Sunday, May 29, 2016

ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူတွေ ဘယ်လောက်ပြောခွင့်ရမှာလဲ

မြင့်ကျော် (ဇလွန်)
ပြည်သူကို မျက်နှာမူပြီး ပြည်သူ့အကျိုး စီးပွားကို ရှေးရှုဆောင်ရွက်မည့် အစိုးရသစ်သည် ဝန်ကြီးဌာန အလိုက် ပြောရေး ဆိုခွင့်ရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့် ရှိသူ များနှင့် သတင်းမီဒီယာ ကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် မေလ ၂၃ ရက်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် သတင်းမီဒီယာ ကျွမ်းကျင်သူများက မီဒီယာနှင့်အစိုးရ လွယ်ကူလျင်မြန်စွာ ဆက်ဆံနိုင်ရေးကို အလေးထားပြီး နှစ်ဖက်လိုအပ်ချက်များနှင့် ကျင့်ဝတ်စည်းကမ်းများကို အလေးထား ဆွေးနွေးခဲ့ကြသည်။ သတင်း အချက်အလက် ရရှိပိုင်ခွင့်ကိုလည်း ဘက်ပေါင်းစုံအမြင်များဖြင့် ဆွေးနွေးခဲ့ကြသည်။ ခေတ် အဆက်ဆက် ဝန်ကြီးဌာနများ၏ သတင်းများရရှိရန် ခက်ခဲခဲ့မှုနှင့် ဝန်ကြီးဌာနများအနေဖြင့် သတင်းမီဒီယာများ အပေါ် ထားရှိနေသည့် ကြောက်ရွံ့စိတ်နှင့် မယုံကြည်စိတ်များသည် သတင်းအချက်အလက်ပျံ့နှံ့မှု အားနည်းစေပြီး ကောလဟလများ ကြီးထွာားဖြစ်ပေါ်စေခဲ့မှုများ အပေါ် ထောက်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်
ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့် ရှိသူများနှင့်သတင်းမီဒီယာ ကျွမ်းကျင်သူများ၏ ဆွေးနွေးပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ပြည်သူများ သတင်းအချက်အလက် ရပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်များကို ပြည်သူက  ရွေးချယ်တင်မြှောက်ထားသော အစိုးရတစ်ရပ်အနေဖြင့် အမြန်ဆုံးပုံဖော် ဆောင်ရွက်ခြင်းဟု မှတ်ယူနိုင်ပါသည်။ ခေတ်အဆက်ဆက်က ဝန်ကြီးဌာနများ၏ သတင်းနှင့် အချက်အလက်များကို ပြည်သူထံသို့ မီဒီယာများမှ တစ်ဆင့် ပို့ဆောင်ရာတွင် အခက်အခဲမျိုးစုံ ရှိခဲ့သည်။
ဝန်ကြီးဌာနများမှ သတင်းအချက်အလက် ရရှိနိုင်ခွင့်၊ အချိန်မီဆက်သွယ်နိုင်ခွင့်နှင့် ကိုယ့်ဌာနနှင့် မဆိုင်လျှင် အမှန်တကယ် ဆက်သွယ်မေးမြန်းဆောင်ရွက်ရမည့်  ဌာနနှင့် ပုဂ္ဂိုလ်များကို သိရှိသော်လည်း လမ်းညွှန်ပေးမှု မရှိခြင်းနှင့် အခြားအလုပ်များနှင့် သတင်းပြန်ကြားရေးတာဝန် ပူးတွဲထမ်းဆောင်ရသဖြင့် စိတ်ရှည်သည်းခံမှု နည်းပါးခြင်းတို့ကြောင့် သတင်းမီဒီယာသမားများအနေဖြင့် ရရှိထားသော သတင်းအစအနများကိုသာ အခြေခံပြီးရေးသား ထုတ်ပြန်ကြသဖြင့် သတင်းမှားများနှင့် သတင်းလွဲများ ဖြစ်ကြရသည့် သာဓကများစွာ ဖြစ်ပေါ်ခဲ့သည်။
