Thursday, May 26, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော် မေ ၂၆
ထိုင်းနိုင်ငံ၌ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့သည် ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံပြီး  ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားမ၀င် မှောင်ခိုလုပ်ငန်းများ၊ လက်နက် မှောင်ခိုမှုများ ပပျောက်ရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က လိပ်ကျွန်းဖြစ်စဉ်တွင် ပါဝင်သော မြန်မာနိုင်ငံသား နှစ်ဦးနှင့် စပ်လျဉ်း၍ တတိယနိုင်ငံ ပါဝင်နေသဖြင့် အခြေအနေမှန်အား လေ့လာစေလျက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda နှင့်  ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် တွေ့ဆုံ သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့သည် မေ ၂၅ ရက်ညနေပိုင်းတွင် ဘန်ကောက်မြို့ရှိ Thai Bev Group Industry (Oishi Group) ကုန်ထုတ်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
Oishi Group ကုန်ထုတ်လုပ်ငန်းသည် Thai Beverage Group ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး Alcohol မပါသည့် အချိုရည်ထုတ်ကုန်လုပ်ငန်း ကို တိုးချဲ့ရန် အဓိက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ဒေသမှ ထွက်ရှိသည့် လက်ဖက်ကုန်ကြမ်းဖြင့် Green Tea အဆင့်မြင့် ဖျော်ရည်အမျိုးမျိုးကို ထုတ်လုပ်နေသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး စက်ရုံများမှ လစဉ် ဖျော်ရည်ဗူးမျိုးစုံ ၇၅ သန်းခန့် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

 (မြ၀တီ)

No comments:

Post a Comment