Wednesday, July 27, 2016

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ တွင် ပြည်သူ့ကျန်းမာရေး ၀န်ဆောင်မှု ဆိုင်ရာ ကိစ္စရပ်များအပေါ် အထူးအလေးထားဆွေးနွေး


နေပြည်တော် ဇူလိုင် ၂၆
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် အဆောက်အဦ၌ ဆက်လက်ကျင်းပရာ ကြယ်ပွင့်ပြ မေးခွန်း (၃) ခုမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခုတင်သွင်းခြင်းနှင့် ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ၀ိုင်းဝန်းဆွေးနွေးခြင်း၊ ဥပဒေကြမ်း တစ်ခုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်း များ ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အတွင်း ဆေးဝါးပြည့်စုံသော၊ လုံလောက်သော ဆရာဝန် အရေအတွက်ဖြင့် ခုတင် (၁၀၀) ဆံ့ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် (၂၅) ခုတင် ဆံ့ဆေးရုံ တစ်ရုံ ၊ လေးထောင့်ကန် တိုက်နယ်ဆေးရုံတစ်ရုံ၊ ဒေသန္တရ ကျန်းမာရေးဌာန နှစ်ခု ၊ ကျေးလက်ကျန်းမာရေးဌာန နှစ်ခုတို့ဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုအတွက် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ရပ်ကွက် (၃၂) ခု ၊ လူဦးရေစုစု ပေါင်း (၂၉၆၉၇၉) ဦး နေထိုင်လျက်ရှိပြီး အဆိုပါဆေးရုံနှင့် ဆေးခန်းတို့မှာ မြို့နယ် ပြည်သူ လူထုက အဓိကအားကိုး အားထားရသော ဆေးရုံ ၊ ဆေးခန်းများ ဖြစ်ပါကြောင်း၊ ထို့အပြင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၏ အနောက်ဘက်တွင် ခုတင် (၅၀၀) ဆံ့ သင်္ဃန်းကျွန်း စံပြ အထွေထွေ ရောဂါ ကုဆေးရုံကြီး ၊ တောင်ဘက်တွင် ခုတင် (၂၀၀) ဆံ့ သန်လျင်ခရိုင် ပြည်သူ့ဆေးရုံတို့ဖြင့်လည်း ကျန်းမာရေး စောင့်ရှောက် မှုပေးလျက်ရှိပါ ကြောင်း ၊ သို့ဖြစ်ရာ တိုးပွားလာသော လူဦးရေအနေအထားနှင့် အညီ ယခု လက်ရှိ ခွင့်ပြုထားသော (၂၅) ခုတင်ဆံ့ဆေးရုံကို အထူးကု ဘာသာရပ် (၈) မျိုးပါဝင်သော ခုတင် (၅၀) ဆံ့ စံကိုက်ဖွဲ့စည်းပုံ အသစ်သို့ တိုးမြှင့်ရန် ဖွဲစည်းပုံခွင့်ပြုမိန့် ရရှိရေးအတွက် ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆေးရုံ၏ လုပ်ငန်းဆောင်ရွက်မှု အညွှန်းကိန်းတွင် ဆေးရုံ ခွင့်ပြုခုတင် အသုံးချမှုရာခိုင်နှုန်း မှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ပျမ်းမျှ ၄၉ ဒသမ ၃ ရာခိုင်နှုန်း သာရှိပြီး Increasing Trend ဖြစ်သော်လည်း သတ်မှတ်ရာခိုင်နှုန်းပြည့်မီရန် များစွာလိုအပ်လျက် ရှိနေသေး သည်ကို တွေ့ရှိရပါသဖြင့် ခုတင် (၁၀၀) ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်၏ မိုင်းပျဉ်းမြို့နယ်တွင် လက်ရှိ (၂၅) ခုတင်ဆံ့ ဆေးရုံဟောင်း အစား ခုတင် (၅၀) ဆံ့ ဆေးရုံအသစ်ဖြင့် အစားထိုးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ကုသရေးဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး / ပြည်နယ်များအတွင်းရှိ (၂၅) ခုတင်ဆံ့ မြို့နယ်ဆေးရုံများအား ခုတင် (၅၀)ဆံ့သို့တိုးမြှင့်ရန်အတွက် အမျိုးသားစီမံကိန်း (၂၀၁၆-၂၀၁၇) မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် အထိ လျာထားချက်များရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲထားပြီး ဖြစ်သည့်အတွက် ရှမ်းပြည်နယ် (အရှေ့) မိုင်းပျဉ်းမြို့နယ် (၂၅) ခုတင်ဆံ့ဆေးရုံကို ခုတင် (၅၀) ဆံ့ဆေးရုံအဖြစ်သို့ တိုးမြှင့်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဝေလှိုင်ထွန်းက ရှင်းလင်း တင်ပြပြီး လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ရယူအတည်ပြုသည်။
ထို့နောက် ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာဒေါ်အေဇင်လတ် တင်သွင်း သည့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်သူလူထုအား ထိရောက် လုံလောက် စွာပေးနိုင်ရန် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မိုးညှင်းမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းအိက မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် သွားလာရေးခက်ခဲပြီး ထိရောက်လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှုကို မရရှိကြကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနသည် ကာကွယ်ခြင်းသည် ကုသခြင်း ထက် ပိုမို ကောင်းမွန်သည်ဆိုသော ဆိုရိုးစကားကို လက်တွေ့အကောင် အထည်ဖော် ဆောင်ရွက်နေသည်ကို တွေ့ရ ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

ကယားပြည်နယ် ရှားတောမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဝင့်ဝါထွန်းက ရှင်းလင်းဆွေးနွေးရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတည်ဆောက်ရာ၌ မကုန်ခမ်းနိုင်သော နိုင်ငံသူ ၊ နိုင်ငံသားများ၏ စွမ်းအားကသာလျှင် အရေးအကြီးဆုံးဖြစ်ကြောင်း၊ လူ့အရင်းအမြစ် သယံဇာတ ကိုသာ အသုံးပြုမည် ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ ယင်းမ ကုန်ဆုံးနိုင်သည့် စွမ်းအားကို အပြည့်အ၀အသုံးပြုနိုင်ရန်အတွက် အခြေခံအကျဆုံးအချက်မှာ မိခင်နှင့် ကလေး ကျန်းမာရေး ၊ ကလေးနှင့် အမျိုးသမီးရှင်သန်ရေးတို့ ပင်ဖြစ်ပါကြောင်း ၊ ထို့အတွက်ပံ့ပိုးမှုများက များစွာ အရေးကြီးသည်ဟု တင်ပြလိုပါကြောင်းဖြင့် ဆွေးနွေးသည်။

No comments:

Post a Comment