆက်စပ် တည်ရှိသည်။ Melia Yangon Hotel ကို ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေ ကုမ္ပဏီဖြစ်သော Hoang Anh Gia Lai (HAGL) group မှ ပိုင်ဆိုင်ပြီး Melia  Hotels  International သည် ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၄၃ နိုင်ငံတွင်  ဟိုတယ်ပေါင်း  ၃၇၀ ကို ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် CLMV နိုင်ငံများ၏ လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု ကွန်ဖရင့်ကို ဆက်လက် ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကား ပြောကြားရာတွင်'' လေးနိုင်ငံခရီးစဉ် ဒေသတစ်ခု အစီအစဉ်သည် ကြီးမားသည့် ထုတ်ကုန် ဈေးကွက်နှင့် နိုင်ငံခြား ရင်းနှီး မြှပ်နှံမှုများ ရရှိရေး အတွက် လွတ်လပ်သော ပတ်ဝန်းကျင် ကောင်းကို ဖန်တီးပေးနိုင်သည့် အတွက် စီ- အယ်လ်- အမ်- ဗွီ နိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် ကြီးမားသည့် အခွင့်အလမ်း တစ်ခု ဖြစ်စေပါကြောင်း။
မြန်မာနိုင်ငံ အနေဖြင့် စီ- အယ်လ်- အမ်- ဗွီ၏ အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု ပေးသွားမည်ဟု ကတိက၀တ် ပြုပါကြောင်း၊ အထူးသဖြင့် ခရီးသွား လုပ်ငန်း ဈေးကွက်ဆိုင်ရာ အချိတ်အဆက်များ တည်ထောင်ခြင်း၊ ခရီးစဉ်ဒေသတစ်ခု တည်ထောင်ခြင်းနှင့် တစ်ခုတည်းသော ပြည်ဝင်ခွင့် စနစ် တည်ထောင်ခြင်းများဖြင့် ခရီးသွား လုပ်ငန်းမြှင့် တင်ရေး ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့၏ ပူးပေါင်း ကြိုးပမ်းမှုဖြင့် စီ- အယ်လ်-အမ်- ဗွီ ဒေသ အတွင်း သာမက ဒေသအပြင် ကမ္ဘာ့နယ်ပယ် အတွင်း ဆွဲဆောင်မှု ရှိသော အဓိကကျသည့် ခရီးစဉ်ဒေသကြီး တစ်ခု ဖြစ်လာစေမည် ဖြစ်ပါကြောင်း၊
မိမိတို့အနေဖြင့် ၂၀၁၆-၂၀၁၈ခုနှစ် စီ- အယ်လ်- အမ်- ဗွီခရီးသွားလုပ်ငန်း ပူးပေါင်းဆောင် ရွက်ရေး လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော်ရာတွင်လည်းကောင်း၊  လေးနိုင်ငံခရီးစဉ်ဒေသ တစ်ခု အစီအစဉ်ကို အကောင် အထည်ဖော်ရာတွင်လည်းကောင်း ခရီးသွားလုပ်ငန်း အလျှင်အမြန်တိုး တက် မှုနှင့်အတူ နိုင်ငံများ၏ သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးမှုများ၊ အဖိုးတန်သမိုင်းနှင့် ယဉ်ကျေးမှု အမွေးအနှစ်များပျက်စီးသွားမှု၊ နိုင်ငံလူမျိုး အလိုက် ထူးခြားသည့် လူမှုရေးနှင့် ယဉ်ကျေးမှု အစဉ်အလာ ကောင်းများ၊ တန်ဖိုးထားမှုများ၊ လွှမ်းမိုး ထိခိုက်လာမှု စသည့် အဖျက်သဘော အကျိုး သက်ရောက်မှုများ ရှိလာနိုင်သည်ကို သတိပြုမိရန် လိုအပ်ပါကြောင်း၊
စီ- အယ်လ်- အမ်- ဗွီ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သည် မိမိတို့အချင်းချင်း နီးနီးကပ်ကပ်ဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့်အတွက် မိမိတို့၏ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ငန်းတိုးတက်မှုများ ရှိနေသည်ကို တွေ့ရပါကြောင်း၊ ယနေ့ မိမိတို့ တူညီသည့် အကျိုးအတွက် ပေါင်းစည်း ညီညွှတ်သည့် အင်အားဖြင့် ခရီးသွားလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးကို ပူးပေါင်း ဆောင်ရွက် နေကြပါကြောင်း။
