Saturday, May 28, 2016

ရွေးကောက်ပွဲတွင်အုပ်ချုပ်သူများ ပေးခဲ့သော ကတိက၀တ်များအတွက် မီဒီယာဘယ် အခန်းကဏ္ဍကပါဝင်မလဲ


ရန်ကုန် မေ   ၂၈
သတင်း… ရဲခေါင်ညွန့်၊ မြတ်သန္တာမောင်၊ ဓါတ်ပုံ..ဖိုးထောင်
၂၀၁၅ ရွေးကောက်ပွဲအပြီး ကတိ က၀တ်များနှင့် အုပ်ချုပ်ရေး၊ မီဒီယာ အခန်းကဏ္ဍများနှင့် ပတ်သတ် ၍ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) နှင့် Asian Network for Free Elections (ANFREL) တို့ပူးပေါင်းပြီး မြန်မာအယ်ဒီတာ ဖိုရမ် (ဒုတိယအကြိမ်) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ကျင်းပသည်။

အဆိုပါဖိုရမ်သို့ အနယ်နယ်အရပ်ရပ်ရှိ အကြီးတန်းသတင်းစာဆရာများအား ဖိတ်ခေါ်ပြီး အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများ၊ အရေးတကြီး လုပ်ဆောင်ကြမည့် ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြောင်း မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) မှအထွေထွေအတွင်းရေးမှူး ဦးဇေယျာလှိုင်က ပြောကြားသည်။
ANFREL မှ အကြံပေးဖြစ်သူ Mr. Bidhakyak Das က "ပထမ ဖိုရမ်မှာ ရွေးကောက်ပွဲရဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို အဓိကထားဆွေးနွေး ခဲ့တယ်။အခုတစ်ကြိမ်မှာတော့ ရွေးကောက် ပွဲဆိုင် ရာ ကတိက၀တ်တွေနဲ့ ပတ်သတ်ပြီး လုပ်ဆောင် မှုတွေကိုဆွေးနွေးမယ်။ ရွေးကောက်ပွဲ ကတိက၀တ်တွေအတိုင်း အမှန်တကယ်လုပ်ဆောင်ချက်ဖြစ်ရဲ့လား။ သတင်းမီဒီယာ အတွက်အရေးကြီး ဆုံးက လေ့လာစောင့်ကြည့်ဖို့ပဲ။ဒါကြောင့်မီဒီယာဟာ တည်ဆောက်သူ အခန်းကဏ္ဍကနေပါဝင်ရမယ်။ အယ်ဒီတာဆိုတာ ကိုယ့်ရဲ့ မီဒီယာတွေကို ဦးတည်ချက်တွေချမှတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးကြမဲ့ ရွေးကောက်ပွဲ ကတိက၀တ်တွေနဲ့ ပတ်သတ်တာတွေက ပေါ်လစီချမှတ်မဲ့ အုပ်ချုပ်သူတွေကို အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ယနေ့ ပြုလုပ်သည့် ဖိုရမ်နှင့် ပတ်သတ်ပြီး သုံးသပ်သည်။
ဖိုရမ်တွင် ရွေးကောက်ပွဲအပြီး ကတိက၀တ်များနှင့် အုပ်ချုပ်ရေး၊ မီဒီယာ အခန်းကဏ္ဍများခေါင်းစဉ်ကို Myanmar Knowledge Society မှ ဦးညွန့်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ သုတေသီ ဦးနေလင်းအောင် နှင့် မြန်မာသတင်းပညာသိပ္ပံ (MJI) မှ သင်တန်းဆရာ ဦးဇော်ထိုက်တို့က ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အဖွဲ့လိုက်ဆွေးနွေးခြင်း အဆိုပါအစီအစဉ်သို့ပါဝင်တက်ရောက်သူများက အဖွဲ့ လေး ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့ကြသည်။
ယနေ့ပြုလုပ်သည့် မြန်မာအယ်ဒီတာဖိုရမ် (ဒုတိယအကြိမ်)သို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေမြင့်လည်း တက်ရောက်ခဲ့သည်။