သတင်းမှန်များ မရခဲ့၊ သတင်းစီးဆင်းမှုနှေးကွေးခဲ့
ဝန်ကြီးဌာနများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် သတင်းမီဒီယာသမားများအကြား ဆက်ဆံရေးနှင့် သတင်း လုပ်ငန်း ဆောင်ရွက်ကြမှုအပိုင်းတွင် မတူညီသော  အမြင်များ၊ မိမိကိုယ်ကိုကာကွယ်မှု ရှေ့တန်း တင်ခြင်းနှင့် သတင်းရလိုမှုကိုသာ ဦးစားပေးကြခြင်းတို့ကြောင့် သတင်းမှန်ရရှိမှုနည်းပါးပြီး သတင်းစီးဆင်း မှုနှေးကွေး ခဲ့ပါသည်။ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများကို ရွေးချယ် ကြရာတွင်လည်း မီဒီယာများနှင့် ထိစပ် ကျွမ်းကျင်သူ မဖြစ်ခြင်း။ မီဒီယာနယ်ပယ်၏ အသုံးဝင်မှု သဘောသဘာဝများအား နားလည်တတ်ကျွမ်းသူများ မဟုတ်ခြင်းနှင့် မီဒီယာနှင့် ထိတွေ့ဆက်ဆံရခြင်းကို ဒုက္ခတစ်ရပ် အပိုတာဝန်တစ်ရပ်အဖြစ် ရှုမြင်သူများကို ရွေးချယ် ထားပါက အစိုးရဝန်ကြီးဌာနများ၏ သတင်းစီးဆင်းမှုနှင့် သတင်းမှန်ပျံ့နှံ့မှုမှာ ခက်ခဲနေဦး မည်ဖြစ်ပါသည်။
အစိုးရအပေါ် ပြည်သူများ၏ ယုံကြည်မှု ပိုမိုထွန်းကားလာမှသာ ပြည်သူများက  အစိုးရက ဖော်ဆောင်သည့် အစီအမံများအပေါ် အားကြိုးမာန်တက် ပူးပေါင်းပါဝင်လာကြမည်ဖြစ်သည်။ ပြည်သူများက အစိုးရအပေါ် ယုံကည်မှု ဖြစ်ထွန်းရေးမှာ အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများအတွက် အနာဂတ်မျှော်မှန်းချက် များကို အချိန်ကိုက်အခါကိုက် ချပြထုတ်ပြန်ရေးသည် အဓိကအခန်းကဏ္ဍ တွင် ပါဝင်နေပါသည်။ အစိုးရတစ်ရပ်၏ အကိုင်းအခက်အလက်များဖြစ်သော ဝန်ကြီးဌာနများအနေဖြင့် ဝန်ကြီးဌာနတစ်ခုချင်းအလိုက် ပြည်သူများ သိရှိရန်လိုအပ်သော သတင်းအချက်အလက်များကို မီဒီယာများမှတစ်ဆင့် တင်ပြကြရ မည်ဖြစ်သည်။ ပြည်သူများ သိလိုသော သတင်းအချက်အလက်များကို သတင်းမီဒီယာများမှ ဝန်ကြီးဌာနများ၏ ပြောရေးဆိုခွင့် ရှိသူများထံ ဆက်သွယ်မေးမြန်ပြီး သတင်းပြုလုပ်ခြင်းဖြင့် အစိုးရတစ်ရပ်၏ ပြည်သူကို မျက်နှာမူမှု ရှေးရှုမှုတို့ကို အထင်အရှား မြင်တွေ့သိနိုင်စေပါသည်။
ဆက်ဆံရေးဝေးသထက်ဝေးလျှင် ...
