Monday, May 30, 2016

အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၃၀
ဖလမ်းမြို့ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းသို့ ပြောင်းရွှေ့လိုသူများအား လူမှုအဆောက် အအုံဇုန် Proposed Location for Sport Complex နှင့် အထက်တန်းကျောင်း ဆောက်ရန် လျာထားသည့်နေရာတွင် ကျူးကျော်ပြောင်းရွှေ့ခွင့်မပြုဘဲ လူနေဇုန်လျာ ထားသည့် နေရာများတွင်သာ ပြောင်းရွှေ့ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိနှင့် အစိုးရ သက်တမ်းကုန်ဆုံးမည့်အချိန်တွင် မြို့ပြစီမံကိန်း မည်သည့်အဆင့်ရောက်ရှိနေသည်ကို သိရှိလိုကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းက ယနေ့ကျင်းပ သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးမြန်းသည်။

ယင်းမေးခွန်းအပေါ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖလမ်းမြို့နယ်အတွင်းရှိ လိုင်ဇိုးအုပ်စု ထန်နှီရ်(မြောက်)ကျေးရွာ၊ ထန်နှီရ်(တောင်)ကျေးရွာ၊ ဘိုင်လာကျေးရွာနှင့် ကာလ်ရောန်ကျေးရွာတို့သည် ၂၀၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကွဲအက်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းကျေးရွာများ ပြောင်းရွှေ့မည့်နေရာသည် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းရေးဆွဲ လျာထားသည့် လူမှုအဆောက်အအုံများဇုန် Proposed Location for Sport Complex ၁၆ ဧကနှင့် အထက်တန်းကျောင်းဆောက်ရန် လျာထားသည့် ၂၅ ဧကနေရာများကို ကျူးကျော်ခြင်း မရှိဘဲ လူနေဇုန်လျာထားသည့် နေရာများတွင်သာ ပြောင်းရွှေ့မည်ဖြစ်ကြောင်း။
ဖလမ်းမြို့သစ် (လုံပီး)မြို့ပြစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် ဖလမ်းမြို့နယ်ကော်မတီ ၃ ရပ်၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုးချဲ့ရပ်ကွက် ဧရိယာအတွင်းပါဝင်မည့် ကျေးရွာများ၏ဧရိယာများကို ပြန်လည်တိုင်းတာ ပြီး အမှုတွဲအသစ်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။

ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့သည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို စတုတ္ထ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက် ပွဲဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို  ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက် အတိုင်းထားရှိရန် အမျိုးသားလွှတ်တော်က သဘောတူ အတည်ပြုခဲ့သည်။ 

No comments:

Post a Comment