ကောင်းမွန်သည့် တိုးတက်မှုများ စုစည်းရရှိခံစားရပြီး လာမည့် အနာဂတ် နှစ်ပေါင်းများစွာ အတွင်း မိမိတို့ပြည်သူများ အတွက် လူနေမှု အဆင့်အတန်း မြှင့်တင်ရေးကို ဆောင်ရွက်ပေးနိုင်မှာ သေချာပါကြောင်း၊ စီ-အယ်လ်- အမ်- ဗွီအဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့် အဖွဲ့ကြီးအတွင်း ချစ်ကြည် ရင်းနှီးသည့် အစဉ်လာ ကောင်းများကို ထိန်းသိမ်းရင်း တူညီသော ရည်မှန်းချက်များ၊ အကောင်အထည် ဖော်ဆောင်မှုများတွင် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် BIDV   ဥက္ကဋ္ဌ Mr. TRAN BAC HA က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ကမ္ဘောဒီးယား ၊ လာအို ၊  ဗီယက်နမ်နိုင်ငံတို့မှ ဒုတိယ ၀န်ကြီးချုပ်များ၊ ခရီးသွားလုပ်ငန်း ၀န်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်များနှင့် အတူ အမှတ်တရစုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်သည်။ လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခု ကွန်ဖရင့် ဒုတိယနေ့တွင် လေးနိုင်ငံခရီးသွား လုပ်ငန်းဦးစားပေး ဆောင်ရွက်ချက်များ၏ အလားအလာနှင့် ဖွံ့ဖြိုး တိုးတက်မှုများကို မိတ်ဆက် ပြောကြားခြင်း ၊ အာဆီယံ စီးပွားရေး အသိုက်အ၀န်း စံချိန်စံညွှန်းများအရ လေးနိုင်ငံ ဗဟိုဘဏ်များ အကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်ခြင်း ဆိုင်ရာများကို ဆွေးနွေးခြင်း၊  CLMV နိုင်ငံများ၏ ထင်ရှားသော ခရီးစဉ်ဒေသများ အကြား လေကြောင်း ခရီးစဉ်များ ပျံသန်း ပြေးဆွဲရေး ဦးစားပေး ဆောင်ရွက် ချက်များနှင့် အလား အလာများကို ဆွေးနွေးခြင်း၊ CLMV နိုင်ငံများအချင်းချင်း ဆက်သွယ် ဆောင်ရွက်မှုများကို  မြှင့်တင်ရန် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာများကို  လက်မှတ်ရေး ထိုးခြင်း ( ပုဂ္ဂလိကကဏ္ဍ )၊ လေးနိုင်ငံ ခရီးသွားလုပ်ငန်း ၀န်ကြီးဌာနများအား လေးနိုင်ငံ ခရီးစဉ်တစ်ခု ထူထောင်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနှင့် လေးနိုင်ငံအကြား နှစ်နှစ်တစ်ကြိမ် ခရီးသွား လုပ်ငန်း မြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပသွားရန် ပူးတွဲ ကြေညာခြင်းတို့ကို ကဏ္ဍအလိုက် ဆောင်ရွက်ခဲ့ကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဗီယက်နမ်နိုင်ငံ ဒုတိယ၀န်ကြီးချုပ်  H.E.Mr. Vu Duc Dam အား ရန်ကုန်မြို့Melia Yangon Hotel    တွေ ဆုံသည်။ တွေဆုံစဉ် မြန်မာ- ဗီယက်နမ်  နှစ်နိုင်ငံအကြား ရင်းနှီး မြှုပ်နှံမှုများ ပိုမိုတိုးတက်ရေး ၊ ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ ဖြိုးတိုးတက်ရေး ၊ ဘဏ်လုပ်ငန်း ကဏ္ဍများပိုမို ဖွံ့ဖြိုး တိုးတက်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ခင်မင်စွာ ဆွေးနွေးခဲ့ ကြသည်။
ညပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် Melia Yangon Hotel ၌ ကျင်းပသည့်  လေးနိုင်ငံခရီးစဉ် ဒေသတစ်ခု ကွန်ဖရင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။
မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့သည် လွန်ခဲ့သည် (၆)နှစ်ခန့်မှစ၍ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများတွင် ပိုမိုပူးပေါင်း ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ၌ ဗီယက်နမ်နိုင်ငံက အမေရိကန် ဒေါ်လာ ၆၉၃ ဒသမ ၃ မီလီယံ ရင်းနှီး မြှုပ်နှံမှုထားပြီး  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် အဆင့် (၁၀)နေရာတွင် ရှိသည်။ 
၂၀၁၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆ ၃၀ ကျော် တိုးတက်လာခဲ့ပြီး၂၀၁၀မှ ၂၀၁၅ခုနှစ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု နှစ်စဉ် ၂၅ ရာခိုင်နှုန်း တိုးတက်နေကြောင်း သိရသည်။ ခရီးသွား လုပ်ငန်း ကဏ္ဍတွင်လည်း ၂၀၁၀ ခု နှစ်မှ စတင်ကာ နှစ်စဉ် ၂၄ ရာခိုင်နှုန်း တိုးတက်လျက် ရှိသည်ဟု BIDV ၏ ထုတ်ပြန်ချက် အရ သိရသည်။

No comments:

Post a Comment