ရွေးကောက်ပွဲအပြီး ကတိက၀တ်များ အကောင် ထည်ဖော်မှုနှင့် အုပ်ချုပ်ရေး၊ မီဒီယာ အခန်းကဏ္ဍ များ အပေါ် အဆိုဖိုရမ်သို့ တက်ရောက်လာကြသူများ၏ သဘောထား အမြင်များကို မြန်မာ့သတင်း စဉ်မှ ထုတ်နှုတ်ဖော်ပြပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်
ဒီလို မီဒီယာ နဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေကို ခမ်းနားစွာကျင်းပနိုင်တဲ့ အခြေအနေ ရောက်လာ တာကို မုဒိတာဖြစ်မိပါတယ်။ဒီဖိုရမ်ဟာ စတုတ္တ မဏ္ဍိုင်ရဲ့ အလုပ်ကို လုပ်တာပဲ။ စတုတ္တမဏ္ဍိုင်ဟာ မဏ္ဍိုင် သုံးရပ်ကို စောင့်ကြည့် ထိန်းညှိတဲ့ အလုပ်ကို လုပ်တာပါ။ အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အလုပ်ကို ဘယ်လိုစောင့်ကြည့်ရေးသား သုံးသပ်ကြမလဲ။ အစိုးရရဲ့ ကတိက၀တ်တွေ ရှိတယ်။ ဒါတွေကို ဘယ်လို ရေးသားဖော်ထုတ်ကြမလဲ။ အစိုးရသစ် အနေနဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းလို ကတိက၀တ်တွေ ရှိတယ်။ အဲ့ဒီ ကတိက၀တ်တွေကို ပြန်ကြည့်ရင် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အများပြည်သူလူထုဘ၀ မြှင့်တင်ရေး စတာတွေကို အစိုးရဖြစ်လာမယ့် အဖွဲ့အစည်းက ပေးခဲ့တယ်။ တရားဥပဒေ စိုးမိုးရေးရရှိအောင် လုပ်ဆောင်ဖို့ ကတိပေးခဲ့တာ တွေလည်းရှိပါတယ်။ အခု အစိုးရသစ် တက်လာတာ ၂လ နီးပါးဖြစ်လာပြီ။ အစိုးရသစ်က သူ့ရဲ့ ကတိက၀တ်တွေကို အကောင်ထည်ဖို့ ကိုယ့်ကိုယ်ကို လှုံ့ဆော် တဲ့ အနေနဲ့ ရက်တစ်ရာ အစီအစဉ်တွေ လုပ်ပါတယ်။ ပထမ ရက် ၁၀၀ အတွင်း ဘာတွေလုပ်မယ်ဆိုတာကို ကိုယ့်ကိုယ် အရှိန်တင်ပါတယ်။ ဒါဟာ ကတိက၀တ် နောက်တစ်ဆင့် ထပ်ပေးတဲ့သဘောပါပဲ။ ဒါကို စောင့်ကြည့်ပြီး သုံးသပ်ဝေဖန်ဖို့ ရှိပါတယ်။ ၁၀၁ ရက်မှာ ဘယ်လို အနေအထားရှိသလဲဆိုတာကို သုံးသပ်ပြောဆိုဖို့တွေ ရှိပါတယ်။ ဒီလို လုပ်ကိုင်ဆောင် ရွက်နိုင်ဖို့ ၀န်ကြီးဌာန အသီးသီးမှာ ပြောရေးဆိုခွင့်ရှိသူတွေကို ရွေးချယ် တာဝန် ပေးအပ်ထားတာ ရှိပါတယ်။ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက်လည်း အစည်းအဝေးတွေ လုပ်ခဲ့ပါတယ်။ မီဒီယာထဲက ပညာရှင်တွေနဲ့ တွေ့ဆုံပြီးပြောရေးဆိုခွင့်ရှိသူတွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့တယ်။ ဒီလထဲမှာ ရက်တို သင်တန်း ၂ ခုလောက် လုပ်ဖို့ စီစဉ်နေတယ်။ အစိုးရရဲ့ဆောင်ရွက်ချက်တွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့နဲ့ပြောရေးဆိုခွင့်ရှိသူများ ဘယ်လောက် ဖြေကြားနိုင်သလဲဆိုတာကိုလည်း စတုတ္ထမဏ္ဍိုင်က သုံးသပ်ဝေဖန်နိုင်ပါတယ်။         
ဦးသီဟစော (မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဥက္ကဌ)
