Monday, May 30, 2016

ကန်သာယာ အဆင့်မြင့် ရုပ်ရှင်ရုံသစ် ဖွင့်လှစ်



ရန်ကုန် မေ ၂၉
ရုပ်ရှင်ဝါသနာရှင်များအတွက် နာမည်ကြီး ရုပ်ရှင် ဇာတ်ကားကောင်းများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်ရန် Royal Ace Mega ကုမ္ပဏီက ကန်သာယာအဆင့်မြင့် ရုပ်ရှင်ရုံသစ်ကြီးကို မေ ၂၅ ညနေ ၅ နာရီက ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ Kantharyar Shopping Mall ၌ ဖွင့်လှစ်လိုက်သည်။

Royal Ace Mega ကုမ္ပဏီလီမိတက်မှ မမြဖြိုးဝေက "Royal Ace Mega ကုမ္ပဏီက ဖွင့်လှစ်တဲ့ Mega Ace ရုပ်ရှင်ရုံပေါ့။ မြောက်ဥက္ကလာပရိသတ်တွေအတွက် အဓိက ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။ အကုန်လုံးက ဒစ်ဂျစ်တယ်စနစ်နဲ့သွားတာ၊ ဇာတ်ကားတွေကတော့ နိုင်ငံခြားဇာတ်ကား၊ မြန်မာဇာတ်ကားတွေပြသွားမယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ စိတ်ကျေနပ်ပျော်ရွှင်မယ်လို့ ထင်ပါတယ်" ဟု ပြောသည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးမောင်ဖေက "ဒီလိုရုပ်ရှင်ရုံတွေ တစ်နိုင်ငံလုံးမှာ ၄၀ ကျော်လောက်ရှိတယ်။ နောင်လည်း ရုပ်ရှင်ရုံတွေ ဆက်တိုးဖို့အလားအလာရှိတယ်။ ကျွန်တော်တို့ဆီကို ရုပ်ရှင်ရုံတွေဆောက်မယ်။ ဘယ်လို အကူအညီပေးနိုင်မလဲဆိုပြီး ကမ်းလှမ်းလာတာရှိတယ်။ ပြန်ကြားရေးက ရုပ်ရှင်ရုံတွေ ရောင်းထားတာ၊ ငှားထားတာတွေရှိတယ်။ မလုပ်နိုင်ရင် ပေါင်းစပ်လုပ်ရမှာပေါ့။ ဒီနှစ် အတွင်းမှာကို ခြောက်ရုံလောက် ဆက်ဖွင့်ဖို့ရှိတယ်။ ရုပ်ရှင်ရုံတွေ များများပေါ်လာတော့ ပြည်သူတွေ စိတ်အပန်းဖြေ အနားယူဖို့ ရတာပေါ့" ဟု ပြောသည်။
ယနေ့ဖွင့်လှစ်သည့် ကန်သာယာအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွင် 2D, 3D ရုပ်ရှင်ပေါင်း သုံးရုံပါရှိပြီး ကောင်းမွန်သော အသံစနစ်၊ အလင်းစနစ်၊ကျယ်ဝန်းသော ခေတ်မီ ထိုင်ခုံများ ခင်းကျင်းထားမှုများနှင့် သင့်တင့်မျှတသော လက်မှတ်ဈေးနှုန်းဖြင့် ရုပ်ရှင်ကြည့်ပရိသတ်များအား ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပြီး အဆိုပါ ရုံသုံးရုံလုံးတွင် ဇာတ်ကားသုံးကား တစ်ပြိုင်နက်တည်း ပြသသွားမည် ဖြစ်ကြောင်းသိရသည်။
ရွှေမင်းသမီး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးသက်လွင်က "အခုလို ရုပ်ရှင်ရုံတွေပေါ်လာတော့ ကျွန်တော်တို့ ရုပ်ရှင်ထုတ်လုပ်သူတွေ အနေနဲ့ အရမ်းဝမ်းသာတယ်။ တစ်ချိန်က ရွှေမန်းရုပ်ရှင်ရုံ လုပ်ခဲ့တယ်။ ရုပ်ရှင်ရုံ သမားတွေရဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက် အရင်းအနှီးကြီးတယ် ဆိုတာ သိတယ်။ ဒီလိုရုံတွေ တိုးလာတဲ့အခါမှာ အလွန်အဆင်ပြေတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း နောက်ပိုင်းမှာ ဒီထက်မက ရုပ်ရှင်ကားတွေ ထုတ်လို့ရသွားပြီ။ ရုပ်ရှင်ကားတွေက ရိုက်ထားတာ ရာဂဏန်းလောက်ရှိနေပြီ။ ပြဖို့စောင့်နေရတယ်။ ဒီလိုရုပ်ရှင်ရုံတွေ အများကြီး ပေါ်လာတဲ့အခါကျတော့ စောင့်စရာမလိုတော့ဘူး။ ပြည်သူတွေအတွက်ရော အားလုံးအတွက် ကောင်းတာပေါ့" ဟု ပြောသည်။
ကန်သာယာအဆင့်မြင့် ရုပ်ရှင်ရုံဖွင့်ပွဲသို့ လာရောက ကြည့်ရှုသည့် ပရိသတ်များအား နာမည်ကျော် အနုပညာရှင်များ ဖြစ်သည့် နေတိုး၊ ဝိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ အေးဝတ်ရည်သောင်းတို့က အမှတ်တရလက်မှတ်များ လာရောက် ရေးထိုးပေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လိုင်စင်ရယူထားသည့် ရုပ်ရှင်ရုံ ပေါင်း ၈၈ ရုံရှိပြီး ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြသသည့် ရုံ ၄၆ ရုံရှိကြောင်း ကျန်သည့်ရုပ်ရှင်ရုံများမှာ ဖလင်ဖြင့်ပြသသည့် ရုံများဖြစ်ကြောင်း ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ သိရသည်။
(သတင်း-သီသီမင်း။ ဓာတ်ပုံ-နေလင်း)

No comments:

Post a Comment