Wednesday, July 27, 2016

ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


နေပြည်တော် ဇူလိုင် ၂၇
ဥပဒေ (မူကြမ်း)နှင့် နည်းဥပဒေများ ရေးဆွဲ ပြဋ္ဌာန်းရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က စနစ်တစ်ခု၊ ခေတ်တစ်ခုပြောင်းတိုင်းတွင် ဥပဒေများကို ခေတ်နှင့်စနစ်နှင့်လျော်ညီအောင် ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ရပါကြောင်း၊ ခေတ်စနစ်နှင့်လျော်ညီအောင် ဥပဒေပြုရေး အပိုင်းက ဥပဒေများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်း များ ပြောင်းလဲပေးမှသာ သက်ဆိုင်ရာအစိုးရက အကောင်အထည်ဖော်နိုင်မည်ဖြစ် ကြောင်း၊ ဥပဒေများသည် ပြည်သူကို မှန်ကန်မှု၊ မျှတမှု၊ ညီညွတ်မှုပေးသည့်၊ အကာ အကွယ်ပေးသည့် ဥပဒေများဖြစ်ရန် လိုအပ်သကဲ့သို့ ပြည်သူများ လေးစားလိုက်နာ နိုင်သည့် ဥပဒေများဖြစ်ရန်လည်း အရေးကြီးပါကြောင်း။
ဥပဒေသည် အခြေအနေ၊ အချိန်အခါအလိုက် ပြောင်းလဲသည့် သဘောရှိပါ ကြောင်း၊ ခေတ်စနစ်နှင့် အံဝင်ခွင်ကျမဖြစ်သည့် ဥပဒေများသည် အကျိုးသက်ရောက်မှု အားနည်းပါကြောင်း၊ ထို့ကြောင့် ခေတ်စနစ်နှင့် အံဝင်သည့်၊ နိုင်ငံတော်အစိုးရ၏ မူဝါဒ နှင့်ကိုက်ညီသည့်၊ ယခုကျင့်သုံးနေသည့် စီးပွားရေးစနစ်နှင့် ညီညွတ်သည့်၊ လူမှုဘ၀နှင့် ဆီလျော်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် အားလုံးက ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မိမိတို့နိုင်ငံတွင် လက်ရှိကျင့် သုံးနေသည့်ဥပဒေပေါင်း ၄၀၀ ကျော်ရှိသည်ဟု လေ့လာတွေ့ရှိရပါ ကြောင်း၊ တည်ဆဲဥပဒေများသည် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်ညီညွတ်ခြင်း ရှိ၊မရှိ စိစစ်ပြီး ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းများပြုလုပ်ရန် လိုအပ်မည် ဖြစ်ပါ ကြောင်း၊ တည်ဆဲဥပဒေများနှင့်ဆက်စပ်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ ထုတ်ပြန်ထားခြင်း ရှိ၊မရှိနှင့် ယခင်ထုတ်ပြန်ထားသည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ အမိန့်ညွှန်ကြားချက်များသည် လက်ရှိအခြေအနေနှင့် ညီညွတ်မှု ရှိ၊ မရှိ ပြန်လည်စိစစ်ရန် လိုအပ်ပါကြောင်း၊ ယခုကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီ နှင့်ဈေး ကွက်စီးပွားရေးစနစ်တွင် တရားဥပဒေစိုးမိုးမှုသည် အလွန်အရေးကြီးပါ ကြောင်းနှင့် ဥပဒေ၊ နည်းဥပဒေများကို ခေတ်နှင့်လျော်ညီအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိနိုင်ငံတွင် ကျင့်သုံး နေသည့်ဥပဒေများကို ပြန်လည်လေ့လာသုံးသပ်ပြီး ယနေ့ခေတ်စနစ်နှင့်လိုက်လျော ညီထွေမှု ရှိ၊ မရှိ၊ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်သည့်ဥပဒေများ ဟုတ်၊ မဟုတ် လေ့လာသုံးသပ်၍ ပယ်ဖျက်သင့်သည့်ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်သင့်သည့်ကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန်လိုအပ်သည့်ဥပဒေများပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက် သွားသင့်ပါကြောင်း၊ မိမိတို့လိုချင်သည့် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မည်ဆိုပါက ဥပဒေများကို ပြုပြင်ပြောင်းလဲဆောင်ရွက်ခြင်းမပြုဘဲ မဖြစ်နိုင်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမြင့်နိုင်နှင့် ဦးကျော်စိန်တို့က ဥပဒေ(မူကြမ်း)နှင့် နည်းဥပဒေရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ လေ့လာတွေ့ရှိချက်များနှင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ/အတွင်း ရေးမှူးများ၊ ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဥပဒေ (မူကြမ်း)နှင့် နည်းဥပဒေများရေးဆွဲရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ် ရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်တင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိ ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေး မှူးအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ် များ၊ လွှတ်တော်ရုံးအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။



No comments:

Post a Comment