Thursday, May 26, 2016

ဝိသာခါတန်ဆောင်း၊ ဒဂုံသီရိ ဘေးမဲ့ကန်ကြီးနှင့် အခြားသောယဉ်ကျေးမှုဆိုင်ရာများကို ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိသည့် ရက် ၁၀၀



သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အများပြည်သူ စိတ်ဝင်စားမှုအများဆုံးက ပညာရေးနဲ့ပတ်သက်တဲ့အရာတွေ ဖြစ်ပါတယ်။ ဝန်ကြီးဌာနရဲ့ လုပ်ငန်းစဉ် သုံးရပ်ကလည်း သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာဆိုပြီး သုံးခုရှိပါသည်။

“မြတ်ဗုဒ္ဓရဲ့ ဓမ္မတွေကို သင်ကြားပေးတဲ့ အဆင့်ဆင့်ပညာရေးစနစ် ပါဝင်သလို အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးစနစ်လည်းပါဝင်ပါတယ်။ သာသနာရေးဘက်အပိုင်းမှာ ဝိသာခါတန်ဆောင်းပြုပြင်သလိုပဲ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံကွပ်ကဲတဲ့ ရှေးဟောင်းအဆောက် အအုံတွေ၊ ကျောင်းတွေစတဲ့ ယဉ်ကျေးမှုဘက်ကနေပြီးတော့ ထိန်းသိမ်းကွပ်ကဲရတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေလည်း ရှိပါတယ်။ ဒါတွေကိုလည်း အဆင့်အလိုက် နိုင်ငံတော်ကိုတင်ပြ၊ ဘတ်ဂျက်တောင်းခံပြီး ပြုပြင်မွမ်းမံ ထိန်းသိမ်းသွားဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားခဲ့သည်။


ဝိသာခါတန်ဆောင်းအကြီးစားပြုပြင်မွမ်းမံ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနသည် လက်ရှိတွင် ၁၉၄၇ ခုနှစ်ကာလက ဆဋ္ဌသံဂါယနာတင်ရန် မဟာပါသနာ့ လိုဏ်ဂူကိုတည်ဆောက်ခဲ့ရာတွင်အတူပါဝင်လာခဲ့သည့် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သည့် ကမ္ဘာအေးကုန်းမြေပေါ်ရှိ ဝိသာခါ တန်ဆောင်းကို အကြီးစား ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိပြီး ရက် ၁၀၀ စီမံကိန်းအတွက် နိုင်ငံတော်က ငွေကျပ် ၈၄၇ သိန်းကျော်ခွင့်ပြုထားကြောင်းလည်း သိရသည်။

အဆိုပါဝိသာခါတန်ဆောင်းအား အကြီးစားပြုပြင်မွမ်းမံရသည့် ရည်ရွယ်ချက်မှာ ရပ်ဝေးမှ ရန်ကုန်မြို့သို့ မရောက်ဖူးသူများ၊ ဆင်းရဲနွမ်းပါးသူများ ဘုရားဖူးလာရောက်ပါက အခမဲ့တည်းခိုနေထိုင်နိုင်ရန်နှင့် လူဦးရေ ၂၀၀ အထိ တစ်ပြိုင်နက်တည်းခိုနိုင်ရန် ပြုပြင်ပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

ဝိသာခါတန်ဆောင်းအဆောက်အအုံသည် နှစ်ပေါင်းကြာရှည်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးလာခြင်းကြောင့် အဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဝိသာခါတန်ဆောင်း တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အစည်းအဝေး၊ ဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှု ဗဟိုကြီးကြပ်ရေးအဖွဲ့အစည်းအဝေး၊ ထေရဝါဒဗုဒ္ဓသာသနာပြုရဟန်းတော်၊ သင်တန်းများသို့ ကြွရောက်လာသည့် ဆရာတော် သံဃာတော်များ သီတင်းသုံးကြကြောင်း သိရသည်။

