Friday, July 29, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် "ဝ"နှင့်မိုင်းလား အထူးဒေသများမှ လူငယ် ၁၀၀ ကျော် တွေ့ဆုံပွဲ အမေး အဖြေ


source - DVB
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် "၀" နှင့်မိုင်းလားအထူးဒေသမှ လူငယ် ၁၀၀ နဲ့ ဒီကနေ့ နေပြည်တော်မှာတွေ့ဆုံအမှာစကားပြောကြားပြီး မေးမြန်းချက်တွေကို ဖြေကြားပါတယ်။ အဓိကအားဖြင့် ဘာသာစကားအခက်အခဲတွေကို ကျော်လွှားဖို့၊ တခြားတိုင်းနဲ့ ပြည်နယ်တွေကို ထိတွေဆက်ဆံဖို့၊ ပညာရေးကို အလေးပေးဖို့ ဦးစားပေးပြောဆို သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ အမေးအဖြေ အစီအစဉ် အပြည့်အစုံကို ဖော်ပြပါတယ်။

ကျမတို့ အခု ဒီလောက်တောင်များများ တိုင်းရင်းသားများက လာရောက်တွေ့ဆုံတဲ့အပေါ်မှာ အားလည်းအားတက်ပါတယ်။ ကျမတို့ရြဲ့ပည်ထောင်စုရဲ့အင်အားကိုဖော်ပြတာလို့ ကျမ ဒီလိုပဲခံယူပါတယ်။ အမျိုးသမီးငယ်လေးတွေပါလာတာကို တွေ့ရတဲ့အတွက် အထူးပဲ ၀မ်းသာပါတယ်။ အခု ကျမတို့ဟာ ငြိမ်းချမ်းရေးအတွက်ကို ကြိုးပမ်းနေတယ်ဆိုတာ ကျမတို့နိုင်ငံ အတွက် ကြိုးပမ်းနေတာဖြစ်တယ်။ နိုင်ငံရဲ့အနာဂတ်အတွက်ဆိုလို့ရှိရင် အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ အကြမ်းဖျဉ်းအားဖြင့်ပြောရမယ်ဆို နည်းနည်း တောင် ပိုများတယ်လို့တော့ ထင်ပါတယ်။ အဲဒီတော့ ကျမတို့ ထိုထက်မကများတဲ့အင်အား သုံးမှသာ ဘယ်အလုပ်ပဲလုပ်လုပ် အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ တိုင်းရင်းသားအမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးအတွက် တက်တက်ကြွကြွ အင်တိုက်အားတိုက် ပါဝင်ကြမယ်လို့ ကျမမျှော်လင့်ပါတယ်။ လူငယ်တွေဆိုတာကတော့ ကျမတို့နိုင်ငံရဲ့ အနာဂတ် ဖြစ်တယ်ဆိုတာ အထူးအထွေပြောစရာကို မလိုပါဘူး။ နောက်ပြီးတော့ မကြာခနဆိုသလိုပဲ လူငယ်တွေက လူကြီးတွေ မစွမ်းဆောင်နိုင်တဲ့အရာတွေကို စွမ်းဆောင်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေက လူကြီးတွေထက်စာလို့ရှိရင် စာမျက်နှာသစ်ပေါ်မှာ စနိုင်မယ့် အခွင့်အရေးရော၊ အရည်အချင်းရော ပိုပြီးတော့ များပါတယ်။ အဲဒါကြောင့် ကျမတို့ရဲ့ပြည်ထောင်စုဟာ တကယ်ပဲ ညီညီညွတ်ညွတ်နဲ့ အေးချမ်းသာယာရမယ်။ ခိုင်ခံ့ တည်ငြိမ်ရမယ်ဆိုတာ လူငယ်တွေအချင်းချင်းအကြားမှာ ဆက်သွယ်မှုရှိဖို့လိုပါတယ်။ ကျမတို့ လူငယ်များဟာ ကိုယ့်ရဲ့ပြည်နယ်တွင်းမှာမကဘဲ တခြားပြည်ထောင်စုအတွင်းမှာရှိတဲ့ ဒေသတွေကို သွားရောက်လည်ပတ်ပြီးတော့ လူငယ်အချင်းချင်း ရင်းနှီးမှုကို တည်ဆောက် စေချင်ပါတယ်။ တခုတော့ ကျမ သတိပေးချင်ပါတယ်။ နေပြည်တော်လာပြီးတော့ နေရာတိုင်းမှာ နေပြည်တော်လိုဖြစ်တယ်လို့တော့ မထင်ပါနဲ့။ ကျမတို့ နိုင်ငံတ၀န်းမှာရှိတဲ့ ပြည်သူပြည်သား အများစုဟာ ကျမတို့တိုင်းရင်းသားတွေနဲ့ သိပ်တော့ မကွာပါဘူး။ ဥပမာဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ လျှပ်စစ်စွမ်းအင်ကို သုံးစွဲနိုင်တဲ့ လျှပ်စစ်မီးရတဲ့ ကျမတို့ နိုင်ငံသူနိုင်ငံသားတွေ အကြမ်းဖျဉ်းအားဖြင့် ၃၀ ရာခိုင်နှုန်းပဲရှိပါတယ်။ ဒီလိုကိစ္စတွေမှာကျရင် ကျမတို့အားလုံး အတူတူလက်တွဲပြီးတော့ ဆောင်ရွက်မှသာလျှင် အောင်မြင်မှုရနိုင်မှာပါ။ လူငယ်တွေအတွက် အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ ပညာရေးပါ။ အခုအချိန်မှာ ကျမတွေ့ရတဲ့ လူငယ်တွေ ကတော့ ခိုင်ခိုင်ခံ့ခံ့မာမာကျန်းကျန်းရှိပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံအ၀န်းမှာဆိုလို့ရှိရင် အဟာရမပြည့်စုံလို့ အင်မတန်ပိန်လှီနေတဲ့ကလေးတွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးချို့တဲ့မှုက မျက်စိနဲ့မြင်ရပေမယ့် ပညာရေးချို့တဲ့မှုက ကြည့်ရုံနဲ့ မမြင်ရပါဘူး။ ပညာရေးချို့တဲ့မှုက ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် ကျန်းမာရေးလောက် တန်းတူရွယ်တူ အရေးကြီးပါတယ်။ ကျမတို့ရဲ့ပညာရေးစနစ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ပြည်ထောင်စု တိုးတက်ရေး၊ ပြည်ထောင်စုညီညွတ်ရေးအတွက် အခြေခံဖြစ်စေမယ့် ပညာရေးစနစ်ကို လိုအပ်ပါတယ်။ ပညာရေးတို့၊ ကျန်းမာရေးတို့ဆိုတာ အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်တာကြောင့်မို့လို့ ကျမအနေနဲ့ ကျမတို့အခုရောက်နေတဲ့ လူငယ်တွေရော၊ လူကြီးတွေရော ပေါ့နော် ကျမနဲ့တွေ့တုန်းအချိန်မှာ မေးချင်တာတွေရှိရင်လည်း မေးနိုင်ဖို့ ကျမ အချိန်လည်း အခုပေးပါတယ်။ သိချင်တာရှိရင်၊ မေးချင်တာရှိရင် ပွင့်ပွင့်လင်းလင်းမေးကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေကလည်း ဦးဆောင်မေးစေချင်ပါတယ်။ လူငယ်တွေက လည်း မေးစေချင်ပါတယ်။
မေး။ ။ ကျမမေးချင်တာက နယ်စပ်ဒေသမှာရှိတဲ့တိုင်းရင်းသားများဟာ ပညာရေး ဘက်မှာ နိမ့်ကျတာကိုတွေ့ရတယ်။ ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးများအတွက် အစိုးရကနေပြီးတော့ ဘယ်လိုစီမံချက်တွေများရှိပါသလဲ။
ဖြေ ။ ကျမတို့ ပညာရေးနဲ့ပတ်သက်လို့ရှိရင် တကယ်ပဲ နယ်စပ်က ရှိတဲ့အနေအထားက ပြည်မထက် ပိုဆိုးတယ်ဆိုတာ ကျမ၀န်ခံပါတယ်။ ဒါပေမယ့် ပြည်မမှာလည်း ဒီလောက်အထိ အခြေအနေကောင်းတာတော့ မဟုတ်ပါဘူး။ ပထမဦးဆုံးကတော့ ကျမတို့ တိုင်းရင်းသားတွေ ကြားထဲမှာ ဆရာ၊ ဆရာမတွေ လုံလုံလောက်လောက်ရှိဖို့ လိုပါတယ်။ ဆရာ၊ ဆရာမတွေ ကလည်း တကယ်ဆိုလိုရှိရင် ကျောင်းအဆောက်အဦထက်တောင်ပိုအရေးကြီးပါတယ်။ ကျောင်း အဆောက်အဦတွေရှိပြီး၊ ကျောင်းခန်းတွေရှိပြီး ဆရာဆရာမတွေမရှိလို့ရှိရင် အလကားပဲ။ အဲဒီ တော့ ကျမတို့က ပြို့ပီးတော့ ဆရာဆရာမတွေများများ၊ ဘာသာစကားတွေတတ်တဲ့ ဆရာ ဆရာမတွေ မွေးထုတ်ပေးဖို့ အလေးထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြားထဲမှာ ပြောနိုင်ဆိုနိုင်မှသာလျှင် သင်ပေးနိုင်မှာကိုး။ နောက်တခုကလည်း ကျမတို့က လမ်းပန်းဆက်သွယ်ရေး သိပ်အရေးကြီးပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမှ ပြည်မနဲ့ နယ်စပ်တွေကြားထဲမှာ အဆက်အသွယ်ရှိမှ ပညာရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ် တခြားကိစ္စတွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်မှာ ပါ။ ပြီးတော့လည်း ကျမတို့က အပြန်အလှန် ကူးလူးဆက်ဆံဖို့လည်း ဖြစ်စေချင်ပါတယ်။ ဒါမှ ကျမတို့ အခုဆိုလို့ရှိရင် အခုဒီမှာရောက်လာတဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို တခုမှ မတတ်ဘူး။ မတတ်တဲ့အခါကျတော့ ကျမက ဗမာလိုပဲ ပြောပြီးတော့ စကားပြန်ကို အားကိုးရ တယ်။ အဲတော့ အပြန်အလှန်ဖြစ်နေတာပေါ့။ ကိုယ့်အချင်းချင်း စကားတွေ နားလည်မယ်ဆိုရင် တဆင့်မသွားရဘဲနဲ့ တိုက်ရိုက် ပြောလို့ရတယ်။ ဆွေးနွေးလို့ရတယ်။ ကျမတို့ ပညာရေးစနစ်ဟာ ကျယ်ပြန့်ဖို့လိုပါတယ်။ ကျမတို့နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ယဉ်ကျေးမှုတွေကို တန်းတူ ညီတူလေးစားပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်သိနိုင်ဖို့ လုပ်ရမယ်။ အဲဒီတော့ တချို့ကပြောမယ်။ တန်းတူညီမျှမှုကို လေးစားတယ်ဆိုရင် ဘာဖြစ်လို့ ဗမာဘာသာစကားနဲ့ပဲ ကျောင်းတွေမှာ သင်ရသလဲ၊ ဘာဖြစ်လို့ ဗမာဘာသာစကားနဲ့ပဲ ၁၀ တန်းစာပေးပွဲစစ်သလဲ။ အဲဒါကတော့ လက်တွေ့ကျကျလုပ်ရတဲ့ကိစ္စဖြစ်တယ်။
