Wednesday, May 25, 2016

ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော် မေ ၂၅

ကျေးလက်လမ်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက် (၉)နာရီခွဲက  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က နိုင်ငံအဝှမ်း လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေးအတွက် အမျိုးသားပို့ဆောင်ရေး ပင်မ စီမံကိန်းကို ဂျပန်နိုင်ငံ၊ JICA အကူအညီဖြင့် ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ ကျေးလက် လမ်းများ ဖွံ့ဖြိုးရေးအတွက် ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး Master Plan ရေးဆွဲ၍ နှစ်အလိုက်စီမံချက်များ  ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ အမျိုးသားအဆင့်စီမံချက်နှင့် ဒေသအဆင့် စီမံချက်တို့ ကိုက်ညီပြီး၊ စီမံကိန်းများအား ဗဟိုကော်မတီမှ အတည်ပြုဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ နိုင်ငံအဝှမ်း စံချိန်စံနှုန်းမီ ကျေးရွာချင်းဆက်လမ်းများ အောင်မြင်စွာ ဖောက်လုပ်နိုင်ရန် လုပ်ငန်း လမ်းညွှန်ချက်၊ မူဝါဒများနှင့်အညီ စိစစ်ပြီး၊ ကော်မတီ (၃)ရပ် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဆွေးနွေးသည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ စစ်တမ်းအရ ကျေးရွာ ပေါင်း (၆၄၁၃၄) ခန့်ရှိသည့်အနက် ရာသီမရွေးသွားလာနိုင်သည့် ကျေးရွာပေါင်း (၁၉၁၃၄) ခန့်ရှိ၍ ကျေးရွာပေါင်း (၂၀၀၀၀)ခန့်မှာ ခြောက်သွေ့သောရာသီဥတု၌ သွားလာနိုင်ပြီး ကျန်ကျေးရွာ (၂၅၀၀၀)ခန့်မှာ သွားလာရန် လမ်းမရှိသေးသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြို့နယ် များအလိုက် Core Network များရေးဆွဲပြီး လုပ်ငန်းလိုအပ်ချက်များ ဖော်ထုတ်ရမည် ဖြစ်သည့် အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြား သည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကျေးရွာလမ်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု လမ်းမကြီး၊ အမြန်လမ်းမကြီးများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မှလည်းကောင်း၊ ကျေးလက်လမ်း များကို ကျေးလက်ဦးစီးမှလည်းကောင်း၊ နယ်စပ်လမ်းများကို နယ်စပ်ရေးရာဝန်ကြီး ဌာန မှလည်းကောင်း အသီးသီးဆောင်ရွက်နေကြ၍ ဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ Master Plan ရေးဆွဲ၍ (၅)နှစ်အတွင်း ကျေးလက်လမ်းများ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ငွေကြေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန (သို့မဟုတ်) ADB ၏ အထောက် အပံ့ ရယူရန် လိုအပ် ကြောင်း ဆွေးနွေးသည်။

ယင်းနောက် ADB  ကျွမ်းကျင်ပညာရှင် Mr.Serge Carier Van Dissel မှ "Rural Roads in Myanmar" ခေါင်းစဉ်ဖြင့် ကျေးလက်ဒေသတွင် ဆောင်ရွက်ရန် လိုအပ်သည် များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ ကျေးလက် လမ်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့်အခြေအနေများကို တင်ပြ ဆွေးနွေးကြပြီး၊ လမ်းဦးစီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူတို့မှ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြကြသည်။ 

No comments:

Post a Comment