ရက် ၁၀၀ စီမံကိန်းဝင် ဒဂုံသီရိဘေးမဲ့ကန်တော်ကြီး

ထိုသို့ဝိသာခါတန်ဆောင်းအား ပြုပြင်မွမ်းမံမှုများပြုလုပ် လျက်ရှိသည့်အပြင် နှစ်ပေါင်း ၃၀ ကျော် ကြာမြင့်နေပြီဖြစ်သည့် ဒဂုံသီရိဘေးမဲ့ကန်တော်ကြီးကိုလည်း ပြန်လည်ဆည်ဖို့မှုများ လုပ်ဆောင်လျက်ရှိသည်။ ယင်းဒဂုံသီရိဘေးမဲ့ကန်ကြီးသည် ကမ္ဘာအေးကုန်းမြေ၏ အနောက်ဘက်အခြမ်းတွင်တည်ရှိပြီး အကျယ်အဝန်းအားဖြင့် ၁၅ ဧကခန့် ကျယ်ဝန်းကြောင်း သိရသည်။

ဒဂုံသီရိဘေးမဲ့ကန်တော်ကြီးတွင် ကန်ငါးကန်ရှိပြီး ရှေး ယခင်က နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့တိုင်း ဗုဒ္ဓဘာသာဝင် အများ ပြည်သူများ၊ ဝတ်အသင်းအဖွဲ့များက ဇီဝိတဒါနသက်လွှတ် ကုသိုလ်ယူငါးလွှတ်ပွဲများ အစဉ်အလာမပြတ် ပြုလုပ်လေ့ရှိသည့် ဘေးမဲ့ကန်ကြီးဖြစ်သည်။

ဒဂုံသီရိဘေးမဲ့ကန်ကြီးအား ပြန်လည်ဆည်ဖို့ရခြင်းသည် နှစ်ကာလကြာလာသည်နှင့်အမျှ နုန်းပို့ချမှုများလာခြင်းကြောင့် ကန်ကြီး၏ရေအနက်သည် လေးပေငါးပေခန့်အထိ တိမ်ကောသွားခဲ့သည်။ အဆိုပါ ဒဂုံသီရိဘေးမဲ့ကန်ကြီးတွင် ငါးအကောင်းရေ သိန်းသန်းချီရှိပြီး ပြန်လည်ဆည်ဖို့မှုများပြုလုပ်နေခြင်းကြောင့် အခြားနေရာသို့ ရွှေ့ပြောင်းထားရှိကြောင်း သိရသည်။ လက်ရှိ ပြန်လည်ဆည်ဖို့မှုများ လုပ်ဆောင်လျက်ရှိရာတွင် ယခင်ကရှိခဲ့ သည့် ပေအနက်အတိုင်း ၁၂ ပေမှ ၁၅ ပေအထိဖြစ်အောင်တူးဖော်နေခြင်းဖြစ်သည်။ အဆိုပါ ဒဂုံသီရိဘေးမဲ့ကန်ကြီးအား ပြန်လည်တူးဖော်ရန်အတွက် ကျပ်သိန်းနှစ်ထောင်ကျော်အထိ အကုန်အကျခံကာ ရက် ၁၀၀ စီမံကိန်းဝင် လုပ်ငန်းဆောင်ရွက်မှု တစ်ခုအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

“ဒဂုံသီရိဘေးမဲ့ကန်ကြီးကို အခုရက် ၁၀၀ စီမံကိန်းကာလ အတွင်းမှာ ပြီးမြောက်အောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒါကို အလှူရှင်တွေရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ လုပ်တာရှိပါတယ်။ အလားတူပဲ နိုင်ငံရဲ့ အချို့နေရာတွေမှာ ဆိုရင်လည်း ဒီလိုထိန်းသိမ်းဖို့ လုပ်ငန်းတွေရှိရင် သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်တစ်ရပ်အနေနဲ့ ဆက်လက်ပြီး အလှူငွေနဲ့ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” ဟု ဝိသာခါတန်ဆောင်း။ ဒဂုံသီရိဘေးမဲ့ကန်ကြီးတို့အား ပြုပြင်မှုများ အပြင် အခြားသော ထိန်းသိမ်းရန်လိုအပ်သည်များရှိပါကလည်း သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ဖျက်သိမ်းလိုက်၊ ပြန်ဖွင့်လိုက်ဖြစ်ခဲ့သည့် ဘုန်းတော်ကြီးသင်ပညာရေးစနစ်

