နေပြည်တော် ဇူလိုင် ၆
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ ကြီးမှူးကျင်းပသည့် ထိုင်းနိုင်ငံရှိ
မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်တစ်ရပ်
ရေးဆွဲချမှတ်နိုင်ရေးဆိုင်ရာ နှီးနှောဖလှယ်မှုအလုပ်ရုံဆွေးနွေးပွဲအား ယနေ့နံနက် (၉)
နာရီတွင် နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ် Grand Ballroom ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင်
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က အဖွင့် အမှာစကားပြောကြားရာ၌
မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများ အပါအဝင် တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု အပါအဝင် ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်ကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၌ ယင်းကဲ့သို့သော
တိုးတက် မှုများ လျင်မြန်စွာဖြစ်ပေါ် တိုးတက်လာသည့်အတွက် ထိုင်းနိုင်ငံဘက်တွင် ရောက်ရှိနေကြသည့်
မြန်မာနိုင်ငံသား ဒုက္ခသည်များအနေဖြင့် ယခုအခါ နေရပ်ပြန်လာမည့် အလားအလာ တွေ့မြင်နေရပြီဖြစ်ပါကြောင်း၊
မြန်မာ-ထိုင်း နယ်စပ်တစ်လြောက်ရှိ ယာယီစခန်း (၉)ခုတို့တွင် နေထိုင်လျက်ရှိကြသည့် ဒုက္ခသည်
(၁၀၅,၀၀၀) ဦးအနက် အချို့မှာ နေရပ်သို့ပြန်ရန် စီစဉ် နေကြသည်ကို သိရှိရပါကြောင်း ၊ နယ်စပ်ရေးရာ
ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ပူးပေါင်းပြီး
အမေရိကန်ဒေါ်လာ (၉.၀၅) သန်းဖြင့် ပညာရေး၊ ကျန်းမာရေး၊ ရေရရှိရေး၊ အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊
နေအိမ်ဆောက်လုပ်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ
လုပ်ငန်းများအား ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်
ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုစီမံကိန်းလုပ်ငန်းများ အား ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်
နားလည်မှုစာတမ်း ထပ်မံလက်မှတ်ရေးထိုး၍ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါကြောင်း၊ ဒုက္ခသည်များ
နေရပ်ပြန်လာရေးနှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ
အစိုးရအနေဖြင့် ၎င်းတို့အား လုံခြုံမှုရှိရှိ၊ ဂုဏ်သိက္ခာရှိရှိနှင့် ရေရှည် နေရပ်ပြန်ခြင်းမျိုးဖြစ်အောင်
ဖော်ဆောင်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုသို့ဖော်ဆောင်နိုင်ရေး အတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊
တိုင်းရင်းသား အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ ၎င်းတို့အားလက်ခံမည့်
လူထုအဖွဲ့အစည်း များ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် လက်တွဲဆောင်ရွက်သွားရမည်
ဖြစ်ပါကြောင်းနှင့် ဒုက္ခသည်များ ဘေးကင်းလုံခြုံစွာဖြင့် နေရပ်ပြန်လာနိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာစေရေးအတွက်
ယခုအလုပ်ရုံဆွေးနွေးပွဲအား ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရှိ
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ဌာနေကိုယ်စားလှယ် Mr. Giuseppe
de Vincentiis မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍
UNHCR ၏ မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက် ကမ္ဘာလုံး
ဆိုင်ရာ သတ်မှတ်ချက်နှင့် စည်းမျဉ်းများ၊ နေရပ်ပြန်လာမှုဆိုင်ရာ ချဉ်းကပ်ပုံစံများ၊
နေရပ်ပြောင်းရွှေ့သူများ နေရပ်ပြန်လာရေးအပေါ် လေ့လာမှုများ၊ သက်ဆိုင်သည့် ကိစ္စရပ်များ၊
အဆင်ပြေသည့် နေရပ်ပြန်ခြင်းအတွက် ဆောင်ရွက်ပေးရမည့်လုပ်ငန်း၊ လုပ်ငန်းစဉ်များ အတွက်
တာဝန်ယူမှု အပိုင်း၊ ပြန်လည်ပေါင်းစည်းမှုဆိုင်ရာ စိန်ခေါ်မှုများ ဖော်ထုတ်ခြင်းနှင့် အဆိုပါ
စိန်ခေါ်မှုများအပေါ် တာဝန်ယူ ဆောင်ရွက်သွားရမည့်ကဏ္ဍများနှင့် စပ်လျဉ်း၍ အဖွဲ့ လိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး
မြန်မာဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ရေးအတွက် ရှေ့ဆက်လက် ဆောင်ရွက်သွားရမည့် မဟာဗျူဟာမြောက်
လုပ်ငန်းစီမံချက်များ ရေးဆွဲ ခဲ့ကြသည်။

No comments:
Post a Comment