ဒါက ဒုတိယအကြိမ်လုပ်တာဖြစ်ပေမယ့် အရင်ထက်ထူးခြားတယ်လို့ ထင်ပါတယ်။ NLD အစိုးရရဲ့ ကတိက၀တ်တွေကိုဆွေးနွေးကြမယ်။ ဒီရွေးကောက်ပွဲ မတိုင်ခင်မှာ ကျွန်တော်တို့ ပထမအကြိမ် အယ်ဒီတာဖိုရမ်လုပ်ခဲ့ပါတယ်။ အရှေ့တောင်အာရှရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာတယ်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ကြတာပါ။ ရွေးကောက်ပွဲဟာလည်း အတော်လေး ထူးခြားပါတယ်။ လုပ်ရကိုင်ရတဲ့ အခြေအနေကလည်း ထူးခြားခဲ့ပါတယ်။ ၂၀၁၅ ကတိက၀တ်ဟာ အရင် ရွေးကောက်ပွဲ တွေ၊ နိုင်ငံတကာက ရွေးကောက်ပွဲ ကတိက၀တ် တွေနဲ့မတူခဲ့ပါဘူး။ အပြောင်းအလဲဆိုတဲ့ ကြွေးကြော် သံနဲ့ပေးခဲ့တဲ့ ကတိက၀တ်ပါ။ ပြောင်းလဲမယ် ဆိုတဲ့ စကားလုံးနဲ့ ကတိပြုခဲ့ကြတာပါ။ ၂၀၁၅ NLD ပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းဟာလည်း အလွန်ကို ယေဘုယျဆန်ခဲ့တယ်။ တကယ်လက်တွေ့ အကောင်ထည်ဖော်ရာမှာ ဘယ်လိုသွားမလဲဆိုတာကို စောင့်ကြည့်ရမယ်။ ဒီအစိုးရကချော်လဲတိုင်း ၀ိုင်းအော်ပေးမလား ရေးမလား။ အားလုံးက ငါတို့ အပြောင်းအလဲတစ်ခုကို သွားနေပါလား ဆိုတဲ့ တွေးခေါ်ချက်နဲ့ သွားပါ။ အရင်ကဆိုရင် ပြန်ကြားရေးဆိုတာ ကျွန်တော်တို့နဲ့ ထိပ်တိုက်လုပ်ခဲ့ရတာ။ အခုဆိုရင် ပခုံးဖက် လုပ်ဆောင်တဲ့ အခြေအနေ ဖြစ်လာပြီ။ အခု ဖိုရမ်မှာဆိုရင် အစိုးရဘက်က တိုင်းဒေသကြီး ၀န်ကြီးတွေပါလာပြီ။ သတင်းသမားတွေမှာ အဖွဲ့အစည်းတွေ အများကြီးရှိနေတာကို ပြောကြတယ်။ ဒါပေမယ့် သတင်းမီဒီယာ ဆိုင်ရာ အဖွဲ့အစည်းတွေ အများကြီး ရှိစေချင်ပါတယ်။ ခြားနားတဲ့ အခြေအနေတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ရှိတာ ကောင်းတယ်။ ညီညွတ်စွာ လုပ်ကြရင် တိုင်းပြည်နဲ့ ဒီနေ့ ဖိုရမ်ရဲ့ ရည်ရွယ်ချက် အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။
ဦးဇော်သက်ထွေး (မြန်မာသတင်းစာဆရာသမဂ္ဂ)
(၅၈) ရက်သားအစိုးရသစ်ရဲ့ ကတိတွေကိုစောင့်ကြည့်ဖို့ အချိန်မလုံလောက်သေးဘူး။ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် အခြေအနေတွေကိုတွေ့မြင်နေရပါပြီ။ ပြန်ကြားရေး ၀န်ကြီးဌာနက ဖိတ်ခေါ်ခဲ့တဲ့ အစည်းအဝေး ကိုပြီးခဲ့တဲ့ရက်ကတက်ခဲ့ပါတယ်။ အရင်ကမီဒီယာသမားတွေက အခွင့်အရေးကို တောင်း ဆိုပြီး ပြန်ကြားရေးကကန့်ကွက်ခဲ့တဲ့ အခြေအနေနဲ့သွားခဲ့တယ်။ ပြီးခဲ့တဲ့ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ Broadcast Media Conference ရဲ့ရည်ရွယ်ချက်က မီဒီယာ ကုမ္ပဏီကြီးတွေက ဦးထားတဲ့အခြေအနေကနေ နောက်ထပ်ဝင်လာမယ့် သူတွေကိုဘယ်လို ဆောင်ရွက် ပေးမလဲဆိုတာကို ဆွေးနွေးကြတာပါ။ ဒီအခါမှာ ပြန်ကြားရေးဝန်ကြီးက ဒိုင်ဖြစ်ပြီး လက်ရှိ လုပ်ကိုင်နေတဲ့ ရုပ်သံမီဒီယာတွေနဲ့နောင်ဝင်ရောက် လာမယ့်အသစ်တွေက Debate လုပ်ကြတဲ့ ပုံစံမျိုးဖြစ်ခဲ့တယ်။ နည်းဥပဒေ မပြီးသေးလို့အချိန်ဆွဲထားမလား ဆွေးနွေးခဲ့တယ်။ အရင်ကြုံတွေ့ ခဲ့ဖူးတဲ့ပြန်ကြားရေးကအကြီးတန်းအရာရှိကြီးတွေဟာပြီးခဲ့တဲ့ရက်က Broadcast Media Conference မှာနှစ်ဦးနှစ်ဖက် ပြေလည်စေမယ့်အရာတွေကို တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ နေ့တစ်နေ့တည်း ကနေ ရလဒ်ထွက်အောင် ဆွေးနွေးနိုင်ခဲ့တယ် ။ ဒီအခြေအနေကို အစိုးရက သယ်ဆောင်သွားနိုင်ဖို့ မျှော်လင့်တယ်။

            

No comments:

Post a Comment