လက်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအောက်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၁၅၆၈ ကျောင်းအထိရှိပြီး ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ မိဘမဲ့ကလေးများ အပါအဝင် စုစုပေါင်း သုံးသိန်းကျော်အထိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည်။ အဆိုပါကျောင်း များတွင် လုပ်အားပေးနေသည့် ဆရာ ဆရာမအရေအတွက်မှာ ၇၇၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

ဘုန်းတော်ကြီးသင်ပညာရေးစနစ်ကို ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရလက်ထက်က ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအောက်ရှိ ဌာနစိတ်တစ်ခုအဖြစ် ဖွဲ့စည်းသင်ကြားခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၁၉၇၄ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရလက်ထက်တွင်မူ ဘုန်းတော်ကြီးသင်ပညာ ရေးစနစ်ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ၁၉၈၉၊ ၁၉၉၀ ခုနှစ်များတွင်မူ ဘုန်းတော်ကြီးများ၊ ဆင်းရဲသည့် နိုင်ငံသား၊ တိုင်းရင်းသားမိဘများ၏ တောင်းဆိုချက်အရ ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဘုန်းတော်ကြီးသင် ပညာရေးစနစ်သည် ဖွင့်လှစ်လိုက်၊ ဖျက်သိမ်းလိုက်ဖြင့် မတည်မမြဲရှိနေသည့်အပြင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် လုပ်အားပေးသင်ကြားပေးနေသည့် ဆရာ ဆရာမများအား လစဉ်ထောက်ပံ့ကြေးသည်လည်း ကုန်ဈေးနှုန်းအခြေအနေနှင့် စီးပွားရေးအခြေအနေတို့ကြောင့် လုံလောက်မှုမရှိဘဲ လက်ရှိ လစဉ်ထောက်ပံ့ကြေးအဖြစ် ပေးအပ်ခဲ့ရာတွင်လည်း မူလတန်းပြအဆင့်ကို တစ်လလျှင် ငွေကျပ် ၃၆၀၀၀၊ အလယ်တန်းပြအဆင့်ကို ငွေကျပ် ၄၁၀၀၀၊ အထက်တန်းပြအဆင့်ကို ငွေကျပ် ၄၅၀၀၀ သာ ချီးမြှင့်ထောက်ပံ့ပေးထားနိုင်ခဲ့ပြီး အဆိုပါထောက်ပံ့သည့် လစာပမာဏမှာ မုန့်ဖိုးမျှလောက်သာ ရှိသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှတစ်ဆင့် အစိုးရအခြေခံ ပညာကျောင်းများသို့ ကြိုးစားပြောင်းရွှေ့မှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ ပြောင်းရွှေ့သွားရမှုနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက “နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမဖြစ်ဖို့ လိုအပ်တဲ့ သင်တန်းအဆင့်ဆင့်ကို တက်ရပါတယ်။ ဆရာဖြစ်သင်တန်းတွေကို TTC မှာ တက်ရပါတယ်။ ပြီးမှ နိုင်ငံ့ဝန်ထမ်း ခန့်ရတာဖြစ်ပါတယ်။ သင်ကြားပေးနေတဲ့အထဲမှာ ဘွဲ့ရလည်း ပါတယ်။ ၁၀ တန်းအောင်တွေလည်း ပါတယ်။ ၁၀ တန်းမအောင်တဲ့ လုပ်အားပေးဆရာ ဆရာမတွေလည်းပါပါတယ်။ အဲဒီအခါမှာဆရာအတတ်သင်သိပ္ပံတွေ၊ ကောလိပ်တွေတက်ဖို့အတွက်မှာတော့ အများစုက ကန့်သတ်ချက်ရှိပါတယ်။ တချို့လည်း ဘွဲ့ပါရလို့ သင်တန်းပေးလိုက်တဲ့အခါမှာ၊ သင်တန်းပြီးတဲ့အခါမှာ သူတို့က အစိုးရ အခြေခံပညာကျောင်းတွေကို ကြိုးစားပြောင်းရွှေ့သွားလို့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာတော့ သင်တန်း မတက်ရသေးတဲ့၊ ဘွဲ့မရသေးတဲ့ ဆရာ ဆရာမအချို့သာ ကျန်ခဲ့တဲ့ အခက်အခဲလည်း ကြုံတွေ့နေရပါတယ်” ဟု လက်ရှိ ဖြစ်ပေါ်နေ သည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ အခက်အခဲ ကို ရှင်းပြသည်။

နိုင်ငံတော်အစိုးရ၏မူအရ ယခင်က ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို မူလတန်းလွန်အဆင့်ထိသာ သင်ကြားမှု ပြုခဲ့သော်လည်း လိုအပ်ချက်အရ အချို့ကျောင်းများကို အလယ်တန်းအထိ တိုးချဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။ မန္တလေးမှ ဖောင်တော်ဦးကျောင်း၊ စလေကျောင်းနှင့် ရန်ကုန်မှ တောတိုက်ဓမ္မရိပ်သာကျောင်းများအပါအဝင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ခြောက်ကျောင်းကို အထက်တန်းကျောင်းအဖြစ် ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“အထက်တန်းအဆင့်အထိ သင်ပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေမှ ဆရာတော်တွေက တောင်းဆိုထားပါတယ်။ လောလောဆယ်တောင်းဆိုထားတာကတော့ ခြောက်ကျောင်းရှိပါတယ်။ သူတို့ကျောင်းတွေကို ဘုန်းတော်ကြီးသင် ပညာရေးအထက်တန်းကျောင်းအဖြစ်နဲ့ တရားဝင်အသိအမှတ် ပြုပေးဖို့ တောင်းဆိုထားတာပါ။ ကျောင်းအဆောက်အအုံ၊ ပရိဘောဂအားလုံး သူတို့က တာဝန်ယူပါတယ်။ ကျောင်းအများစုကတော့ ဆရာ ဆရာမ ထောက်ပံ့ကြေးကိုပဲ ပညာရေးဝန်ကြီးဌာန သို့မဟုတ် နိုင်ငံတော်က သို့မဟုတ် သာသနာရေးကနေ တာဝန်ယူပေးဖို့ တင်ပြတာတွေရှိပါတယ်။ ဒါကြောင့် မကြာခင်ဖြစ်ပေါ်လာမယ့် အနေအထားတွေရှိနေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅၆၈ ကျောင်းရှိပြီး အဆိုပါကျောင်းများမှာ တရားဝင် ဖွင့်ထားသည့် ကျောင်းများဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ ဆရာမများအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ဘီလီယံအထိ ထောက်ပံ့ပေးခဲ့ပြီး ၂၀၁၅-၂၀၁၆ တွင်လည်း ဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ ဆရာမများအတွက် လစဉ်ထောက်ပံ့ကြေးသည် လက်ရှိ စီးပွားရေးအခြေအနေအရ လုံလောက်ရန် အတော်ပင်ခက်ခဲနေခြင်းကြောင့် အစိုးရကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်း ဆရာ ဆရာမများနှင့် တစ်ပြေးညီမဟုတ်လျှင်သော်မှ သင့်တင့်သည့်အထောက်အပံ့ ဖြစ်စေရန် တိုးမြှင့်ထောက်ပံ့မှုများကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြကာ ဘတ်ဂျက်မှတစ်ဆင့် ထောက်ပံ့သွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။

ထို့အတူ အနုပညာဦးစီးဌာနကလည်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်အဖြစ် အနုပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲ၊ ဇာတ်တော်ကြီးများအား ပြည်သူလူထုသို့ အခမဲ့ဖျော်ဖြေတင်ဆက်ခြင်း၊ အနုပညာအထက်တန်းကျောင်းများအား အဆင့်မြှင့်တင်ခြင်းအပါအဝင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာတူရိယာ ပစ္စည်းများ ဆိုင်ရာ စာအုပ်ထုတ်ဝေခြင်းများ လုပ်ဆောင်လျက်ရှိသည်။

အနုပညာဆိုင်ရာ သုတေသန စာတမ်းတွင် တေးသီချင်းနှင့် ဇာတ်သဘင်မှ အချိုးတေးကဗျာများစာတမ်း၊ အနုပညာ ဇာတ်သဘင်သမားစဉ်စာတမ်း၊ ဇာတ်ဆောင်စရိုက် ဖန်တီးမှု စာတမ်းတို့ ပါဝင်သည်။ ဇာတ်တော်ကြီးများတွင် အဆို၊ အငို၊ အပြောစသည့် စကားလုံး အားလုံးသည် အချိုးတေးကဗျာ၏ အရေးအသားအတိုင်း သွားရသည် ဖြစ်သဖြင့် အနုပညာရှင်များ၊ တေးသီချင်း စပ်ဆိုသူများအတွက်လည်း အလွန် တန်ဖိုးရှိသည့် စာတမ်းတစ်စောင်ဖြစ် ကြောင်း အနုပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ပြောသည်။

