Friday, July 29, 2016

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇူလိုင် ၂၉
ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ၆၆ ကေဗွီ ဓာတ်အားလိုင်း (၇၈)မိုင်ခန့်နှင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော ၆၆ ကေဗွီ ဓာတ်အားခွဲရုံ များအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၂ရာခိုင်နှုန်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေ ၃ရာခိုင်နှုန်း စုစုပေါင်း ၅ရာခိုင်နှုန်း ရရှိခဲ့ပြီး ဓာတ်အားလိုင်း အူကြောင်းတိုင်းတာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး စတုတ္တနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)မှ ဦးကျော်သိန်း၏ “ ရခိုင် ပြည်နယ် မောင်တောမြို့ လျှပ်စစ်ဌာနအတွက် တစ်လလိုအပ်မည့် စက်သုံးဒီဇယ်ဆီဂါလံ (၂၂၆၀) ခန့်ခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် ၂၀၁၇ ခုနှစ်တွင် ရသေ့တောင်၊ ဘူးသီး တောင်၊ မောင်တောမြို့နယ်များသို့ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေ ကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ထပ်မံလိုအပ်သော ရန်ပုံငွေများကို နှစ်အလိုက်လျာထားဆောင်ရွက်သွား မည်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး လုပ်ငန်း များပြီးစီးအောင် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီတောင်၊ မောင်တောမြို့နယ်များသို့ မဟာဓာတ် အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရန်အတွက် အမ်း-မြောက်ဦး-ပုဏ္ဏားကျွန်း ၂၃၀ကေဗွီ ဓာတ်အားလိုင်းအား ၂၀၁၄ခုနှစ် နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပို့လွှတ်ထားပြီး ဖြစ်ပါကြောင်း။
ရခိုင်ပြည်နယ် မောင်တောမြို့အား လက်ရှိတွင် ၁၀၀၀ ကေဗွီအေစက်တစ်လုံး၊ ၅၀၀ ကေဗွီအေ ဓာတ်အားပေးစက်တစ်လုံး စုစုပေါင်း စက်နှစ်လုံးဖြင့် ဓာတ်အားဖြန့်ဖြူး ပေးထားပါကြောင်း၊ ထို့ပြင် ၃၀၀ ကေဗွီအေ ဓာတ်အားပေးစက်တစ်လုံးကိုလည်း အရံ ဓာတ်အားပေးစက် အဖြစ်ထားရှိကာ တစ်ရက်လျင် ဌာနမှ ၄နာရီနှင့် မီးလင်းရေး ကော်မတီမှ ၁နာရီ စုစုပေါင်း ၅နာရီဖြင့် မီးသုံးသူ(၁၈၁၆)ဦးအား ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိပြီး ဌာနမှ ဒီဇယ်ဆီ တစ်လလျင် (၄၇၀၆) ဂါလံ ထောက်ပံ့ပေးလျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၀န်ကြီးဌာနအနေဖြင့် ဓာတ်အားစနစ်ဖြင့် ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသေးသော မြို့နှင့်ကျေးရွာများ အား ဓာတ်အားရရှိသုံးစွဲနိုင်စေရန် ဒီဇယ်စက်ကြီးများဖြင့် လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဒီဇယ်စက် ဖြင့် ဓာတ်အားပေးထားသောမြို့များအား လစဉ်ဆီခွဲဝေထောက်ပံ့မှုများသည် နှစ် အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မောင်တောမြို့ သည် ဌာနမှ လက်ရှိဒီဇယ်ဆီ ထောက်ပံ့ပေးနေသော မီးပေးချိန်အများဆုံးမြို့များတွင် ပါဝင်ပါကြောင်း။
ထပ်မံ၍ တစ်လလျင် ဒီဇယ်ဆီဂါလံ (၂၂၆၀)ခန့်အား ခွင့်ပြုပေးနိုင်ရန်အတွက် ဖြည့်စွက်ရန်ပုံငွေတွင် လျာထားထည့်သွင်း တောင်းခံသွားမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေ ရရှိမှုအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသ အာဏာပိုင်နှင့် မြို့မီးလင်းရေးကော်မတီတို့၏ အစီအစဉ်အရ ဌာနပိုင်မီးစက်များကို အသုံးပြု၍ မီးပေးချိန်တိုးမြှင့်ခြင်းကို ဆောင်ရွက်နိုင်ပါကြောင်းပြောကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈)မှ ဦးမျိုးဝင်း၏ “ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် တွင် မွန်ပြည်နယ် ရေးမြို့နယ်သို့ မဟာဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်း ဆောင် ရွက်ပေးနိုင်ခြင်း ရှိ/မရှိ ”မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက မွန်ပြည်နယ်၊ ရေးမြို့နယ်သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးမည့် ၂၃၀ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ် ဓာတ်အားလိုင်းစီမံကိန်းကို အာရှဖွံဖြိုးရေးဘဏ် (ADB) ချေး ငွေဖြင့် ဆောင်ရွက်ရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းထားပြီးဖြစ်၍ ခွင့်ပြု ချက်ရရှိပါက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေ ကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆)မှ ဦးဝင်းမောင်၏ “မကွေးတိုင်းဒေ သကြီး စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၁၈)ရွာ မီးလင်းရေးအတွက် ဆောင်ရွက်ပေး မည့်အစီအစဉ်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဖေဇင် ထွန်းက စလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၁၈)ရွာအနက် (၁၇)ရွာသည် ဓာတ်အား စနစ်မှ နှစ်မိုင်အတွင်း ဓာတ်အားရယူနိုင်သော ကျေးရွာများဖြစ်သည့်အတွက် အမျိုး သားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၏ ပထမဦးစားပေးအဆင့်တွင် ထည့်သွင်းလျာ ထားပြီးဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းအား ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှစတင်၍ ၂နှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖော်ပြပါကျေးရွာ (၁၇) ရွာ အပြင် ကျန်ရှိနေသည့် စလောင်းကုန်းကျေးရွာအား လျှပ်စစ်ဓာတ်အားရရှိနိုင်ရန် အတွက် ဒုတိယအဆင့်တွင် ထည့်သွင်းလျာထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဦးဝှေ့တင်း၏ “ချင်းပြည်နယ် ပလက်ဝ မြို့တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးရရှိနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိ သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနသည် ပုဏ္ဏားကျွန်း-ကျောက်တော် (၆၆)ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အား ခွဲရုံစီမံကိန်းအား ဆောင်ရွက်ခဲ့ပြီး ၂၀၁၄ခုနှစ် နိုဝင်ဘာလတွင် ဓာတ်အားပို့လွှတ်ပြီး ဖြစ်ပါကြောင်း။

ကျောက်တော်မှတစ်ဆင့် ပလက်ဝဒေသသို့ ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားခဲ့သော်လည်း နိုင်ငံတော်၏ ဘဏ္ဍာငွေခွဲဝေပေးနိုင်မှု အခြေအနေအရ ဆောင်ရွက် ပေးနိုင်ခြင်းမရှိခဲ့ ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လျာထားဆောင်ရွက်သွား မည်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေ ကြားသည်။

No comments:

Post a Comment