Thursday, May 26, 2016

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့ကျင်းပ


နေပြည်တော် မေ  ၂၆



ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ပျက်စီးသွားသော ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ် ဆက်သွယ် ဖောက်လုပ်ထားသည့် ဖီမော်၊ ကန်းဖန့်၊ လန်ဆယ် ဒေသ ဖွံ့ဖြိုးရေးလမ်းမကြီး အမြန်ဆောင်ရွက်ပေးနိုင်ပါရန် အဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ချီဖွေမြို့နှင့် ဆော့လော်မြို့နယ်ကြား ဖီမော်-ကန်းဖန့်-လာအိုလော်-သုံးချောင်းဆုံ- ရှီးရှီးဒူးခူး-လန်ဆယ် ကြားလမ်းသည် ကချင်အထူး ဒေသ(၁) ငြိမ်းချမ်းရေးအဖွဲ့မှ ဒေသအစီ အစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းများဖြစ် ကြောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးပြီး ခန့်မှန်းကုန်ကျစရိတ်ရရှိပါက ၂၀၁၆-၂၀၁၇ ပြည်ထောင်စုရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး တင်ပြတောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ဒုတိယအဆိုဖြစ်သည့် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီက ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ယခုအထိ အဆက်မပြတ်ရွာ သွန်းနေသော မိုးကြောင့် နေအိမ်များပြိုပျက်ခြင်း၊ မြေပြိုမှုကြောင့် စိုက်ပျိုးမြေများနှင့် သီးနှံများပျက်စီး ဆုံးရှုံးရခြင်း၊ ခရီးလမ်းပန်း အဆက်အသွယ် ပြတ်တောက်ခြင်းနှင့် မိုးကြိုးကြောင့် ဆက်သွယ်ရေးကိရိယာများ ပျက်စီးခြင်းတို့ကြောင့် ခေါင်လန်ဖူးမြို့နယ်ရှိ အစိုးရ၀န်ထမ်း၊ မြို့နယ်သူ၊ မြို့နယ်သားများ စားနပ်ရိက္ခာဆိုးဝါးစွာ ပြတ်တောက်မှုနှင့် နေထိုင်ရေးပြဿနာများကို ဆောလျင်စွာ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရနှင့် ကချင်ပြည်နယ်အစိုးရတို့အား တိုက်တွန်း ကြောင်း အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးသုံးဦးက ပြန်လည်ရှင်းလင်းပြောကြား ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ခေါင်လန်ဖူးမြို့နယ်နှင့် နောင်မွန်းမြို့နယ် အကြား တောင်ပြိုမြေပြိုကျမှုကို ဖယ်ရှားခဲ့ပြီး သွားလာမှုမပြတ်စေရေးအတွက် ယာယီ ၀ါးတံတား(၁)စင်းကို အစားထိုးတည်ဆောက်ပြီးဖြစ်ကြောင်း၊ အဆိုပါကြိုးတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးခဲ့ပြီး ယခင် ကချင်အထူးဒေသ(၁) ငြိမ်းချမ်း ရေးအဖွဲ့မှ ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် လမ်းများပေါ် တွင်ရှိပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ကျခံသုံးစွဲနိုင်ရေး ရန်ပုံငွေတင်ပြ တောင်းခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
 ခေါင်လန်ဖူး-ညီတာဒီးလမ်းနှင့် ခေါင်လန်ဖူး-ဆရမ်ဖားရွာကြားရှိ တံတား(၅)စင်း ကို ယာယီဝါးတံတားအဖြစ် သွားလာမှုမပြတ်တောက်စေရေး ပြန်လည်အစားထိုး တည်ဆောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ သစ်သားတံတား (၅)စင်းကို ပွင့်လင်းရာသီအချိန်တွင် အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ပစ္စည်းများကြိုတင် စုဆောင်းလျက် ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ချီဖွေမြို့နယ်၊ ဆော့လော်မြို့ နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လူနေအိမ်ခြေနှင့် လမ်းတံတား အချို့ပျက်စီးခဲ့သော်လည်း မိုးရာသီ တွင် စားနပ်ရိက္ခာပြတ်တောက်မှု မရှိစေရေးအတွက် ဌာနဆိုင်ရာများမှ ပျက်စီးသွား သည့် လမ်း၊ တံတားများကို အမြန်ဆုံးပြုပြင်ခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးခြင်း တို့ကို ဆောင်ရွက် လျက်ရှိပါကြောင်း။
ထို့ပြင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အစီအစဉ်ဖြင့်လည်း စားနပ်ရိက္ခာများအား တပ်မတော် ရဟတ် ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှလည်း ၂၀၁၆ ခုနှစ် မိုးတွင်းရိက္ခာ ဆန်ဖူလုံရေးအတွက် မေလနောက်ဆုံး ပတ်အတွင်း မြစ်ကြီးနားမှ ပူတာအိုသို့ တပ်မတော်လေယာဉ်ဖြင့် ဆန်အိတ်(၂၀၀၀) အား သယ်ယူရန်စီစဉ်ထားကြောင်း၊ ၎င်းဆန်အိတ်များကို တပ်မတော်ရဟတ်ယာဉ်ဖြင့် ခေါင်လန် ဖူးမြို့နယ်သို့ ဆက်လက်ပို့ဆောင်ရန် စီစဉ်ထားပါကြောင်း၊ ချီထုဖန်ကျေးရွာ အုပ်စုမှ ကျေးရွာများ ပျက်စီးဆုံးရှုံးမှုများကို မြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ် တားဆီးရေးအဖွဲ့မှကွင်းဆင်း၍ စာရင်းကောက် ယူရေး ဆောင်ရွက်လျက်ရှိပြီး ပြန်လည် ထူထောင်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တင်ပြဆောင်ရွက် သွားမည် ဖြစ်ကြောင်း။