“ အနုပညာ ဇာတ်သဘင်သမားစဉ် ဆိုတာကတော့ မြန်မာအဘိဓာန်ထဲမှာ သမားဆိုတာ ဘာကိုဖွင့်ဆိုထားသလဲ ဆိုရင် စဉ်ဆက်မပြတ် ပြုလေ့ပြုထရှိခြင်း၊ အလေ့အထတစ်ခုကို ဆောင်ရွက်ခြင်း ဆိုပြီး အဓိပ္ပာယ်ဖော်ပြထားပါတယ်။ စဉ်ဆိုတာကတော့ တန်းစီခြင်းလို့ခေါ်ပါတယ်။ အဲဒါကြောင့် အနုပညာမှာ အလေ့အထရှိတာတွေကို အစီအစဉ်အလိုက် ဖော်ပြခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ မြန်မာတိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု အဆိုအကအရေးအတီး၊ အနုသုခုမ ပညာ၊ ခေတ်ဟောင်းပညာ စသဖြင့် ဒါတွေကိုထိန်းသိမ်းမယ်။ ဖော်ထုတ်မယ်။ ပြီးရင်မြှင့်တင်မယ်ဆိုတဲ့ ဦးတည်ချက်၊ တစ်နည်းအားဖြင့် လုပ်ငန်းတာဝန် တစ်ခုပါပါတယ်။” ၎င်းက ရှင်းပြသည်။

ဇာတ်တော်ကြီးများကို အများပြည်သူသို့ အခမဲ့ ဖျော်ဖြေတင်ဆက်ခြင်းသည် စာတမ်းဖတ်ကြားခြင်းနှင့် ဆက်စပ်နေပြီး မြန်မာတိုင်းရင်းသားများ၏ အဆို၊ အက၊ အရေး၊ အတီးများကို ဖော်ထုတ်၊ ထိန်းသိမ်း၊ မြှင့်တင်ခြင်းပင်ဖြစ်သည်။ ဇာတ်တော်ကြီးများ အခမဲ့တင်ဆက်မှု သည် အများပြည်သူကို အပန်းပြေစေ မည့်အပြင် အဆို၊ အက၊ အရေး၊ အတီး ကိုလည်း အများပြည်သူသိစေချင်သည့် ရည်ရွယ်ချက်ဖြင့် ရက် ၁၀၀ စီမံချက်အတွင်း ထည့်သွင်းထားခဲ့ကြောင်းလည်း သိရသည်။

လက်ရှိတွင် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယသ်ကျေးမှုကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းရင်းသားတို့၏ ရိုးရာတူရိယာပစ္စည်းများကို အနုပညာဦးစီးဌာနက ကွင်းဆင်းသုတေသနပြုမှုများ လုပ်ဆောင်လျက်ရှိပြီး ရိုးရာတူရိယာပစ္စည်း ၂၉၉ မျိုးအထိ တွေ့ရှိထားကြောင်း သိရသည်။

“အဲဒီ မြန်မာတိုင်းရင်းသားတို့ရဲ့ရိုးရတူရိယာ ၂၉၉ မျိုးထဲကနေ တူရိယာ ၄၇ မျိုးကို စာအုပ်အဖြစ်နဲ့ ထုတ်ဝေမှာ ဖြစ်ပါတယ်။ ဒီရက် ၁၀၀ အတွင်းမှာ စာအုပ်ထုတ်ဝေမယ်။ ထုတ်ဝေပြီးရင် မြန်မာတိုင်းရင်းသားတွေ အားလုံးသိအောင်၊ လေ့လာမှတ်သားလို့ရအောင် မှတ်တမ်းမှတ်ရာအဖြစ် ထားရှိနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံက ပြောသည်။

