Sunday, July 31, 2016

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံ ဆွေးနွေး



ရန်ကုန်၊ ဇူလိုင်(၃၁)
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနနှင့် အောက်မြန်မာပြည်ရှိ လူမှုရေး အဖွဲ့အစည်းများ၊ ဖောင်ဒေးရှင်းများ တွေ့ဆုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန် တိုင်းဒေသကြီး၊ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းရှိ သီရိရတနာ ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားရာတွင် အစိုးရအဖွဲ့သစ် အနေဖြင့် ပြည်သူ့ အစိုးရအနေနှင့် ပေါ်ပေါက်လာပြီး စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက် ရှိကြောင်း၊ ပြည်ထောင်စု အစိုးရအနေဖြင့် တိုင်း‌ဒေသကြီး ပြည်နယ် အစိုးရများနှင့် ပူးပေါင်းပြီး ပြည်သူများ အကျိုးရှိအောင် ဆောင်ရွက် နေကြောင်း၊ အဓိကကတော့ ပြည်သူ အားလုံး လွတ်လပ် လုံခြုံသည့် လူမှုဘဝ ရရှိဖို့ ဖြစ်ကြောင်း၊ လွတ်လပ် လုံခြုံသည့် လူမှုဘဝ တိုးတက်ဖို့ အတွက် တရားဥပဒေ အာဏာ သက်ရောက်သည့် အုပ်ချုပ်မှု စနစ်သည် အရေးကြီးကြောင်း၊ လွတ်လပ် လုံခြုံတဲ့ လူမှုဘဝ အတွက် ငြိမ်းချမ်းရေး အခန်းကဏ္ဍကလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသား အားလုံး စည်းစည်း လုံးလုံး ငြိမ်းငြိမ်း ချမ်းချမ်းနှင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက်လာအောင် ဦးတည် ဆောင်ရွက် နေကြောင်း၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးကို အနှောင့် အယှက် ဖြစ်စေမည့်‌ လူမှုဘဝ အခက်အခဲများကို ဖြေရှင်းခြင်းနှင့်‌  သဘာဝ ဘေးအန္တရယ် ကာကွယ်ရေး လုပ်ငန်းများကိုလည်း ပူးပေါင်း ဆောင်ရွက် သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ ယနေ့ တက်ရောက် လာသည့် အသင်းအဖွဲ့များ၊ လူမှုရေး အဖွဲ့အစည်းများ ဖောင်ဒေးရှင်းများ အနေဖြင့် မိမိတို့ ဝန်ကြီးဌာန အပေါ် ရင်းနီးပွင့်လင်းစွာ ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ ရန်ကုန် တိုင်းဒေသကြီး အစိုးရဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားသည်။
ယင်းနောက် အစည်းအ‌ဝေး တက်ရောက် လာကြသော လူမှုရေး အဖွဲ့စည်းများ၊ ဖောင်ဒေးရှင်းများမှ တာဝန်ခံ ကိုယ်စားလှယ်များက လူမှုရေး အသင်းအဖွဲ့ ဖောင်ဒေးရှင်း များ၏ လူမှုရေးဆိုင်ရာ လုပ်ငန်းရပ်များ ဆောင်ရွက် နေမှုများအား အသီးသီး ဆွေးနွေး တင်ပြကြသည်။ သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုဆိုင်ရာ သတင်း အချက်အလက်များကို KOBO Mobile Application ဖြင့် ကောက်ယူခြင်း ဆော့ဝဲလ်အား တက်ရောက် လာကြ‌သော အဖွဲ့စည်းများ၏ လက်ကိုင်ဖုန်းများတွင် ထည့်သွင်း ပေးခဲ့သည်။ အစည်းအ‌ဝေးသို့ အောက် မြန်မာပြည်ရှိ လူမှုရေး အဖွဲ့အစည်းများ ဖောင်ဒေးရှင်း (၁၆၄) ဖွဲ့မှ လူဦးရေ (၄၀၀)ကျော် တက်ရောက် ကြသည်။
ဆက်လက်၍ ပြည်‌ထောင်စု ဝန်ကြီးသည် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းတွင် လူငယ်မူဝါဒ ရေးဆွဲရေးဆိုင်ရာ ဖြစ်မြောက်‌ရေး ကော်မတီ ဝင်လူငယ်များ ၊  UNFPA/ UNICEF/ UNV နှင့် UN Team အဖွဲ့ဝင်များ ၊ ဝန်ကြီးဌာနရှိ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံပြီး  လူငယ်မူဝါဒ (မူကြမ်း) ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

No comments:

Post a Comment