Wednesday, July 27, 2016

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင် များအသင်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းရေး အခမ်းအနားသို့ တက်ရောက်


နေပြည်တော်၊ ဇူလိုင် ၂၇
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက် ၁၀  နာရီခွဲတွင် စက်မှု ဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်း ရှင်များ အသင်း (Myanmar Textile Manufacturers Association – MTMA)၊ ဗဟိုအလုပ်အမှု ဆောင်ကော် မတီဖွဲ့စည်းရေး အခမ်းအနားသို့တက်ရောက်ချီးမြှင့်သည်။

အစီအစဉ်အရစက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က အဖွင့်အမှာ စကားပြောကြားပြီး အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်ကမြန်မာနိုင်ငံ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်းရှင်များအသင်းဖွဲ့စည်း ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရအနေဖြင့် နိုင်ငံရေး၊ လူမှုစီးပွားရေး၊ အုပ်ချုပ်ရေး စသည့်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများ အားစက်မှုကဏ္ဍတွင် လာရောက်ရင်းနှီး မြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ အထည်အလိပ်နှင့် အဝတ် အထည် ဆိုင်ရာထုတ်ကုန်ပစ္စည်းများသည် နိုင်ငံတကာစံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် နိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီအသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီး ဌာနကြီးကြပ်မှုဖြင့် အထည်အလိပ် နှင့် အဝတ်အထည်ကဏ္ဍအတွက် လိုအပ်သောကုန်ကြမ်းများ၊ စက်နှင့် စက်အရန် ပစ္စည်းများ၊ ပူးတွဲသုံးပစ္စည်းများ၊ ကုန်ချောများတစ်နေရာတည်းတွင် စုဝေး၍ ထုတ်လုပ် နိုင်သည့် အထည်အလိပ်နှင့်အဝတ်အထည်ဆိုင်ရာအထူးဇုန် (Specialized Textile and Garment Zone)များ တည်ထောင်နိုင်ရန်အတွက် ဝိုင်းဝန်းကြိုးပမ်းသွားရန် လိုအပ် ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ အားစမ်းသပ် စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ International Textile Laboratory တည်ထောင်ရန် အတွက် ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  အသင်းအနေဖြင့် လက်တွေ့ကျကျ အကောင် အထည်ဖော် ဆောင်ရွက်သွားရန်၊ အချင်းချင်းညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ရေရှည် ရှင်သန်နိုင်ရေး အတွက်ဝိုင်းဝန်းပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

No comments:

Post a Comment