လက်ဆင့်ကမ်းအမွေအဖြစ် ထိန်းသိမ်းရမည့် ရိုးရာယဉ်ကျေးမှု

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနအောက်တွင် ပန်တျာကျောင်း၊ ပန်းချီပန်းပု ကျောင်းစသည်ဖြင့် ကျောင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး အဆိုပါ ကျောင်းနှစ်ကျောင်းပေါင်းကို အနုပညာအထက်တန်းကျောင်းဟု အမည်ပေးထားသည်။ ယင်း အနုပညာအထက် တန်းကျောင်းမှတစ်ဆင့် ပန်းချီပန်းပု ပညာများ၊ ပန်တျာပညာများကိုလည်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အနုပညာ အထက်တန်းကျောင်းတွင် သင်ကြားချိန်ကို နှစ်ပိုင်းခွဲထားပြီး နံနက်ပိုင်းတွင် အတန်းပညာကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် အနုပညာကိုလည်းကောင်း အသီးသီးသင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

အနုပညာ အထက်တန်းကျောင်းသို့ တက်ရောက်လိုသူများသည် ခုနစ်တန်းအောင်ပါက တက်ရောက်နိုင်ပြီး အနု ပညာအထက်တန်းကျောင်းသို့ တက် ရောက်နေသည့် လူငယ် လူရွယ်များ အနေဖြင့်လည်း မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးတို့ကိုလည်း လက်ဆင့်ကမ်းအမွေ အဖြစ် ဆက်လက်ထိန်းသိမ်းသွားရန် လည်း အရေးကြီးပေသည်။

အနုပညာအထက်တန်းကျောင်းများတွင် စိတ်ရောကိုယ်ပါ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက်လည်း ယင်းကျောင်းတွင် တက်ရောက်နေသည့် လူငယ်လူရွယ်များအတွက် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်းများကို ရက် ၁၀၀ စီမံချက်တစ်ရပ်အဖြစ် သတ်မှတ်ကာ ဆောင်ရွက်လျက်ရှိသည့်အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ယခုထက်မက ပိုမိုထွန်းကားလာစေရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းလည်း သိရသည်။

ကမ္ဘာ့မှတ်တမ်းအမွေအနှစ်နှင့် ဘုရင့်နောင်ခေါင်းလောင်းကြီး

ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်မှုများအပြင် ကမ္ဘ္ဘာ့မှတ်တမ်း အမွေအနှစ်တင်သွင်းခြင်းနှင့် ကမ္ဘာ့အမွေအနှစ်ရရှိထားခဲ့သည့် အထိမ်းအမှတ်လိုဂိုကိုလည်း စိုက်ထူနိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းတွင်ရှိသည့် မှတ်တမ်းအမွေအနှစ်များကို ယူနက်စကို၏ ကြီးကြပ်မှုနှင့်အတူ ကမ္ဘာ့မှတ်တမ်း အမွေအနှစ် အစဉ်အစဉ်များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသည်လည်း နိုင်ငံအတွင်းရှိ အထင်ကရနေရာများအား မှတ်တမ်း အမွေအနှစ် စာရင်းတင်သွင်းနိုင်ရန် ၂၀၁၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ အဖြစ် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်တွင် မန္တလေးမြို့ရှိ ကုသိုလ်တော်အား မှတ်တမ်းအမွေ အနှစ်စာရင်းဝင်ဖြစ်လာရေး တင်သွင်းခံခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်နိုင်သည်များကို စာရင်းပြုစုကာ တင်သွင်း မှုများပြုလုပ်ခဲ့ရာ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင်လည်း ပုဂံညောင်ဦးမြို့ရှိ မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ)အား ယူနက်စကိုက က္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်အဖြစ်အသိအမှတ်ပြုပေးခဲ့သည်။

ထို့ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ယခင်က မှတ်တမ်းအမွေအနှစ် စာရင်းဝင်ခဲ့ သည်များကို လိုဂိုစိုက်ထူခြင်းများ ဆောင်ရွက်မည်ဖြစ်သည့်အပြင် ပုဂံ ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်ရှိ ဘုရင့်နောင်ခေါင်းလောင်းကြီးကို မြန်မာနိုင်ငံ၏ တတိယမြောက် ကမ္ဘာ့မှတ်တမ်းအမွေအနှစ် စာရင်းဝင်ဖြစ်လာရေး လျာထားတင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ယင်းသို့လျာထားတင်သွင်းမှုကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက်ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အနုပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးထွန်းအုံက ပြောကြားခဲ့သည်။