ပျက်စီးသွားသည့် လမ်း၊ တံတားများကို အမြန်ဆုံးပြုပြင်နိုင်ရေး၊ လမ်းလုံခြုံရေး နှင့်ပတ်သက်၍ နယ်မြေအခြေ အနေအရ ကချင်အထူးဒေသ(၁)မှ လုံခြုံရေးဆောင်ရွက် ပေးလျက်ရှိပြီး ရဲတပ်ဖွဲ့အနေဖြင့် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်များတွင် နယ်မြေခံတပ်များနှင့် ပူးပေါင်း၍ လုံခြုံရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲနေစဉ်အတွင်း ရဲတပ်ဖွဲ့အနေဖြင့် လမ်းပန်းဆက် သွယ်ရေးခက်ခဲမှုနှင့် သဘာဝဘေး အန္တရာယ်ကို အကြောင်းပြုပြီး မှုခင်းများမဖြစ်စေရေး၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဆော့လော်မြို့နယ် လာချင်ကျေးရွာ အုပ်စုနှင့် ကျေးရွာ(၈)ရွာရှိ ရေဘေးသင့်ပြည်သူ များအတွက် ပစ္စည်းနှင့်ငွေကျပ် သိန်းတစ်ရာ့ရှစ်ဆယ် ခြောက်သောင်းကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ အလားတူ လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် (၇)ပေသွပ် အချပ်(၁၀၀၀၀) ထောက်ပံ့ပေးပြီးဖြစ်ကြောင်း၊ ထို့ပြင် ခေါင်လန်ဖူးမြို့နယ်ရှိ ဒေသခံ ပြည်သူ(၁၁၉၀၀)ကျော်အတွက် ငွေကျပ်ငါးရာသုံးဆယ့်ရှစ်သိန်းကျော် ပေးပို့ထောက်ပံ့ ပေးပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ရာ ယင်းအဆိုကို  မှတ်တမ်းတင်ထားရှိရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သည်။
ယနေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ဦးလုံဂျုံဆန်မိုင် မေးမြန်းသည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်း၊ ပူတာအိုလမ်းကို ကျောက်ခမ်းလမ်းအဖြစ် နိုင်ငံတော်အစိုးရက အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးသင့်ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စု၊ ပြည်နယ် ရန်ပုံငွေဖြင့်  ကတ္တရာလမ်း သစ်ခင်းခြင်း  တောင်နံရံချဲ့ခြင်း၊ အမာခံလမ်းခင်းခြင်း၊ ကတ္တရာလမ်းချဲ့ခြင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ India  Exim  Bank ချေးငွေနှင့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုလမ်း လမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရန်အတွက် ကနဦးလေ့လာမှု ဆောင်ရွက်နေပြီဖြစ်ပါကြောင်း ဖြေကြားသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကံမမြို့နယ် မဒေးချောင်း မီးရထားလမ်းကူးတံတား ပျက်စီးမှုအား ပြန်လည်ပြုပြင်ရန် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကြံခင်း-ပခုက္ကူရထားလမ်း ဖောက်လုပ် ရေးစီမံကိန်းအတွက် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့်ခွင့်ပြုထားသော လုပ်ငန်း များမှ လုပ်ငန်းခေါင်းစဉ်လွှဲပြောင်းပြီး ဘဏ္ဍာငွေကျခံသုံးစွဲ၍ ပြုပြင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်မေးမြန်းသည့် မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြား သည်။
ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်အေဇင်လတ်၏ ရွှေဘိုမြို့တွင် မြို့ရှောင်ကွင်း လမ်းဖောက်လုပ်ပေးရန် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရွှေဘိုမြို့ရှောင်လမ်း ဆောင်ရွက်ရန်အတွက် လမ်းအူ ကြောင်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ကျွမ်းကျင်အဖွဲ့များစေလွှတ်ပြီး မြေပြင် တွင် အသေးစိတ်တိုင်းတာသွားမည်ဖြစ်ကြောင်း၊ တိုင်းတာမှုအရ အားနည်းချက်၊ အားသာချက်များကို စိစစ်၍  လမ်းအူကြောင်းကို ပြန်လည်ရွေးချယ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ် ကြောင်း ဖြေကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းမေးမြန်းသည့် ရခိုင်ပြည်နယ် မင်းပြား-မြေပုံလမ်းအား ကတ္တရာလမ်းခင်းမည့်အစီအစဉ်၊ ကြပ်စင်မြစ်ကူး တံတားဆောက်လုပ်မည့် အစီအစဉ်နှင့် ပြီးဆုံးနိုင်မည့် ခုနှစ်တို့ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြေပုံ-မင်းပြား လမ်းသည် ၂၄ မိုင် ၇ ဖာလုံ ရှည်လျားပြီး ပြည်နယ်အစိုးရမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းဖြင့် ကတ္တရာလမ်း ခင်းခြင်း၊ ဗြုံးကျောက်ခင်းခြင်း၊ မြေသား တာပေါင်တင်ခြင်း၊ တံတားနှင့် ရေပြွန် တည်ဆောက်ခြင်း၊ သစ်သားတံတားကြမ်းခင်းလဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လျာထားကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ပြီးပါက ၂၀၁၆-၂၀၁၇ တွင် ကတ္တရာလမ်း အဆင့် ၆ မိုင် ၃ ဖာလုံ၊ ကျောက်လမ်းအဆင့် ၁၈ မိုင် ၄ ဖာလုံ ရောက်ရှိမည် ဖြစ်ကြောင်း၊ ကတ္တရာလမ်းအဆင့် ရောက်ရှိရေးအတွက် နှစ်အလိုက် ရန်ပုံငွေတင်ပြပြီး ရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားသည်။



No comments:

Post a Comment