ပြောရေးဆိုခွင့်ရှိသူများကို ဖွဲ့စည်းတာဝန်ပေးကြရာတွင် အရေးကြီးဆုံးသော အချက်မှာ ပြောရေးဆိုခွင့် ရှိသူများအား မည်မျှသော အတိုင်းအတာအထိ ပြောခွင့်ပေးထားမည်နည်းဆိုသည့် သတ်မှတ်ချက်မူ ဝါဒပင်ဖြစ်သည်။ အဆိုပါ မူဝါဒ ချမှတ်ထားခြင်းမရှိပါက ပြောရေးဆိုခွင့်ရှိသူများသည် နာမည်သာရှိပြီး မပြောရဲ မဆိုရဲဖြစ်ကာ မီဒီယာများနှင့်  ဆက်ဆံရေးဝေးသထက်ဝေးပြီး ဝန်ကြီး ဌာန၏ပုံရိပ်နှင့် အစိုးရ၏ပုံရိပ် ကျဆင်း စေမည်သာဖြစ်ပါသည်။ ပြောရေးဆိုခွင့်ရှိသူများအနေဖြင့် မီဒီယာကို ကြောက်ရွံ့ရန် မလိုဘဲ ဝန်ကြီးဌာနများ၏ မူဝါဒနှင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို စဉ်ဆက်မပြတ်သိရှိရန် လေ့လာထားရမည်ဖြစ်သည်။
ထို့ပြင် မီဒီယာများနှင့်ဆက်ဆံရာတွင် မီဒီယာသမားများ လိုက်နာ ကျင့်သုံးရသည့် ဥပဒေများနှင့် ကျင့်ဝတ် စည်းကမ်းများကိုလည်း နှံ့စပ်ကျွမ်းကျင်စွာ သိရှိထားသူဖြစ်ရပါမည်။ မီဒီယာများနှင့် ဆက်ဆံထိစပ်သည့် ပုံစံအမျိုး မျိုးကိုလည်း နားလည်ကြရမှာဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုများတွင် ပြောဆိုသုံးစွဲသည့် အသုံးအနှုန်း၊ လေယူလေသိမ်း၊ မျက်နှာအနေအထားနှင့် မီဒီယာသမား များအတွက် အချိန်ပေးမှုများကို မိမိကိုယ်တိုင် သော်လည်းကောင်း၊ အခြေ အနေအမျိုးမျိုးအပေါ်သော်လည်းကောင်း စီမံခန့်ခွဲဆုံးဖြတ်နိုင်သူဖြစ်ရပါမည်။

ပြောရေးဆိုခွင့်မူဘောင်
တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပြောရေးဆိုခွင့်မူဘောင်အတွင်း မှန်မှန်ကန်ကန် ရပ်တည်နိုင် ရေးအတွက် မိမိကိုယ်တိုင် သတင်းအချက်အလက် သိပိုင်ခွင့် သိရှိခွင့်များကို ရှာဖွေတည်ဆောက် နိုင်သူဖြစ်ရပါမည်။ မီဒီယာနှင့် ဆက်စပ်ပတ်သက်သည့် ခေတ်သစ်နည်းပညာများနှင့်  မီဒီယာများ၏ သဘောသဘာဝများကို နည်းလည်သူ စိတ်ဝင်စားသူများကို ပြောရေးဆိုခွင့်ရှိသူများအဖြစ် တာယန်ပေးမှသာ သတင်းစီးဆင်းမှု မြန်ဆန်သွက်လက်လာမည်ဖြစ်ပါသည်။
ပြောရေးဆိုခွင့်ရှိသူများအနဖြင့် သတင်းမီဒီယာသမားများအပေါ် ရန်သူလိုသဘောထားသူ မဖြစ်စေရေးမှာ လည်း  အဓိကအချက်တစ်ချက်ဖြစ်ပါသည်။ သတင်းမီဒီယာသမားများအတွက် အချိန်ပေးပြီး ဆွေးနွေး ဖြေရှင်းနိုင်မှုသည် မိမိတို့ ဝန်ကြီးဌာန၏ အရေးကြီးဆုံးလုပ်ငန်းတာဝန်ကို ထမ်းဆောင်နေသည် ဟု သဘော မှတ်ယူနိုင်သူများ ဖြစ်သင့်ပါသည်။ သတင်းမီဒီယာသမားများနှင့် ဆက်သွယ်ဆက်ဆံရာတွင်လည်း ဆက်ဆံ ပြောဆိုသည် ပုံစံနည်းလမ်းတစ်ခုထဲကို အသုံးပြုခြင်းမျိုးမဟုတ်ဘဲ ဆက်သွယ်နိုင်သည့် နည်းလမ်းမျိုးစုံကို ကြည်သာရွှင်ပြစွာ အသုံးချဆောင်ရွက်နိုင်သည့် ပြောရေးဆိုခွင့်ရှိသူများ ဖြစ်သင့်ပါသည်။
စိတ်အားထက်သန်သူ
အင်တာနက်၊ တယ်လီဖုန်း၊ လူချင်းတိုက်ရိုက်ဖြေကြားပြောဆိုခြင်းနှင့် မီဒီယာနယ်ပယ်အသီးသီး၏ သတ်မှတ် ချက်နှင့် ကျင့်ဝတ်စည်းကမ်းများကို အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိတည်ဆောက်ရန် စိတ်အား ထက်သန်သည့် ပြောရေးဆိုခွင့် ရှိသူများဖြစ်သင့်ပါသည်။ မီဒီယာများနှင့် ဆက်သွယ်ဆက်ဆံရာတွင်လည်း  ပုံမှန်ဆက်ဆံမှု၊ အရေးပေါ်အခြေအနေနှင့် အခါအားလျော်စွာ ဆက်ဆံမှုများကို ခွဲခြားနားလည် သတ်မှတ်ပြီး မိမိတို့ဝန်ကြီးဌာနအလိုက် ထုတ်ပြန်ပြောဆိုမှုများကို မီဒီယာများမှ အလွယ်တကူ နားလည်းသဘော ပေါက်ပြီး ပြည်သူများကပါ အချိန်တိုအတွင်း သိရှိလာစေရေး စီမံချက်ချမှတ်ဖော်ဆောင်ကြ ရမည်ဖြစ်ပါသည်။
ပြောရေးဆိုခွင့်ရှိသူများသည် မိမိတို့ပြောချင်သည်များကိုသာ ပြောဆိုရန်တာဝန်ရှိသူသည်မဟုတ်ဘဲ အများပြည် သူများ၏ အသံနှင့် လိုအပ်ချက် တောင်းဆိုချက်များကိုပါ နားထောင်ပြီး မိမိတို့ဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းတင်ပြရမည့်  အကြောင်းအရာများကို အချိန်မဆိုင်း မီဒီယာများမှတစ်ဆင့် ပြောဆိုထုတ်ပြန် ကြရမည်ဖြစ်ပါသည်။
ဘယ်လောက်ပြောရေးဆိုခွင့်ရှိသလဲ စောင့်ကြည့်နေကြသည်
အစိုးရအနေဖြင့် ပြည်သူတို့၏ မျှော်လင့်ချက်နှင့် ယုံကြည်မှုများကို အလေးအနက်တန်ဖိုးထားဖြေရှင်းခြင်းနှင့် အချိန်နှင့်တစ်ပြေးညီ ဝန်ကြီးဌာနများ၏ လုပ်ငန်းစသ်များ မျှော်မှန်းချက်များ၊ စီမံကိန်းများ ရလဒ်များနှင့် ပြည်သူများနှင့် တိုက်ရိုက်ဆက်စပ်ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ဖြေကြားရှင်းလင်း ပေးရမည်ဖြစ်ပါသည်။ အဆိုပါတာဝန်များသည် ဝန်ကြီးဌာနတိုင်း၏ ပြောရေး ဆိုခွင့်ရှိသူများအပေါ်တွင် ရာနှုန်းပြည့်သက်ရောက်နေပြီဟု ပြည်သူများနှင့် သတင်းမီဒီယာများက နားလည်နေကြပြီဖြစ်ပါသည်။

ထိုသို့ ကြီးမားလွန်းလှသည့် တာဝန်ဝတ္တရားများကို လက်ခံရရှိထားသော ဝန်ကြီးဌာနအလိုက် ပြောရေးဆို ခွင့်ရှိသူများအနေဖြင့် မည်သည့်အတိုင်းအတာ အထိ ပြောရေးဆိုခွင့်ရနိုင်ပြီး ပြောရေးဆိုခွင့်ရှိနိုင်ပြီဆိုသည်မှာ ပြည်သူများက စောင့်ကြည့်နေကြမည်ဖြစ်ပါသည်။ ပြောဆိုနိုင်ခွင့်ရှိသူ၊ ပြောဆိုနိုင်သည့် အနေ အထားရရှိသူ၊ အချိန်အခါကိုက် ရှင်းလင်းပြောဆိုနိုင်သူ၊ မှန်ကန်သည့် သတင်း အချက်အလက် များနှင့် ပြည်သူများ သိသင့်သည့် သတင်းများကို အချိန်အခါ မရွေး ရှင်းလင်းဖြေကြားပေးနိုင်သည့် ဝန်ကြီးဌာနအလိုက် ပြောရေးဆို ခွင့်ရှိသူ များသည် မီဒီယာမျက်နှာစာများမှတစ်ဆင့် ပြည်သူများ၏ အသိထဲ ရင်ထဲသို့ရောက်ရှိပြီး အားကိုး ယုံကြည်လာကြမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

No comments:

Post a Comment