အဆိုပါ ရွှေစည်းခုံစေတီတော်ကြီး၏ ရင်ပြင်ရှိ ဘုရင့်နောင်ခေါင်းလောင်းကြီးသည် ဘုရင့်နောင်မင်းတရားကြီး လှူဒါန်းခဲ့သည့် ခေါင်းလောင်းကြီးဖြစ်ပြီး ယင်း ခေါင်းလောင်းအား ဘာသာသုံးမျိုးဖြင့် ရေးထိုးထားကြောင်းလည်း သိရသည်။

ပြတိုက်များအဆင့်မြှင့်တင်ခြင်း

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြတိုက်များ အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (ရန်ကုန်) ထိန်းသိမ်းမွမ်းမံခြင်းလုပ်ငန်းကို Steel Structure မှန်နံရံဖြင့် ဘေးပတ်လည်မှ လူသွားလမ်းပြုလုပ်ကာ မော်တော်ကားပြခန်းများတည်ဆောက်ခြင်း ဗိုလ်ချုပ်နေအိမ်ပြတိုက် အဆောက်အအုံပိုင်း ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ ပြင်ဆင်တည်ဆောက်ခြင်း၊ လုံခြုံရေး အတွက် CCTV ကင်မရာတပ်ဆင်ခြင်း၊ မီးသတ်စနစ်များ တပ်ဆင်ခြင်းနှင့် ဝင်းအတွင်း လျှပ်စစ်မီးများသွယ်တန်းခြင်း စသည်ဖြင့် အဆင့်မြှင့်တင်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထိုသို့ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်အား အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မန္တလေးမြို့ရှိ မန္တလေးယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းအတွက် မန္တလေး ပတ်ဝန်းကျင် ခေတ်အဆက်ဆက်နှင့် ရတနာပုံခေတ် ပြခန်းများ၊ လက်မှုအနုပညာပစ္စည်းများကို မီးအလင်းပေးမှုနှင့် ပေါင်းစပ်၍ ပြန်လည်ခင်းကျင်းကာ ဖွင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောကြားခဲ့သည်။

ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုတည်းကသာ တာဝန်ရှိသည်မဟုတ်ဘဲ ပြည်သူများအနေဖြင့်လည်း ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်မှသာ ရေရှည်တည်တံ့မည် ဖြစ်သည်။ လက်ရှိတွင်လည်း အမျိုးသားစာကြည့်တိုက်တွင် စုဆောင်းထားရှိသော မြန်မာ့ယဉ်ကျေးမှု စာပေ အမွေအနှစ်များဖြစ်သည့် ပေ၊ ပုရပိုက်များ ရေရှည်တည်တံ့စေရေးအတွက် ဒီဂျစ်တယ်ပုံစံသို့ ပြောင်းလဲသွားမည် ဖြစ်ကြောင်း သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနမှ သိရသည်။

ထို့ပြင် ဒြပ်မဲ့ယဉ်ကျေးမှုသည်လည်း ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကွင်းဆင်းသုတေသနပြုခြင်း၊ အသိပညာပြန့်ပွားရေး ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဖွဲ့စည်းခြင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ စာရင်းကောက်ယူ ထားသော သက်ဆိုင်ရာ ဆက်စပ် ဝန်ကြီးဌာနများမှ ကောက်ယူထားသော စာရင်းများကိုစုစည်းကာ မေလပထမ ပတ်မှစတင်၍ အမျိုးသားအဆင့် စာရင်းပြုစုထားခဲ့ကြောင်းလည်း သိရသည်။


ထိုသို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် သာသနာရေး ဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုး အတူတကွနေထိုင်လျက်ရှိရာ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစာပေများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိုလည်း ရက် ၁၀၀ ကာလစီမံချက်အတွက်သာ မဟုတ်ဘဲ အခြားကာလများတွင်လည်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထာဝရဆောင်ရွက်သွားမည့် လုပ်ငန်း တာဝန်တစ်ခုပင်ဖြစ်သည်။

No comments:

Post a Comment