Monday, May 30, 2016

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၆၉) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေး ညီလာခံသို့ တက်ရောက်

နေပြည်တော်၊ မေ ၃၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ တက်ရောက်ခဲ့ရာ မေ (၂၂) ရက် ညနေပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်ရုံးတွင် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှဒေသ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အရှေ့တောင်အာရှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာပူနမ်ဆင်းနှင့် တာဝန်ရှိသူများ အားတွေ့ဆုံ၍ ညီလာခံတွင် တင်ပြဆွေးနွေးမည့် အကြောင်းအရာများအား ညှိနှိုင်းဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်သော ကျန်းမာရေးကိုယ်စားလှယ် အဖွဲ့သည် မေ (၂၃) ရက် နံနက် ၉ နာရီခွဲတွင် ဂျီနီဗာမြို့ Palais des Nations ခန်းမ၌ ကျင်းပသည့် (၆၉) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာဂရက်ချန်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံအသီးသီးမှ ကျန်းမာရေးဝန်ကြီးများ၊ ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းအဖွဲ့ဝင်ရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ညီလာခံကျင်းပနေစဉ်အတွင်း တပြိုင်တည်းကျင်းပ လျှက်ရှိသည့် နည်းပညာရပ်ဆိုင်ရာ အစည်းအဝေးများသို့ တက်ရောက်ခဲ့ ကြသည်။
မေ (၂၄) ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင်  Palais des Nations အခန်း (၁၂) တွင် ကျင်းပသည့် Implementing our shared agenda on the Public Health Dimension of the World drug problem နှင့် နေ့လည်ပိုင်းတွင် ကျင်းပသည့် Health in the 2030 Agenda for Sustainable Development inter sectional Action အစည်းအဝေးများသို့ တက်ရောက်သည်။
ထို့ပြင် IAEA မှ Ms.Nelly Enwerem Bromson ၊ ညွှန်ကြားရေးမှူး (Program of Action for Cancer Therapy (PACT) ) နှင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး ကင်ဆာရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ အကူအညီပေးရေးနှင့် ကျွမ်းကျင်သူများလေ့ကျင့် မွေးထုတ်ရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးသည်။
ညနေပိုင်းတွင် Intercontinental Hotel ၌ ကျင်းပသည့် GE Health care ၏ Achieving Affordable and Sustainable Health care ဆိုင်ရာဆွေးနွေးပွဲနှင့် President Wilson ဟိုတယ်တွင် ကျင်းပသည့် Novartrs International AG ၏ Accelerating Universal Health care Implementation in a Challenging Economic Climate စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများ ညှိနှိုင်း ဆွေးနွေးသည်။
ကမ္ဘာ့ကျန်းမာရေးညီလာခံ တက်ရောက်နေစဉ်အတွင်း မေ (၂၅) ရက် နံနက်ပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဘူတန်နိုင်ငံ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Dr.Ugen Dophu နှင့် အဖွဲ့အား Delegate Lounge အတွင်း လက်ခံတွေ့ဆုံကာ ခွဲစိတ်၊ သားဖွား၊ မီးယပ်၊ မေ့ဆေးနှင့် ရောဂါဗေဒဆရာဝန်ကြီးများ ဘူတန်နိုင်ငံ တွင် သွားရောက် တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အကူအညီပေးရေး ဆိုင်ရာကိစ္စရပ်များဆွေးနွေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာန ဝန်ကြီးနှင့် အဖွဲ့အား အဆိုပါခန်းမ၌ပင် တွေ့ဆုံ၍ နှစ်နိုင်ငံ နယ်စပ်ဒေသတလျှောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များ၊ နှီးနွယ်တက္ကသိုလ်များနှင့် သူနာပြုတက္ကသိုလ်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ဆေးနှင့် ဆေးပစ္စည်းဆိုင်ရာအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများ ညှိနှိုင်းဆွေးနွေးသည်။
ထို့နောက် ညနေ ၃ နာရီတွင် Intercontinental Hotel တွင် ကျင်းပသည့် Global Financing Facility for Myanmar စားပွဲဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ Universal Health Coverage ရရှိရေး ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များ၊ အလှူရှင်များနှင့် လက်ရှိပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ ကျန်းမာရေးဝန်ကြီးဌာန၏ မူဝါဒနှင့် ရှေ့ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် သဘောထားအမြင်များ ဦးစားပေး ကျန်းမာရေးပြဿနာများကို တင်ပြဆွေးနွေးသည်။ အဆိုပါဆွေးနွေးပွဲသို့ ကမ္ဘာ့ဘဏ်၊ JICA ၊ USAID ၊ Global Fund နှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် ညနေပိုင်းတွင် Kempinski Hotel တွင် Varian Medical Systems International AG အဖွဲ့နှင့် တွေ့ဆုံ၍ Radiation Oncology တွင် လိုအပ်လျက်ရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ အမြန်ဆုံး လေ့ကျင့်မွေးထုတ်ပေး နိုင်ရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မေ (၂၆) ရက် နံနက်ပိုင်းတွင် Palais des Nations အဆောက်အဦး E 3025 အခန်း၌ The Nippon Foundation ဥက္ကဌဖြစ်သူ Mr.Sasakawa နှင့် အဖွဲ့အား တွေ့ဆုံ၍ တိုင်းရင်းဆေးပညာရပ် ဖွံဖြိုးတိုးတက်ရေး၊ ရှားပါး ပရဆေးပင်များထိမ်းသိမ်းရေးနှင့် ပျိုးဥယျဉ်ခြံ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များအတွက် အကူအညီ ပေးရေး၊ ကျေးရွာတိုင်းသို့ တိုင်းရင်းဆေးသေတ္တာ ဖြန့်ဝေရေးဆိုင်ရာကိစ္စများ၊ ခက်ခဲဒေသများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးနှင့် အနာကြီးရောဂါ အမြစ်ပြတ်ခြေမှုန်းရေးတွင် ဆက်လက် အကူအညီပေးရေးနှင့် Rehabilitation ဆေးပညာရပ် ဖွံဖြိုးတိုးတက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
မေ (၂၇) ရက် နံနက်ပိုင်းတွင် Palais des Nations အခန်း E2064 ၌ Global Fund တာဝန်ရှိသူများနှင့် တွေ့ဆုံ ၍ လက်ရှိ Global Fund ရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်လျှက် ရှိသည့် AIDS TB နှင့် Malaria ရောဂါကြီး သုံးမျိုး တိုက်ဖျက်ရေးလုပ်ငန်း အခြေအနေများ၊ ဆက်လက်၍  Global Fund ရန်ပုံငွေ အဖွဲ့သို့ ပေးပို့လျောက်ထားမည့် Concept note တွင် ထည့်သွင်းဖေါ်ပြမည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးမည့် ကိစ္စများအား ညှိနှိုင်းဆွေးနွေး ခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် အလွတ်သဘောတွေ့ဆုံ၍ အမျိုးသား ကျန်းမာရေးစီမံချက် အချောသတ်ရေးဆွဲရေး၊ သူနာပြုနှင့်သားဖွား သင်ရိုး ညွှန်းတန်းများ ပြန်လည်ဆန်းစစ်၍ ခေတ်နှင့် လျှော်ညီစွာ ပြုပြင်ရေးဆွဲရေး၊ ဒေသဆိုင်ရာရုံးတွင် မြန်မာဆရာဝန်များ ပိုမိုခန့်ထားပေးနိုင်ရေးနှင့် ပိုမိုအကူအညီ ပေးရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment