Saturday, May 28, 2016

နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော် ဇူလိုင်လကုန်ခန့်တွင် ကျင်းပရန်စီ စဉ်လျက်ရှိ


သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - ဇော်မင်းလတ်
ရန်ကုန် - မေ ၂၈
နိုင်ငံရေး စာပေ စာတမ်းဖတ်ပွဲနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးလေ့ မရှိကြောင်း၊   နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲ ခေါင်းစဉ် အောက်တွင် ဆွေးနွေးစရာ  အကြောင်း အရာများ အများကြီး ရှိကြောင်း၊ စာတမ်း ဖတ်ပွဲတွင် နိုင်ငံရေး နောက်ခံဝတ္ထု၊ ခေတ် အဆက်ဆက် နိုင်ငံရေးသမိုင်း၊ နိုင်ငံရေးအတ္ထုပ္ပတ္တိ စသဖြင့် ခေါင်းစဉ်အမျိုးမျိုးရှိကြပြီး မည်သည့်စာတမ်းရှင်က မည်သည့်ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ကြမည်ကိုဆွေးနွေးကြ စေလိုကြောင်း ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမတွင်  နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေး ရောင်းပွဲ တော်ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး၌ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က ပြောသည်။

မိုးရာသီစာအုပ်ဈေးပွဲတော်နှင့် ပတ်သက်၍ “စာတမ်းဖတ်ပွဲနှင့်အတူ မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ သုံးရက်တိုင်ကျင်းပသွားရန် ဆုံးဖြတ် ထားကြောင်း၊ လိုအပ်လျှင် ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး ဆက်လက်ဆောင်ရွက်ကြရန်နှင့် အသေးစိတ် လိုအပ်သည်များကို စာပေပညာရှင်များနှင့် စာအုပ်ထုတ်ဝေသူများ ဝိုင်းဝန်းဆွေးနွေးကြရန်” ပြည်ထောင်စုဝန်ကြီး က ဆိုသည်။
အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးတွင် စာပေပညာရှင်များနှင့် စာအုပ်ထုတ်ဝေသူများ တက်ရောက် ကြပြီး ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ နိုင်ငံရေးစာပေပညာရှင်  ဦးကိုကိုလှိုင် က “သိသလောက် ပြောရရင် ဝန်ကြီးလည်း အဖွင့်မိန့်ခွန်းမှာပြောတဲ့အတိုင်း နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲ ဆိုတာ အရင်တုန်းက တခါမှ မလုပ်ဘူးပါဘူး၊ စာပေဗိမာန်စာတမ်းဖတ်ပွဲအစဉ်အလာရှိခဲ့တယ်၊ အခု နိုင်ငံရေး အရ ပွင့်လင်း လွတ်လပ်လာတဲ့ခေတ်ကိုရောက်လာတဲ့အတွက် နိုင်ငံရေးစာပေစာတမ်းဖတ်ပွဲကို စာအုပ်အရောင်း ပွဲတော်နဲ့တွဲပြီး ပထမဆုံးလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့ ယနေ့အစည်းအဝေးလုပ်ဖြစ်တာပါ၊ နိုင်ငံရေး စာပေဆိုတာ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ရေးသားထုတ်ဝေထားတဲ့စာအုပ်စာနယ်ဇင်းပေါ်မှာ အခြေခံ ပြီးတော့ သုံးသပ်တဲ့စာတမ်းတွေပါ၊ နိုင်ငံရေးစာပေဆိုတာကျယ်ပြန့်ပါတယ်၊ ပုံစံအမျိုးမျိုးနဲ့လည်း ရေးခဲ့ကြ တယ်၊ ဥပမာ - နိုင်ငံရေးကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို ပုံစံမျိုးနဲ့ ရသစာပေပုံစံမျိုးလည်းရေးကြတယ်။ အဲဒါအပြင် နိုင်ငံရေး စာပေအတ္ထုပ္ပတ္တိ၊ နိုင်ငံရေးသမိုင်းစသဖြင့် အမျိုးမျိုးရှိတယ်။ ခေတ်ကာလအားဖြင့် ကြည့်မယ်ဆိုရင် ခေတ်တွေနဲ့ ပိုင်းလို့ ရတယ်၊  ခေတ်အမျိုးမျိုးရှိတယ်၊ ရှုထောင့်အမျိုးမျိုးကလည်း ရေးနိုင်တယ်၊   အင်မတန်စုံ လင်တဲ့ နိုင်ငံရေးစာပေတွေကို စာတမ်းအဖြစ်တင်ပြရင် ဘယ်လိုခေါင်းစဉ်ဖြင့် စာတမ်းပြုစုကြမလဲ စာတမ်း ဘယ်နှခုလောက် လက်ခံမလဲ ဆွေးနွေးနိုင်မလဲစသဖြင့် အသေးစိတ်တွေကို တတ်နိုင်သလောက်  စဉ်းစားပြီး စာတမ်းဖတ်ပွဲနဲ့ပတ်သက်ပြီး ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။    နိုင်ငံရေးစာပေ ထွန်းကား လာသမျှ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိအမြင်တွေလည်း ထွန်းကားလာမယ်၊မှန်ကန်တဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ လည်း ရွေးနိုင်လာမယ်၊ နိုင်ငံအနာဂတ်ပိုမိုကောင်းမွန်စေမှာဖြစ်ပါတယ်။ နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲကြို ဆိုသင့်ပါ တယ်လို့ယူဆပါတယ်” ဟု ပြောသည်။
 မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း တွဲဖက်အတွင်းရေးမှူး(၁) ဦးသိန်းစိုး  က “မြန်မာနိုင်ငံ ရဲ့သမိုင်းမှာ နိုင်ငံရေးစာပေနဲ့ပတ်သက်ပြီး စာတမ်းဖတ်ပွဲမျိုး တခါမှ မလုပ်ဘူးပါဘူး၊ စာတမ်းဖတ်ပွဲမှာ ဒီ့ထက်စည်ကားသွားအောင် နိုင်ငံရေးစာပေတွေကော အခြားစာပေတွေကော စာအုပ်ဈေးရောင်းပွဲပါ ထည့်ဖို့ ဆိုပြီး ဝန်ကြီးဌာနအစီအစဉ်နဲ့လုပ်တဲ့အတွက် စာအုပ်ဈေးပွဲတော်ဖြစ်မြောက်ရေး ကော်မတီ အနေနဲ့ အစည်းအဝေးတက်ပြီး ဖွဲ့စည်းခဲ့ပါတယ်။  အခုဈေးရောင်းပွဲတော်ကတော့ နေရာ အကျယ်အဝန်းတော်တော် ရတဲ့အတွက် ကန့်သတ်စရာမလိုတော့ဘူး၊ ပါဝင်ပြီးဖွင့်လှစ်ချင်တဲ့စာအုပ်ဆိုင်တွေ အကုန်လုံးနေရာပေးနိုင်မှာပါ။  အနည်းဆုံးစာအုပ်တိုက် စာအုပ်အရောင်းဆိုင် ၁၀၀ လောက်ပါဝင်မယ်လို့ ထင်ပါတယ်” ဟုဆိုသည်။
 ပြည်သူ့အရေးဂျာနယ် အယ်ဒီတာချုပ် ဦးမော်လင်း က “နိုင်ငံရေးစာပေဆိုတာ ဘာလဲ၊ နိုင်ငံရေး စာပေဖွံ့ဖြိုး တိုးတက်ဖို့ ဘာတွေလိုလဲ၊ နိုင်ငံရေးစာပေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့နိုင်ငံ့သမိုင်းမှာ ဘာတွေရှိခဲ့လဲ၊ မျက်မှောက်ခေတ်နိုင်ငံရေးစာပေနဲ့ပတ်သက်ပြီး ဘာစာအုပ် စာတမ်းတွေထွက်ခဲ့ဘူးလဲ၊ နိုင်ငံတကာက နိုင်ငံရေး စာပေတွေ ဘယ်လိုထွက်သလဲ၊ နိုင်ငံရေး သဘောတရားတွေ၊ နိုင်ငံရေးသီအိုရီတွေနဲ့ပတ်သက်တဲ့ စာပေစာအုပ်တွေရှိတယ်၊ နိုင်ငံရေးလုပ်တဲ့ နိုင်ငံရေး သမားတွေကိုယ်တိုင် ရေးထားတဲ့ စာအုပ်စာပေ တွေရှိတယ်၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးထင်ရှားတဲ့ သူတွေအကြောင်းရေးထားတဲ့ နိုင်ငံရေး အတ္ထုပ္ပတ္တိတွေရှိတယ်၊ နိုင်ငံရေးကိုနောက်ခံထားပြီး ရေးထားတဲ့ဝတ္ထုတွေ သမိုင်းတွေရှိတယ်၊ အဲဒီခေတ် ကာလက စာအုပ်တွေကို ဘယ်လိုရေးသားထုတ်ဝေခဲ့လဲ၊ အဲဒီစာအုပ်စာပေ တွေက စာဖတ်သူတွေ ကို ဘယ်လိုလွှမ်းမိုးခဲ့လဲ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့စာနယ်ဇင်းတွေ၊ သတင်းစာတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုလွှမ်းမိုးမှုရှိလဲ စသဖြင့် အဲဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ စာတမ်း တွေဖတ်ကြမယ်၊ ဆွေးနွေးကြမယ်။ အဲဒါတွေကျင်းပဖို့အခုအစည်းအဝေးမှာဆွေးနွေးကြတာပါ”ဟု ပြောသည်။
 မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း အတွင်းရေးမှူး ဦးမြင့်ထွန်း က “နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနဲ့ အတူ မိုးရာသီစာအုပ် ဈေးရောင်းပွဲတော်ကို သိမ်ဖြူလမ်းက ဒီရုံးမှာ ဇူလိုင်လကုန်လောက် ကျင်းပမယ်၊ အသင်းအနေနဲ့ စာအုပ် ထုတ်ဝေသူတွေအားလုံးပေါင်းပြီး ဆိုင်ခန်း ၁၀၀ လောက် ဖွင့်နိုင်အောင် ကြိုးစားထားတယ်၊ ကျင်းပမယ့်ရက် အတိအကျမသိသေးပေမယ့် သုံးရက်ကြာကျင်းပမယ်လို့သိရပါတယ်။ ဒီအဆောက်အအုံကြီးထဲမှာ ၂၀၀၆ ခုနှစ်က ပထမအကြိမ် စာအုပ်ဈေး ရောင်းပွဲတော်ကျင်းပခဲ့ဖူးတယ်၊ အခုဒီနေရာမှာ စာအုပ်ဈေးပွဲတော်က ဒုတိယမြောက်ကျင်းပခြင်းဖြစ်တယ်။ သမိုင်းဝင်ရုံးကြီးမှာကျင်းပတာ ဖြစ်တဲ့အပြင် မြို့လယ်ခေါင်နဲ့လည်း နီးတာကြောင့် ဒီပွဲကစည်ကားမယ်လို့မြင်ပါတယ်။ စာတမ်းဖတ်ပွဲက တစ်ဖက်ကကျင်းပနေသလို စာအုပ်ဆိုင်တွေ ကလည်း စာအုပ်တွေကိုရောင်းချပေးနေမှာပါ” ဟုဆိုသည်။
မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေဖြန့်ချိသူအသင်း အလုပ်အမှုဆောင် ဦးနေမျိုးညွန့် က   စာအုပ်ဈေးရောင်း ပွဲတော်များ ကျင်းပနိုင်သမျှကျင်းပနိုင်လျှင် စာဖတ်သူများနှင့် စာအုပ်ထုတ်ဝေသူများ ထိတွေ့မှုများလာပြီး စာအုပ်လုပ်ငန်း အတွက်သာမက စာဖတ်သူများပါ အကျိုးပြုနိုင်သည်ဟု ပြောသည်။
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ်ဈေးရောင်းပွဲတော်ကို ဇူလိုင်လ တတိယပတ် (သို့မဟုတ်) စတုတ္ထပတ်တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်းသိရသည်။
           


No comments:

Post a Comment