Monday, May 30, 2016

အသေးစား စက်မှုလက်မှု ထုတ်ကုန် ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ ပြခန်းပေါင်း (၆၃)သန်း ခင်းကျင်း ပြသရောင်းချ



နေပြည်တော် မေ ၂၉
မြန်မာ့အသေးစား စက်မှုလက်မှုထုတ်ကုန်များကို ပြည်သူများပိုမိုသိရှိလာစေရန်၊ ပြပွဲမှတဆင့် လုပ်ငန်းရှင်များ ချင်းချင်းချိတ်ဆက်မိပြီး ပြည်ပဈေးကွက်အထိ ထိုးဖောက် နေရာ ယူနိုင်မည့် စံချိန် စံညွှန်းမီ အရည်အသွေးမြင့် တန်ဘိုးမြင့်ကုန်ချော ထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက်များဖြင့် အသေးစားစက်မှုလက်မှု ထုတ်ကုန် ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲဖွင့်ပွဲအခမ်းအနားကို မေ(၂၈)ရက် နံနက်(၈)နာရီက မြောက်ဥက္ကလာပ မြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးဝင်း အတွင်း၌ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ တိုင်းဒေသကြီးဝန်ကြီး ဦးဟန်ထွန်းနှင့် ဧည့်သည် တော်များသည် အသေးစား စက်မှုလက်မှု လုပ်ငန်းပြခန်းများ၊ အင်ဂျင်နီယာ ကုန်ထုတ်သမဝါယမ အသင်းအရောင်း ပြခန်းများ၊ လူသုံးကုန် စားသောက်ကုန်များနှင့် သွင်းကုန်အစားထိုးစက်ပစ္စည်း အရောင်းပြခန်းများ၊ ပြည်ပသို့တင်ပို့လျက်ရှိသော လက်မှုထည်များ၊ ယွန်းထည်နှင့် ရက်ကန်း ပညာပေးပြခန်းများအား စိတ်ဝင်စားစွာ လှည့်လည်ကြည့်ရှုအားပေးကြပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ အရောင်းပြခန်းတာဝန်ရှိသူများက  ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါ အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့်ဈေးရောင်းပွဲကို မေ(၂၈)ရက်မှ (၂၉)ရက်နေ့အထိ   ပြခန်းပေါင်း(၆၃)ခန်းဖြင့် ခင်းကျင်းပြသ ရောင်းချပေး လျက်ရှိရာ စိတ်ပါဝင်စားသူများ လေ့လာဝယ်ယူနိုင်ကြောင်း သိရှိရသည်။
ထိုမှတဆင့်   ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့နယ်ရှိ ဘန့်ဘွေးကုန်း ရေလှောင် တမံသို့ ရောက်ရှိကြပြီး ဆည်ရေသိုလှောင်ထိန်းသိမ်းထားမှု နှင့် ဒေသ သောက်သုံးရေဖြန့်ဝေပေးနေမှုများကို ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူး ဦးမင်းဆွေ က ရှင်းလင်း တင်ပြသည်။
ပြည်ထောင်စုဝန်ကြီးက ရက်(၁၀၀)စီမံချက် သိသာထင်ရှားစွာ   အကောင်အထည် ဖော်နိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်တို့အနေဖြင့် ပြည်သူအား အမှန်တကယ် ကျေးဇူးပြုနိုင်မည့်   လုပ်ငန်းများကို ထိရောက်သောအစီအမံများ ချမှတ်ပြီး မိမိတို့ကျရာ အခန်းကဏ္ဍမှ ကြိုးပမ်းအားထုတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။
၎င်းမှတဆင့်   သုံးခွမြို့နယ် တကောကျေးရွာအနီး တကောရေတံခါးသို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများမှ ဒေသအတွင်းရေစီးရေလာ အဆင်ပြေ ချောမွေ့စေရေးလိုအပ်ချက်များကို တင်ပြကြရာ  ဒေသ၏ လက်ရှိလိုအပ် ချက်နှင့် နောင်ရေရှည်တွင် ဖြစ်ပေါ်လာနိုင်မည့် အကျိုးအပစ် ဖြစ်နိုင်ခြေများကို ကျွမ်းကျင် ပညာရှင်များနှင့် ညှိနှိုင်းတွက်ချက်ပြီး ဒေသနေပြည်သူများ အတွက် အကျိုးအရှိဆုံးဖြစ်မည့် အစီအမံများကို အမြန်ဆုံးဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment