Wednesday, July 27, 2016

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ


နေပြည်တော် ဇူလိုင် ၂၇
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လေရှီးမြို့နယ်အတွင်းရှိ လေယုံ ၊ ငကျန် ၊ ဂျီလာ ၊ ရန်ပိုမိုနွေး ၊ မော်နွမ်း ၊ ထ၀ိုင် ၊ နမီးယူပီ ၊ ဆပ်ပြာ ၊ ချယ်ရာ ၊ ခိုလာ ၊ ၀မ်းဘဲနှင့် မိုဒွန့်ရွာမကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦများ ဆောက်လုပ်ရန် (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်ခြင်း မရှိသေးပါကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။


နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အဦ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၏ တတိယ နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး လေရှီးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနသည် (၂၀၁၆-၂၀၁၇) ခုနှစ်၊ အရအသုံးခန့်မှန်းခြေငွေစာရင်း ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တိုင်းဒေသကြီး /ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအဆောက်အဦများ ဆောက်လုပ်ပေးနိုင်ရန် တိုင်းဒေသကြီး /ပြည်နယ်များသို့ ဦးစားပေးအစီအစဉ်အလိုက် ဆောက်လုပ်လိုသည့် စာရင်းများ တောင်းခံ၍ ဆောင်ရွက်ခဲ့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လိုကြောင်း တင်ပြလာသည့်စာရင်းတွင် လေရှီးမြို့နယ်အတွင်းမှ အထက်ဖော်ပြပါ ကျေးလက်ကျန်းမာရေးဌာနခွဲ အမည်များပါဝင်ခြင်းမရှိသေးပါကြောင်း၊ သို့သော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အထူးဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းပေးသွား မည် ဖြစ်ကြောင်းဖြေကြားသည်။
ရွှေဘိုမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ် တင်သွင်းသည့် ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်သူလူထုအား ထိရောက်စွာပေးနိုင်ရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာ စိုင်းမောက်ခမ်းက ကျန်းမာရေးဝန်ကြီးဌာန၏ ယခင်ဖွဲ့စည်းပုံအရ ကျန်းမာရေးဦးစီးဌာန သည်လုပ်ငန်းပမာဏကြီးမားပြီး ၀န်ထမ်းအများဆုံး ၊ လုပ်ငန်းအရှုပ်ထွေးဆုံးနှင့် မနိုင်ဝန်ထမ်းခဲ့ရသည့် ဦးစီးဌာနတစ်ခုဖြစ်ခဲ့ရပါကြောင်း ၊ ကုသရေးကဲ့သို့ပင် ပြည်သူ့ ကျန်းမာရေးဖြစ်သည့် ကာကွယ်ရေးအပိုင်းသည် ကူးစက်ရောဂါများဖြစ်သည့် ငှက်ဖျား ၊ တီဘီ ၊ အိတ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ် ၊ အနာကြီး ၊ ဆင်ခြေထောက် ၊ မျက်ခမ်းစပ် ၊ ကာလ၀မ်း ၊ သွေးလွန်တုပ်ကွေး ၊ ကြက် ငှက်တုပ်ကွေး ၊ ဆားစ် ၊ မားစ် ၊ ဇီကာ ၊ အီဘိုလာ စသည်တို့ကို အခါမလပ်စောင့်ကြပ်ကုသနေရသည့်အပြင် တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံခြင်းသည် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် လုပ်ဆောင်နေရပါ ကြောင်း ၊ ယင်းလုပ်ငန်းများအတွက် အဆောက်အဦ ၊ ဆေးဝါး ၊စက်ကိရိယာ ၊ မော်တော်ယာဉ် ၊ မော်တော်ဆိုင်ကယ် ၊ ကျွမ်းကျင်ဝန်ထမ်းနှင့် လုံလောက်သည့် ရန်ပုံ ငွေများလိုအပ်သည့်အပြင် ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် ပညာပေးစည်းရုံးနိုင်ပါမှ အောင်မြင်မည့် လုပ်ငန်းများ ဖြစ်ပါကြောင်း ၊ ပြည်သူများကို ထိရောက်လုံလောက်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရန်ဆိုပါက လိုအပ်ချက်များစွာအတွင်းမှ (၁) ကျွမ်းကျင်လူသားအရင်းအမြစ်ပြည့်စုံမှု ၊ (၂ ) ပြည်သူလူထု ကျန်းမာရေးအသိဖြင့် ပူးပေါင်းပါဝင်လာမှု ၊ (၃) နိုင်ငံတော်၏ စီးပွားရေးတောင့်တင်းခိုင်မာမှု / မခိုင်မာမှု ၊ (၄) ပြည်တွင်းငြိမ်းချမ်းရေး ရရှိမှု / မရရှိမှု ၊ (၅) ကျေးလက်ဒေသအထိ လွှမ်းခြုံနိုင်မည့် ကျန်းမာရေးစောင့်ရှောက်မှု ၊ (၆) ပုဂ္ဂလိကကဏ္ဍ တိုးမြှင့်ပါဝင်လာမှု ၊ (၇) လူတိုင်း ကျန်းမာရေးလွှမ်းခြုံမှုစနစ် ရရှိမှု / မရရှိမှု စသည်တို့နှင့် များစွာသက်ဆိုင်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက သနပ်ပင်မြို့နယ်တွင် ရပ်ကွက် (၆)ခု ၊ ကျေးရွာအုပ်စု (၆၀) ၊ ကျေးရွာပေါင်း (၁၀၃) ရွာ လူဦးရေ တစ်သိန်းခြောက်သောင်း ကျော် ရှိပါကြောင်း၊ (၂၅) ခုတင်ဆံ့ ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံ (၄) ရုံ ရှိပါကြောင်း ၊ တစ်မြို့နယ်လုံးတွင် ဆရာဝန်မှာ တစ်ဦးတည်းသာ ရှိပါကြောင်း ၊ ကျေးလက်ကျန်းမာရေးဌာန (၇) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၈) ခုရှိပြီး လက်ထောက်ကျန်းမာရေးမှူး (၅) ဦး ၊ ကျန်းမာရေးဆရာမ (၈) ဦး ၊ သားဖွား (၃၈) ဦး နှင့် အရန် (၆) ဦးရှိပါကြောင်း ၊ ၂၀၁၁- ၂၀၁၂ မှ ၂၀၁၅-၁၆ ခုနှစ်အတွင်း အရန်သားဖွား (၆) ဦးတိုးလာသည်ကလွဲ၍ ပြောင်းလဲမှု မရှိပါကြောင်း ၊ သားဖွားဆရာမတစ်ဦးသည် ကျေးရွာသုံးရွာရှိ လူဦးရေ (၃၇၀၀) ခန့်ကို တာဝန်ယူရပါကြောင်း ၊ ကျွမ်းကျင်သူနှင့် မီးဖွားသည့်နှုန်းမှာ ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိပါကြောင်း ။
ရွာအားလုံးသို့ သွားရောက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပါကြောင်း၊ အလုပ်လည်း မနိုင်ဝန်ဖြစ် ရပါကြောင်း ၊ အိမ်သာစနစ်မကောင်းသောကြောင့် အညစ် အကြေးများ ချောင်း ၊ မြောင်းများအတွင်းသို့ ပြန်လည်စီးဝင်ပြီး ယင်းရေကိုပင် ပြန်လည်သုံးစွဲကြရပါကြောင်း ၊ မြို့ပေါ်နှင့် ကျေးလက်ဒေသ ကျန်းမာရေးသည် အလွန် ကွာခြားလှပါကြောင်း ၊ ယင်းသို့ ကွာခြားချက် အားနည်းသွားစေရန် ကျေးလက် ကျန်းမာရေးဝန်ထမ်းများတိုးချဲ့ ခန့်အပ်ရန် ၊ ရွာတစ်ရွာတွင် သားဖွားဆရာမတစ်ဦး ၊ အရန်တစ်ဦး ၊ ကျန်းမာရေးလုပ်သားတစ်ဦး ထားရှိရေးကို ဦးတည်ဆောင်ရွက်သွားသင့် ပါကြောင်း ၊ ၎င်းတို့ကသာ နေရာအနှံ့သွားလာနိုင်ကြပြီး နှစ်ဆယ့်လေးနာရီ တာဝန်ယူ နိုင်ကြပါကြောင်း ၊ အရန်သားဖွားနှင့် ကျန်းမာရေးလုပ်သားများကိုလည်း ပညာအရည် အချင်းသတ်မှတ်၍ စဉ်ဆက်မပြတ် အရည်အသွေးမြင့် သင်တန်းပေးပြီး အမြဲတမ်းဝန် ထမ်းများအဖြစ် အဆင့်တိုးမြှင့်ခန့်အပ်ရန်နှင့် မျှော်လင့်ချက်အခွင့်အလမ်းများ ပေးရန် လိုအပ်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင် ဒေါက်တာဒေါ်အေဇင်လတ်က ဖြည့်စွက် ရှင်းလင်းဆွေးနွေးကာ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်ရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူသည်။

ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးဝေလှိုင်ထွန်းက  အစီရင်ခံစာ တင်သွင်းပြီး ၊ လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင် ကြောင်းကို လွှတ်တော်သို့ ကြေညာသည်။ 

No comments:

Post a Comment