ဥပမာ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ နိုင်ငံတော်ဘာသာစကားအနေနဲ့ ပြဌာန်းထားတဲ့ ဘာသာစကားတခု သို့မဟုတ် နှစ်ခုသုံးခု ရှိပါတယ်။ ဒါ့ထက်သိပ်များ တာကတော့ ရှားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သိပ်ဘာသာစကား တွေများနေရင် အလုပ်လုပ်ရတာခက်ပါတယ်။ လက်တွေ့ကျကျ ဥပမာ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာမှာလည်းခက်ပါတယ်။ ပညာရေးပိုင်းဆိုင်ရာမှာလည်း ခက်ပါတယ်။ ရိုးရိုးလေးပြောရရင် ကျမတို့ ကျောင်းစာအုပ်ဟာ ဗမာစာနဲ့ ကျမတို့ ရိုက်တယ်။ အဲတော့ တိုင်းရင်းသားဘာသာစကား တွေအားလုံး ရိုက်ဖို့ကလည်း အမှန်ပြောရလို့ရှိရင် လုပ်နိုင်စွမ်းမရှိပါဘူး။ တချို့တိုင်းရင်းသား တွေကျတော့ ဘာသာစကားကို အရေးတောင်မှ အခုထိမလုပ်ရသေးပါဘူး။ အဲတော့ တန်းတူညီမျှမှု ရဖို့ဆိုတာကလည်း အဲလိုပုံစံပဲအတိုင်း ညှိတာမဟုတ်ပါဘူး။ အဲတော့ ကျမတို့ လက်တွေ့ကျကျဖြစ်ရမယ့်လုပ်ရပ် တဖက်ကနေပြီးတော့လည်း ညီညွတ်မှုတွေအားလုံး၊ တန်းတူညီမျှမှု လေးစားဖို့။ တန်ဖိုးထားဖို့ ကြိုးစားနေပါတယ်။ အဲလိုကြိုးစားတဲ့နေရာမှာ လက်တွေ့ကျကျဘယ်လိုလုပ်ရမလဲဆိုတာလည်း တိုင်းရင်းသားတွေကလည်း ပါဝင်ဆွေးနွေး ပြီးတော့ အကြံဥာဏ်တွေ ပေးစေချင်ပါတယ်။
မေး။ ပညာဟူသည် တန်ဖိုးဆိုသည့်ဗမာစကားရှိပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ် အုပ်ချုပ်တဲ့ နေရာတွေ ဝေးနေတဲ့အတွက်ကြောင့် တချို့မိဘတွေက ပညာဆိုတဲ့တန်ဖိုးကို သိပ်နားမလည်ကြ ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူတို့တွေ ပညာရေးတန်ဖိုး နားလည်လာအောင် ဘယ်လို တိုက်တွန်းပြောပြပေးနိုင်မလဲ။
ဖြေ။ ။ “သားမေးတဲ့မေးခွန်းက အင်မတန်မှ တန်ဖိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေး မြှင့်တင်ဖို့ဆိုရင် မိဘတွေကိုလည်း ပညာပေးရမယ်။ လူငယ်တွေကိုပဲ ပညာပေးဖို့ ပြောတာ မဟုတ်ဘူး။ ဥဗမာ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းပညာကိုပဲ အားပေး တယ်။ အသက်မွေးဝမ်းကျောင်းပညာကို ဘာလို့အားပေးလဲဆိုတော့ တကမ္ဘာလုံးရဲ့ အတွေ့အကြုံကြည့်လိုက်လို့ရှိရင် တနေ့ထက်တနေ့ ပိုပိုပြီးတော့ အဲဒီလို ပညာသင်ထားတဲ့ လူငယ်တွေဆိုရင် အလုပ်ရဖို့ဟာ မခက်ခဲပါဘူး။ ဘ၀မှာ အလုပ်မရှိလို့ မရဘူး။ ဘ၀မှာ ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအတွက် အလုပ်လုပ်နိုင်ရမယ်။ ကိုယ့်ရဲ့ခြေထောက်ပေါ်မှာ ရပ်ပြီးတော့ နေနိုင်ရမယ်။ အဲတော့ အဲဒါအတွက်ဆိုလို့ရှိရင် ပညာသင်ပြီးတော့ ဒီပညာကို ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်းအဖြစ် သုံးနိုင်ဖို့က အရေးကြီးတယ်။ အဲတော့ အသက် မွေးဝမ်းကြောင်းပညာကို ကျမတို့ကနေပြီးတော့ အားပေးတယ်။ ဒါပေမယ့် မိဘတွေ တော်တော်များများဟာ ပညာဆိုတာ ဘွဲ့ရတာပဲ ထင်နေကြတယ်။ ပညာဆိုတဲ့ အနှစ်သာရ အဓိပ္ပါယ်ကို မလေ့လာကြဘူး။ သိပ်ပြီးတော့ သဘောမပေါက်တာလို့လည်း ပြောရမယ်။ တချို့က ကိုယ့်သားသမီးတွေ ဘွဲ့ရတာကို ဂုဏ်ယူတယ်။ ၀တ်ရုံကြီးရုံပြီး ဘွဲ့ယူ၊ ဓာတ်ပုံတင်၊ အိမ်မှာ ချိတ်ထား အင်မတန်ဂုဏ်ယူတယ်။ ဘွဲ့ကြီးယူထားပြီးတော့ အလုပ်ရနိုင်လားမရနိုင်လား သိပ်မစဉ်းစားကြဘူး။ အခုကမ္ဘာပေါ်မှာ ပညာအဆင့် အကောင်းဆုံးလို့ပြောတဲ့ တောင်ကိုးရီးယား ဘွဲ့ရပြီးတော့ အလုပ်မရတဲ့လူတွေ အများကြီးရှိနေတယ်။ အခုမှ သူတို့က အသက်မွေးဝမ်းကြောင်းပညာကို အားပေးတယ်။ အသက်မွေးဝမ်းကြောင်းပညာနဲ့သွားမှ အဆင်ပြေမယ်ဆိုတာကို အစိုးရက သိတယ်။ ဒါပေမယ့် မိဘတွေက လက်မခံသေးဘူး။ အစိုးရကနေပြီးတော့မှ အသက်မွေးဝမ်းကြောင်းပညာကို တွန်းတယ်အားပေးတယ်။ ဒါပေမယ်လို့ မိဘ၊ လူမှုအသိုင်းအ၀န်းက တက္ကသိုလ်ပညာကိုပဲ အလေးထားတယ်။ အဲတော့ ပြောချင်တာက ဂုဏ်ပကာသနကို ကြည့်တာပေါ့။ ကျမက မိဘတွေကို ဘယ်လိုပြောရမလဲဆိုရင် ကိုယ့်ရဲ့ သားသမီးတွေရဲ့ အနာဂတ်အတွက် စိတ်ချလက်ချနဲ့ ငါတို့ သားသမီးတွေဟာ ဘ၀မှာ သူတို့ဘ၀မှာတွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ ဆက်ပြီးတော့ လမ်းလျှောက် နိုင်မယ်ဆိုတဲ့ စိတ်ချမှုမျိုး လိုချင်ရင် သားသမီးတွေကို ပညာပေးရမယ်။ ကိုယ့်ဟာကို ရပ်တည်နိုင်ရင် ဒီသားသမီးများဟာ မိမိတို့ဘ၀မှာ မိမိတို့ ဘာသာရပ်တည်နိုင်တဲ့ ပညာတွေ ပေးရမယ်။ အဲဒီပညာအမွေကို ပေးမယ်ဆိုရင် တခြားဘာမှ မလိုဘူး။ ကျမ ခနခန ပြောတယ်။ ဘာမှပိုက်ဆံတွေဘာတွေ အမွေမထားခဲ့နိုင်ဘူး ပညာပဲသင်ပေးမယ်။ ဒါဟာ အင်မတန်မှန်တဲ့ အယူအဆလို့ ခံယူပါတယ်။ အဆိုတခုရှိတယ်လေ။ ဥစ္စာဟူသည်မျက်လှည့်မျိုး၊ ပညာဟူသည်မျက်ရွှေအိုး၊ မျက်လှည့်မျိုးဆိုတာ အခုမြင်အခုပျောက်၊ ဥစ္စာဆိုတာ တနေ့ထဲနဲ့ ပျောက်သွားနိုင်တယ်။ ဥပမာ မီးလောင်သွားလို့ဖြစ်စေ၊ မီးလောင်တာဆိုရင်တရက်တွင်း မဟုတ်ဘူး နာရီပိုင်းနဲ့ ပျောက်သွားမယ်။ ဒါပေမယ့် ကိုယ့်မှာ ပညာရှိနေရင် ပြန်ပြီးရှာလို့ရတယ်။ အဲတော့ မိဘတွေက ကိုယ့်ရဲ့ကလေးတွေအတွက်၊ သားသမီးတွေအတွက်စဉ်းစားမယ်ဆိုရင် ပိုက်ဆံအမွေပဲပေးခဲ့မယ်လို့မစဉ်းစားပဲနဲ့ ပညာအမွေပဲ ပေးခဲ့ဖို့စဉ်းစားပါလို့ ကျမအနေနဲ့ တိုက်တွန်းချင်ပါတယ်။
REF - Myanmar State Counsellor Office facebook page

No comments:

Post a Comment